www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 23, 2015

ကျန်းမာရေးနှင့် ညီညွတ်သော တိမ်မြုပ်နေသည့် မြန်မာ့ရိုးရာမုန့်များကို ပြန်လည်ဖော်ထုတ်ပေးမည့် မုန့်တိုက်ပွဲ လှုပ်ရှားမှု ကျင်းပမည်


တောင်တွင်းကြီး ၊ ၂၃-၁၁-၂၀၁၅

ဓာတုဆိုးဆေး ပါပြီး စားသုံးရန် မသင့်သော မုန့်များကို တိုက်ပွဲတစ်ခု အသွင်ဖြင့် ဆန့်ကျင်ပြီး ကျန်းမာရေး နှင့် ညီညွတ်သော တိမ်မြုပ်နေသည့် မြန်မာ့ရိုးရာ မုန့်များကို ပြန်လည် ဖော်ထုတ်ပေးမည့် မုန့်တိုက်ပွဲ လှုပ်ရှားမှုကို မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့၌ နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မုန့်တိုက်ပွဲကို တောင်တွင်းကြီးမြို့ ဒေသခံများက တန်ဆောင်တိုင် မီးထွန်းပွဲနှင့် အတူ ကျင်းပလေ့ရှိပြီး ယခုနှစ်သည် တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်တွင် ဝါးဖြင့် ပြုလုပ်ထားသော ယာယီတဲများ တည်ဆောက်၍ တဲတစ်လုံးတွင် မြန်မာမုန့် နှစ်မျိုး ထည့်သွင်း ကျွေးမွေးမည် ဖြစ်ပြီး စုစုပေါင်း တဲ ၁၅ လုံးတွင် မြန်မာမုန့် အမျိုးပေါင်း ၃ဝ ပါဝင် ထည့်သွင်း ကျွေးမွေး သွားမည် ဖြစ်သည်။ ထိုသို့ ကျွေးမွေးနိုင်ရန် မုန့်တိုက်ပွဲ လှုပ်ရှားသူများ အဖွဲ့အား မုန့်တစ်မျိုးလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် လှူဒါန်း နိုင်ပြီး ယခုအချိန်ထိ မုန့်တဲ ၁ဝ ခုစာ အလှူငွေ ကျပ် ၁ဝ သိန်း လက်ခံ ရရှိပြီးပြီ ဖြစ်ကြောင်း သိရသည်။

''အဓိက ကတော့ ကလေးတွေကို မြန်မာ့ရိုးရာ မုန့်တွေနဲ့ ရင်းနှီးလာအောင်၊ ကြိုက်တတ် လာအောင် ကြိုးစားတာပါ။ တန်ဆောင်တိုင် လပြည့်နေ့ တိုင်းကို နိဗ္ဗာန်ဈေး ပွဲတော် (စတုဒိသာ ကျွေးပွဲ) ခင်းပြီး ကလေးတွေကို အာဟာရဒါန ပြုကြတာပါ။ ဓာတုဆိုးဆေး တွေပါတဲ့ မစားသင့် တဲ့မုန့်တွေ အစား အခုလို မြန်မာ့ရိုးရာ မုန့်တွေကို ကလေးတွေ စားလာရင် ကလေးတွေ သက်တမ်းစေ့ နေနိုင်ဖို့ အထောက်အကူ ဖြစ်မယ်လို့ ယူဆပါတယ်'' ဟု မုန့်တိုက်ပွဲ လှုပ်ရှားမှုတွင် ပါဝင်စီစဉ်သူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger