Pages

Thursday, November 12, 2015

အများပိုင် ဘတ်စ်ကားလိုင်း ရှယ်ယာကျပ်သိန်း ၃ဝဝဝ ကျော် ရောင်းချပြီးဖြစ်


ရန်ကုန် ၊ ၁၂-၁၁-၂ဝ၁၅

ရန်ကုန်မြို့၌ မကြာမီ စတင်မည့် အများပိုင် ဘတ်စ်ကားလိုင်း ပေါ်ပေါက်ရေး အတွက် အများပြည်သူအား ရှယ်ယာများ စတင် ရောင်းချလျက်ရှိရာ လက်ရှိတွင် ကျပ်သိန်း ၃ဝဝဝ ကျော် ရောင်းချပြီး ဖြစ်ကြောင်း ဦးစီး ဆောင်ရွက်နေသူ ဒေါက်တာ မောင်အောင် က ပြောသည်။

အများပိုင် ဘတ်စ်ကားလိုင်း အတွက် အများ ပြည်သူအား ရှယ်ယာများ ရောင်းချခြင်း ကို နိုဝင်ဘာ ၃ ရက်က စတင်ရောင်းချ ခဲ့ပြီး နိုဝင်ဘာ ၁ဝ ရက်အထိ လူဦးရေ ၃ဝဝဝ ကျော်ကို စတင်ရောင်းချ ထားရာ ကျပ်သိန်း ၃ဝဝဝ ကျော်အထိ ရောင်းချထားပြီး ဖြစ်သည်။

အဆိုပါ ရှယ်ယာများ ရောင်းချခြင်းကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ အထိ ရောင်းချသွားရန် စီစဉ်ထားပြီး ရှယ်ယာများ ဝယ်ယူရာတွင် လက်ရှိ ရန်ကုန်မြို့၌ ဘတ်စ်ကား ပိုင်ရှင်များမှ အများဆုံး စိတ်ဝင်တစား ဝယ်ယူကြကာ တချို့ စီးပွားရေး လုပ်ငန်းရှင်များ ကလည်း ဝယ်ယူကြကြောင်း သိရသည်။

ရန်ကုန် ခရီးသည်တင်ယာဉ် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာကို နိုင်ငံတော် အစိုးရမှ ၁ဝ ဘီလီယံ၊ အများပြည်သူမှ ၁၅ ဘီလီယံ စုစုပေါင်း ၂၅ ဘီလီယံဖြင့် အများပိုင် ဘတ်စ်ကားလိုင်း စတင်မည် ဖြစ်ကြောင်း သိရသည်။ ကနဦး အနေဖြင့် ဒီဇင်ဘာလတွင် အဆင့်မြင့် ဘတ်စ်ကား ၆၅ စီး စတင် ရောက်ရှိမည် ဖြစ်ကာ ယင်းကားများဖြင့် သတ်မှတ် လမ်းကြောင်းများ၌ စတင် ပြေးဆွဲရန် ရည်ရွယ် ထားကြောင်း သိရသည်။

အများပိုင် ဘတ်စ်ကားလိုင်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကို လစာပေး စနစ်ဖြင့် ခန့်ထားမည် ဖြစ်ပြီး ကနဦး စမ်းသပ် လမ်းကြောင်းများ အဖြစ် ပြည်လမ်းနှင့် ကမ္ဘာ့အေး ဘုရားလမ်း တို့၌ စတင်မည် ဖြစ်သည်။ 

နောက်ပိုင်းတွင် လမ်းကြောင်း အသစ်များ အဖြစ် ရှစ်မိုင်မှ လှိုင်သာယာ၊ ဒဂုံတက္ကသိုလ် မှ ပါရမီလမ်း၊ သီလဝါ အထူးစီးပွားရေး ဇုန်မှ ဗိုလ်တထောင် ဘုရားလမ်း အထိ ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment