www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 30, 2014

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ် ၌ မြူထူထပ်မှုကြောင့် ယာဉ်မတော်တဆ ဖြစ်လေ့ရှိသည့် အဓိက နေရာများ၌ ၂၄ နာရီရပ်ကင်း တာဝန်ချထား ဆောင်ရွက်မည်



နေပြည်တော် ၊ ၃၀-၁၁-၂၀၁၄

ရန်ကုန် - မန္တလေး အမြန်လမ်းမ ကြီးပေါ်၌ မြူထူထပ် မှုကြောင့် ယာဉ်မတော်တဆ ဖြစ်လေ့ရှိသည့် အဓိကနေရာ ငါးနေရာ၌ အန္တရာယ် ကင်းရှင်းရေး အတွက် ၂၄ နာရီ ရပ်ကင်းထားရှိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။

ဆောင်းရာသီ ကာလတွင် အမြန်လမ်း ပေါ်၌ ၅ဝ ရာခိုင်နှုန်းခန့် မြူထူထပ် မှုကြောင့် မြင်ကွင်း ပိတ်လေ့ရှိသဖြင့် နံနက် ၃ နာရီမှ နံနက် ၆ နာရီအထိ အဓိကနေရာ ငါးနေရာ၌ ရပ်ကင်း အချိန်ပြည့် ဆောင်ရွက်မည် ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် များတွင်လည်း Highway Police စာတန်းပါသည့် ရောင်ပြန်များကို ဝတ်ဆင်ထားကာ တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဓိက ဆောင်ရွက်ရမည့် နေရာ ငါးနေရာမှာ တံတား အတက်အဆင်း နေရာများ၊ ဆောက်လုပ်ရေး မှလမ်းပြင်သည့် နေရာများ၊ ကျေးရွာရှိသော နေရာများ၌ ကျွဲ၊ နွား ဖြတ်သန်းမှုများ ရှိသည့် နေရာများ ၊ ကွေ့ကြီးသော နေရာများနှင့် လမ်းဆုံနေရာများ ဖြစ်ပြီး ယခုရက်ပိုင်းမှ စ၍ ဆောင်ရွက် သွားမည် ဖြစ်သည်။

လက်ရှိတွင် ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်း တစ်လျှောက် ရဲတပ်ဖွဲ့ဝင် အင်အား ၆ဝဝ ဖြင့် ဆောင်ရွက်လျက် ရှိပြီး ရဲစခန်း အသစ်များ အပါအဝင် ရဲစခန်းပေါင်း ၁၅ ခုဖြင့် ဆောင်ရွက် နေကြောင်း သိရသည်။ ထို့အပြင် အမြန်လမ်း တစ်လျှောက် အလျင်အမြန် သွားလာတာဝန် ထမ်းဆောင်နိုင်ရန် ကားအစီး ၅ဝ၊ ဆိုင်ကယ် အစီး ၁ဝဝ ဖြင့် ဆောင်ရွက်လျက် ရှိသည်။

အမြန်လမ်း၌ ၂ဝ၁၃ ခုနှစ်က နေ့စဉ် ယာဉ်စီးရေ ၈ဝဝဝ ကျော်သာ သွားလာခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် နေ့စဉ် ယာဉ်အစီးရေ ၁၃ဝဝဝ ကျော် သွားလာလျက် ရှိသည်။

ရန်ကုန် - မန္တလေး အမြန်လမ်း၌ ၂ဝ၁၂ ခုနှစ်အတွင်း ယာဉ် မတော်တဆမှု ၁ဝ၃ မှု၊ သေဆုံးသူ ၅၇ ဦး နှင့် ဒဏ်ရာရသူ ၁၈၆ ဦးရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ယာဉ် မတော်တဆမှု ၂၅၉ မှု၊ သေဆုံးသူ ၁၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၆၂၂ ဦးရှိခဲ့သည်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ယာဉ် မတော်တဆမှု ၃၆၂ မှု၊ သေဆုံးသူ ၁၂၈ ဦး၊ ဒဏ်ရာရရှိသူ ၇၂၇ ဦးရှိ ခဲ့ကြောင်း သိရသည်။(၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

ထင်ရှားသော တောင်တမန်အင်း အတွင်း ရေထုညစ်ညမ်းမှုကြောင့် ရေချိုငါးမျိုးစိတ်များ လျော့နည်းလာ



မန္တလေး ၊ ၃၀-၁၁-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်ရှိ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက် လေ့လာမှု များပြားသော တောင်သမန်အင်း အတွင်း ရေထု ညစ်ညမ်းမှုကြောင့် ရေချိုငါးမျိုးစိတ်များ လျော့နည်း လာကြောင်း ရတနာပုံ တက္ကသိုလ် သတ္တဗေဒ ဌာနမှ တောင်သမန်အင်း လေ့လာမှု ပြုလုပ်နေသော ပါမောက္ခ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ တောင်တမန်အင်း အတွင်းသို့ အဓိက ရေစီးဝင်နေသည့် ပရံတော်ချောင်း အတွင်း၌ စက်ရုံများမှ စွန့်ပစ်သော ရေဆိုး ရေညစ်များ၊ အင်းအတွင်း အမှိုက် စွန့်ပစ်မှုများ နှင့် ငါးရှော့ခ်တိုက် ဖမ်းဆီးခြင်း များကြောင့် ရေထု ညစ်ညမ်းမှုများ ရှိလာပြီး သဘာဝ ရေချိုငါးများ လျော့နည်း လာခြင်း ဖြစ်ကြောင်း၊ ထို့အပြင် တောင်သမန်အင်း အတွင်း ရေမျောကောင် များလည်း လျော့နည်း လာသောကြောင့် ၄င်းတို့ကို ကြည့်ခြင်း အားဖြင့် ရေထု သန့်ရှင်းမှု မရှိသည်ကို ပြသနေကြောင်း သိရသည်။

ယင်း တောင်သမန်အင်း အား ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင် နေသော်လည်း တစ်ဖက်တွင် ယင်းကဲ့သို့ ဖြစ်စဉ်များ ရှိနေရာ ထိရောက်သော အရေးယူမှု များနှင့် လိုအပ်သော အခြေအနေ တစ်ရပ်ကို လေ့လာစုံစမ်း နိုင်ရန် စီစဉ်ထားရှိမှု လိုအပ်ကြောင်း၊ အလားတူ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လာရောက်မှု များပြားသော တောင်သမန်အင်း အတွင်း အမှိုက် မစွန့်ပစ်ရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်း လုပ်ကိုင်သူများက အကြံပြု ထားကြောင်း သိရသည်။

ရတနာပုံ တက္ကသိုလ် သတ္တဗေဒဌာန မှ လေ့လာမှုများ အရ တောင်သမန်အင်း အတွင်းရှိ သဘာဝ ရေချိုငါးမျိုးစိတ် များမှာ ၂ဝ၁၃ ခုနှစ်တွင် မျိုးစိတ်ပေါင်း ၄၉ မျိုးရှိခဲ့ရာမှ ယခုနှစ်တွင် သဘာဝရေချို ငါးမျိုးစိတ်ပေါင်း ၂ဝ ခန့်သာ ကျန်ရှိတော့ကြောင်း၊ လက်ရှိတွင် တောင်သမန်အင်း အတွင်း ယခု လဆန်းပိုင်း မှစတင်ပြီး ဆောင်းခိုငှက်များ ရောက်ရှိ လာကြောင်း၊ ယခု အချိန်တွင် တောင်သမန်အင်း အတွင်း ရေလျော့ကျခြင်း မရှိသေးသော ကြောင့် ဆောင်းခိုငှက် အနည်းငယ်သာ လာရောက်ကြပြီး ပုံမှန်အားဖြင့် ဒီဇင်ဘာလဆန်း နှင့် လလယ်ပိုင်း များတွင် အများဆုံး လာရောက် ကြကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

အမေရိကန်လေကြောင်း လုပ်ငန်းနှစ်ခုက ရန်ကုန် နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဂြိုဟ်တု အခြေခံလမ်းကြောင်းပြစနစ် တပ်ဆင်ပေးမည်


မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်

ရန်ကုန် ၊ ၃၀-၁၁-၂၀၁၄

အမေရိကန် လေကြောင်း လုပ်ငန်းနှစ်ခု ဖြစ်သည့် Honeywell နှင့် Hughes တို့က ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေယာဉ် အတက်-အဆင်း လမ်းကြောင်းများ အတွက် လမ်းကြောင်း တိုတောင်းပြီး တိုက်ရိုက် လမ်းကြောင်းများဖြင့် အကျိုးရှိစွာ လေယာဉ် အတက်-အဆင်း ပြုလုပ်နိုင်မည့် PBN ခေါ် ဂြိုဟ်တု အခြေခံ လမ်းကြောင်းပြ စနစ်ကို တပ်ဆင်ပေးမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်း လုပ်ငန်းများ၏ ကြေညာချက် အရ သိရသည်။

ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တို့သည် မြန်မာနိုင်ငံ၏ အဓိက လေဆိပ်ကြီးများ ဖြစ်ပြီး တစ်နှစ်လျှင် ခရီးသွားဦးရေ သုံးသန်းခန့် အသုံးပြု နေသည့် လေဆိပ်များ ဖြစ်သည့်အပြင် ယခု ဆောင်ရွက်ချက် သည် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ လေဆိပ်များ အဆင့် မြှင့်တင်ရေး အတွက် ဆောင်ရွက်ချက် တစ်ခု ဖြစ်ကြောင်း သိရသည်။

''ဒီ PBV လေကြောင်း ပျံသန်းရေးစနစ် အသစ်က မြန်မာ့လေကြောင်း စနစ်ကို ပြောင်းလဲပေး မှာပါ။ ဘေးကင်းရုံတင် မကဘူး။ ရာသီဥတု အခြေအနေ မျိုးစုံမှာ လေယာဉ် တွေကို အတက်-အဆင်း လုပ်နိုင် စေမှာပါ။ အနာဂတ် အတွက် ခရီးသည်တွေ ပိုအားကိုး ယုံကြည်မှု ရရှိထားပြီး တိုးတက်စေမယ့် အခွင့်အရေး တွေကိုပါ ဖြစ်ထွန်း စေပါတယ် ... '' ဟု Hughes ကုမ္ပဏီ ဥက္ကဋ္ဌ ခရစ်(စ်)ဘော် က ပြောကြားခဲ့သည်။

အဆိုပါ ကုမ္ပဏီများ အနက် Honeywell မှာ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် အခြေစိုက် လေကြောင်း လုပ်ငန်းတစ်ခု ဖြစ်ပြီး Hughes ကုမ္ပဏီမှာ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် လေကြောင်းနှင့် ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်ရေး ကန်ထရိုက်တာ ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ပြန်လည်ရောက်ရှိ


နေပြည်တော်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသော မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းအား တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁၁-၂၀၁၄

ဗီယက်နမ်နိုင်ငံ တွင် ကျင်းပ ပြုလုပ်သော (၂၄)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်မှူးကြီး အောင်အောင်ဟိန်း ဦးဆောင်သော မြန်မာ့ တပ်မတော် သေနတ်ပစ် အသင်းသည် ယမန်နေ့ ညနေပိုင်းတွင် လေကြောင်း ခရီးဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့ တပ်မတော် သေနတ်ပစ် အသင်းမှ ပြိုင်ပွဲ အမျိုးအစား ငါးမျိုး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပစ္စတို အမျိုးသားပွဲစဉ် တွင် ငွေတံဆိပ် တစ်ခု၊ ပစ္စတို အမျိုးသမီး ပွဲစဉ်တွင် ရွှေတံဆိပ် တစ်ခု၊ ကာဘိုင် အမျိုးသား အသင်းလိုက် ပွဲစဉ်တွင် ငွေတံဆိပ်တစ်ခု၊ ကာဘိုင် အမျိုးသား တစ်ဦးချင်း ပွဲစဉ်တွင် ကြေးတံဆိပ် တစ်ခု၊ စက်သေနတ် ပွဲစဉ်တွင် ရွှေတံဆိပ် တစ်ခု စုစုပေါင်း ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် တစ်ခု ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၄ ရရှိခဲ့သည်။ 

အဆိုပါ မြန်မာ့ တပ်မတော် သေနတ်ပစ် အသင်းတွင် ပြိုင်ပွဲဝင် အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၅၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအား နိုဝင်ဘာ ၁၉ ရက်မှ ၂၈ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်


စီးပွားရေးလုပ်ငန်းရှင် အချို့ ကုန်ပစ္စည်းဖြန့်ချိရာ၌ ဌာနဆိုင်ရာ ၀န်ထမ်းများ ကြားခံ အသုံးချခံနေရ


မန္တလေး ၊ ၃၀-၁၁-၂၀၁၄

ဈေးကွက် စီးပွားရေး စနစ်ဆိုသည့် မူဝါဒတစ်ခုကို ကျင့်သုံး အကောင် အထည်ဖော် ဆောင်ရွက် နေကြသည့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ ထုတ်လုပ် တင်ပို့ရောင်းချ နေသည့် လူသုံးကုန် ပစ္စည်းများကို သုံးစွဲသူ ပြည်သူများ စိတ်ဝင်စား၍ ဈေးကွက်အတွင်း ကျယ်ကျယ် ပြန့်ပြန့် နေရာ ရရှိစေရန် ပစ္စည်းအပို ပေးခြင်း၊ လက်ငင်း ငွေသား ကံစမ်းမဲများ ထည့်သွင်းခြင်း၊ ကာလတစ်ခု သတ်မှတ်၍ မဲဖောက် ပေးခြင်းများဖြင့် သူ့ထက်ငါ အပြိုင်အဆိုင် ဈေးကွက်ကို ထိုးဖောက် ယှဉ်ပြိုင် နေကြသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါ စီးပွားရေး လုပ်ငန်းရှင် များသည် ၄င်းတို့ တင်သွင်း ထုတ်လုပ် ဖြန့်ချိသည့် ကုန်ပစ္စည်း များကို နည်း အမျိုးမျိုးဖြင့် သုံးစွဲသူ ပြည်သူများ၏ လက်ဝယ် ရောက်အောင် စွမ်းဆောင်ကြ ရာ၌ အချို့သော စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို အသုံးချ၍ ဈေးကွက်အတွင်း ဝင်ရောက် ထိုးဖောက်မှုများ ရှိနေကြ ကြောင်းလည်း သိရသည်။

ဆိုင်ကယ် တင်သွင်းသည့် ကုမ္ပဏီကြီး တစ်ခုက ဌာနဆိုင်ရာ ဝန်ထမ်းများ အဆင်ပြေ စေရေး ကူညီ ဆောင်ရွက်ပေး နေသည် ဆိုသည့် ခေါင်းစဉ်ဖြင့် တရုတ် နိုင်ငံထုတ် ဆိုင်ကယ်များကို တစ်နှစ်အတွင်း အရစ်ကျ ပေးသွင်းခြင်း စနစ်ဖြင့် ရောင်းချနေပြီး ဝန်ထမ်းတစ်ဦး အနေဖြင့် မိမိလက်ရှိ တာဝန် ထမ်းဆောင် နေသည့် သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦး၏ ထောက်ခံချက်၊ မိမိ နေထိုင်ရာ ဒေသမှ အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်၊ ရဲစခန်း ထောက်ခံချက် အာမခံ တစ်ဦး နှင့်အတူ ဝယ်ယူလိုသည့် ဆိုင်ကယ်၏ လက်ရှိ ရောင်းဈေး အပေါ် ငွေကျပ် ၁ဝဝ လျှင် ၅၅ ပြား အတိုးနှုန်းဖြင့် တစ်နှစ်စာ တိုးရင်းပေါင်း ကျသင့်ငွေ မှ ၃ဝ ရာခိုင်နှုန်း အရင် ပေးသွင်းမှသာ ဆိုင်ကယ်တစ်စီး ထုတ်ခွင့် ရကြသည်။

ဝန်ထမ်းများ အဆင်ပြေ စေရေး အတွက် ကူညီဆောင်ရွက် ပေးသည် ဆိုခြင်းထက် မိမိ ရောင်းချသည့် ကုန်ပစ္စည်း အပေါ် အကျိုးအမြတ် အပြည့်အဝ ရယူပြီး ဝန်ထမ်းများ ကို ကုန်ပစ္စည်း ကြော်ငြာ ပေးသည့် လူများအဖြစ် အသုံးချခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦး ၏ ပြောပြချက်အရ သိရသည်။ (၁၇၈)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ပတ်ဝန်းကျင်လောက ကို ကျေးဇူးဆပ်ရာတွင်


ပတ်ဝန်းကျင်လောက ကို ကျေးဇူးဆပ်ရာတွင်

လူတို့သည် အတ္တစိတ် လွန်ကဲတတ် သကဲ့သို့ မာန ထောင်လွှားမှုအရာတွင်လည်း လွန်ကျူးလေ့ ရှိသည်။ အတ္တကြီး သူတို့သည် အာဃာတ ပြင်းထန်လေ့ ရှိသည်။ ဆရာကောင်း တပည့် မဟုတ်သူတို့ သည်လည်း မာနတံခွန် ထူလေ့ ရှိတတ် ကြသည်။ မည်သည့် အရာမဆို အလွန်အကျွံ ဖြစ်တည်မှု တို့သည် လောက ကိုလည်း ကောင်းကျိုးမပြု၊ မိမိ ကိုယ်တိုင်လည်း ကောင်းကျိုး ခံစားရလေ့ မရှိပေ။

လူ့လောကတွင် လူဖြစ်လာ ရခြင်း၏ တာဝန်မှာ မိမိအပေါ် ကျေးဇူးရှိသည့် ပတ်ဝန်းကျင် လောကကို ကျေးဇူးပြုခြင်း၊ သိခြင်း နှင့် တတ်နိုင် သရွေ့ကျေးဇူးဆပ်ခြင်း ပင် ဖြစ်သည်။ ယင်းသည် ပါရမီ ဖြစ်သည်။ ဝိဋဋူဘ သည် ပါရမီရှိသူ မဟုတ်။ မိမိပြုသမျှ ကောင်းသည် ထင်၏။ တရားသည် ထင်၏။ မိမိ၏ ကျေးဇူးရှင်မှာ လောက မဟုတ်ဘဲ မိမိကသာ လောက၏ ကျေးဇူးရှင် အဖြစ် ခံယူထား၏။

ထို့ကြောင့် အာဃာတ ကြီးမားစွာဖြင့် အခွင့်သာစဉ် ခမည်းတော် ကောသလ မင်းကြီးကို နန်းချ၍ သာကီဝင် မင်းများကို သတ်၏။ ထိုသို့ သတ်ဖြတ်ပြီး အပြန် အစိရဝတီမြစ် သဲသောင်ပြင် တွင် သစ်ခက်တဲနန်း ဆောက်၍စံ၏။ အတိတ် အကုသိုလ်ကံ ကြီးသူဖြစ်၍ အိပ်ပျော် နေစဉ် မိုးကြီး သည်းထန်စွာ ရွာ၍ အစိရဝတီ မြစ်ရေနှင့် မျောပါ သေဆုံးရ လေသည်။

ဤ ဝိဋဋူဘ သေရခြင်းသည် မည်သူ့ကြောင့် မျှမဟုတ်၊ သူပြုခဲ့သည့် အတ္တမာန နှင့် အာဃာတ များကြောင့် သေရခြင်း ဖြစ်သည်။ ပုထုဇဉ် လူသားတို့သည် အတ္တကြီးသူ များဖြစ်၏။ မာနထောင်လွှား တတ်ကြ၏။ ဤသို့ မကင်းလွတ် နိုင်ကြ သေးသော်လည်း အတ္တဖြစ်လျှင် အတ္တဖြစ်မှန်း သိအောင်၊ မာနဖြစ်လျှင် မာနဖြစ်မှန်း သိအောင် အားထုတ် သင့်သည်။

ထိုသို့ သိခြင်းသည် ယထာဘူတ ဉာဏ်ဖြစ်သည်ဟု ဆိုသည်။ ယထာဘူတ ဉာဏ်ဟူသည် ကုသိုလ် ဖြစ်၏။ ကုသိုလ်ဖြစ်လျှင် ကောင်းကျိုး ပေးသည်။ ထို့ကြောင့် လောကလူသား တို့သည် နေ့စဉ်နှင့် အမျှ သတိသမ္ပဇဉ် နှင့် ယှဉ်၍ မိမိတို့၏ အတ္တမာန များကို လျှော့ချ သင့်၏။ အမုန်း အာဃာတ တရားများ ကိုလည်း ကျေနိုင်သမျှ သင်ပုန်းချေ ကြရမည် ဖြစ်သည်။

ထို့ပြင် အားကြီးသည် ဟူ၍ အားနည်းသူကို အနိုင် မကျင့်ရန်၊ မိမိ အဆွေအမျိုးကို မပျက်စီး စေရန် မိမိတို့၏ စိတ်ကို လေ့ကျင့်ရမည် ဖြစ်သည်။ မိမိကို ကောင်းကျိုး ပြုသော ပတ်ဝန်းကျင် နေထိုင်ရာ ဒေသကို ကျေးဇူးဆပ် ရမည်ဖြစ်သည်။ မိမိတို့ မှီတင်းနေထိုင်ရာ ဒေသပုဂ္ဂိုလ်ကို ကျေးဇူးကန်းမှု မဖြစ်စေဘဲ ကျေးဇူးဆပ် နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

ထိုသို့ လူအားလုံး သတိသမ္ပဇဉ် ဖြင့် ကျင့်ကြံနေထိုင် နိုင်မည်ဆိုပါက ပြည်ရွာ အေးငြိမ်း နိုင်၏။ သာယာဝပြော စည်ပင်နိုင်၏။ ထို့ကြောင့် အတ္တကို လျှော့၊ မာနကို လျှော့၍ အာဃာတ တရားကို ပယ်ရှားကာ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင် လောကကို တတ်စွမ်းသမျှ ကျေးဇူးဆပ် သွားကြ ရမည် ဖြစ်ကြောင်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၁-၂၀၁၄) တနင်္ဂနွေနေ့


မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၁-၂၀၁၄) တနင်္ဂနွေနေ့


Download Links

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁၁-၂၀၁၄) စနေနေ့


Download Links

Saturday, November 29, 2014

အိန္ဒိယနိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့သော ဆရာမများကို အိန္ဒိယ - မြန်မာ ပူးပေါင်းဖွင့်လှစ်မည့် အိုင်တီတက္ကသိုလ်၌ ပြန်လည် ခန့်အပ်မည်


Myanmar Institute of Information Technology (MIIT)
Mandalay, Myanmar

ရန်ကုန် ၊ ၂၉-၁၁-၂၀၁၄

ပြည်တွင်းရှိ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာ တက္ကသိုလ် အချို့မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ အနက် အိန္ဒိယနိုင်ငံသို့ ပညာတော်သင် သွားရောက် ခဲ့ပြီးနောက် ပြန်လည် ရောက်ရှိ လာသော ဆရာမ ငါးဦးကို အိန္ဒိယ - မြန်မာ ပူးပေါင်း၍ မန္တလေးတိုင်း ဒေသကြီးအတွင်း မကြာမီ ဖွင့်လှစ်မည့် Myanmar Institute of Information Technology (MIIT) ၌ သင်ကြားရေးဆိုင်ရာ ဆရာမများ အဖြစ် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များသည် ယခုနှစ် မေလအတွင်း က အိန္ဒိယနိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့ကြပြီး သတင်း အချက်အလက် နှင့် နည်းပညာဆိုင်ရာ သင်တန်းများကို ခြောက်လကြာ တက်ရောက် သင်ယူခဲ့ပြီး မြန်မာနိုင်ငံ သို့ ယခုလတွင် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ အိန္ဒိယနိုင်ငံသို့ ပညာတော်သင် စေလွှတ်ရာတွင် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးနှင့် ဆရာမငါးဦး ကို စေလွှတ်ခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့အထဲမှ ဆရာမ ငါးဦးကို ယခုကဲ့သို့ MIIT တက္ကသိုလ်၌ ပြန်လည် ခန့်အပ်ရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့ နှစ်သက်ရာ နည်းပညာ ကုမ္ပဏီများတွင် အလုပ် လျှောက်ထား နိုင်စေရန် သက်ဆိုင်ရာမှ ထောက်ခံချက်များ ပေးသွားမည် ဖြစ်ကြောင်း အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အိန္ဒိယနှင့် မြန်မာ ပူးပေါင်းကာ မန္တလေးတိုင်း ဒေသကြီး၌ ဖွင့်လှစ်မည့် အဆိုပါ MIIT တက္ကသိုလ်သည် နိုင်ငံတကာ အဆင့်မီ သတင်း အချက်အလက် နှင့် နည်းပညာ တက္ကသိုလ် တစ်ခု ဖြစ်လာနိုင်ပြီး ယခု လက်ရှိတွင် ကျောင်း အဆောက်အအုံ များကို ဆောက်လုပ်နေဆဲ ဖြစ်သည့်အတွက် အခြား တက္ကသိုလ် တစ်ခု၌ ယာယီဖွင့်လှစ် သင်ကြားရန် စီစဉ်ထားပြီး မကြာမီ ကျောင်းသားများ ခေါ်ယူကာ စတင် ဖွင့်လှစ် သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်


လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်

ကြည်မြင့်လွင် (မုဒြာ)

ရှေးကလူကြီး များသည် မိမိတို့ နေရမည့်အိမ် ဆောက်လုပ် ရာတွင် မည်သည့် အရပ်ကို မျက်နှာပြု ရသည်ဖြစ်စေ ဘုရားစင် ထားရှိရမည့် အရပ်၊ အိပ်လျှင် ဦးခေါင်းပြု ရမည့်အရပ် မျက်နှာတို့ကို ရွေးချယ်လေ့ ရှိကြသည်။ ဖြစ်သလို အိမ်ဆောက်ခြင်း၊ နေထိုင် အိပ်စက်ခြင်း မရှိကြပေ။ ရှေးလူကြီး များ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း ဓလေ့ကောင်း များကို လေ့လာ ဖော်ထုတ် လိုက်နာခြင်း အားဖြင့် အကျိုး ယုတ်စရာ အကြောင်း မရှိပေ။ သိပ္ပံနည်း မကျဟု ဆိုကြသူများ ရှိသော်လည်း သိပ္ပံပညာ ထွန်းကား လာသည်နှင့် လူ့သက်တမ်း များ တိုလာ သည်မှာလည်း စဉ်းစားစရာ အချက် ဖြစ်ပေသည်။ ရှေးထုံးကိုလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့် ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။

ရှေးကလူကြီး များသည် အိပ်ရာဝင် ချိန်တွင် ဦးခေါင်းချရာ အရပ်ကို (၁)အရှေ့အရပ်၊ (၂) တောင်အရပ် တို့ကို ဦးခေါင်းပြု၍ အိပ်စက်ရမည်။ ထိုသို့ ဦးခေါင်းပြု အိပ်စက်ခြင်းဖြင့် ကောင်းစွာ အိပ်ပျော် စေသည်။ ကောင်းသော အိပ်မက်ကို မြင်မက်စေသည်။ အိပ်ပျော် နေချိန်တွင် အစာကြေခြင်း ကို ဖြစ်စေသည်။ မလိုအပ်သော အပုပ်၊ လေ၊ ဝမ်း တို့သည် ညင်သာစွာဖြင့် အောက်သို့ သက်စေသည်။ စမြင်းဒေါသမှ ကင်းစေသဖြင့် အနာ ရောဂါလည်း ကင်းစေသည်။ နံနက် အိပ်ရာထ ချိန်တွင်လည်း ကောင်းစွာနိုးထ စေနိုင်သည် ဟု ယူဆကြသည်။

(၃) မြောက်အရပ်၊ (၄) အနောက်အရပ် တို့သို့ ဦးခေါင်းပြု၍ မအိပ် ကောင်းပေ။ ထိုသို့ ခေါင်းပြု အိပ်သူများသည် ကောင်းစွာ အိပ်စက် မပျော်နိုင်။ လေပွခြင်း၊ ဟောက်ခြင်း၊ အသက်ရှူ မဝခြင်း၊ လန့်၍နိုးခြင်း၊ ကောင်းသော လေ၊ အပုပ်တို့ အထက်သို့ ဆန်ခြင်း၊ မျက်စိ ပွင့်လျက် အိပ်ခြင်း၊ လျှာကိုက် မိခြင်း၊ နှုတ်နှင့် ခံတွင်းမှ အာပုပ်ရည် တို့ စီးကျခြင်း၊ ကယောင်ကတမ်း ပြောခြင်း၊ အိပ်မက်မက် ရာတွင် အမြင့်မှ ချောက်ကမ်းပါး မှ ပြုတ်ကျသည်ဟု မက်ခြင်း စသော အပြစ်များစွာ ရှိသည့်အပြင် ညဦးက စားထားသော အစာများ မှာလည်း မကြေမကျက် သဖြင့် ဝမ်းတွင်း စမြင်းခံခြင်း၊ ဒူလာ လိပ်ခေါင်း ရောဂါဖြစ်ခြင်း တို့ ဖြစ်နိုင်သည် ဟု ဆိုသည်။

ဗုဒ္ဓ ဖြစ်တော်စဉ် ကျမ်းစာများ တွင်လည်း ဘုရားရှင်၏ လဲလျောင်း နေသော ရုပ်ပွားတော်များ ထုလုပ် ကိုးကွယ် သောအခါ သတိပြုရမည့် စာညွှန်းမှာ ထို ရုပ်ပွားတော်၏ ဦးခေါင်းတော် ထားရှိရာကို ရည်ညွှန်းလျက် (၁) အရှေ့ ရွှေသာလျောင်း၊ (၂) တောင် ပေါင်းလောင်း၊ (၃) မြောက် စောင်းကုဿိနာ ဟု ဆိုသဖြင့် အရှေ့အရပ် သို့ ဦးခေါင်းထားလျှင် ရွှေသာလျောင်း ဆင်းတုတော်၊ တောင်အရပ် သို့ ဘုရား ဦးခေါင်းပြု ထားလျှင် ပေါင်းလောင်းတော်၊ မြောက်အရပ်သို့ ခေါင်းပြု ထားလျှင် ပရိနိဗ္ဗာန် ပြုသည့် ကုဿိနာရုံမှ ဆင်းတုတော် ပုံတူဟု မှတ်ယူရမည် ဖြစ်သည်။

အနောက်တိုင်း ဆေးပညာရှင် ကြီးတစ်ဦးက ဟောပြော ရာတွင်လည်း သွေးတိုးရောဂါ ရှိသူများသည် မြောက်အရပ် သို့ ဦးခေါင်းပြု၍ မအိပ်ရ။ သွေးတိုးတက်၍ ညအိပ်ရာ ထဲတွင် လေဖြတ် နေစေနိုင် သည်ကို သတိပြုဟု ဟောပြော သည်ကို မှတ်သားရဖူး ပါသည်။

နေ့စဉ်ပြု နေကျ နေ၊ ထိုင်၊ စား၊ အိပ် အမှားများကြောင့် လူတို့ အသက်တိုခြင်း ကို ဖြစ်စေသဖြင့် သာမန် အသေးအဖွဲ ဟု မမှတ်ယူ ကြဘဲ မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့ကြောင်း စောင့်ရှောက် ကြစေရန် နည်းမှန် လမ်းမှန် ဖြစ်စေရန် တင်ပြ လိုက်ရပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

လေဖြတ်ရောဂါ ကြောက်စရာ


လေဖြတ်ရောဂါ ကြောက်စရာ

ကမ္ဘာပေါ်ရှိ ကျန်းမာရေး အဖွဲ့အစည်း အသီးသီး တို့သည် ကူးစက်နိုင်သော ရောဂါများကို ခြေခြေမြစ်မြစ် အမြန်ဆုံး တိုက်ဖျက်နိုင်ရန် အားစိုက် နေကြသည်။ သို့သော် မကူးစက် နိုင်သော ရောဂါ များကို အလျင်အမြန် တားဆီးနိုင် ရန်မှာ မလွယ်ကူ သောကြောင့် ကျန်းမာရေး နယ်ပယ်တွင် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာသည်ကို တွေ့နေ ရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုထားသည်။

ကူးစက်နိုင်သော ရောဂါများကို ကြိုတင် ကာကွယ်ခြင်း၊ ဖြစ်ပွားလျှင် လည်း အမြန်ဆုံး တားဆီးခြင်း၊ ကုသခြင်းတို့ ပြုလုပ်နိုင်ကြ သော်လည်း မကူးစက် နိုင်သော ရောဂါများမှာ လူတို့၏ တစ်ကိုယ်ရေ ဆင်ခြင်နိုင်မှု၊ သတိပြု နိုင်မှု နည်းပါးသဖြင့် အဖြစ်များ လာသည်။

အဆိုပါ ရောဂါမှာ ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၁၅ သန်းခန့်သည် လေဖြတ်ရောဂါ ဖြစ်ပွားပြီး လူဦးရေ ခြောက်သန်း ခန့် နှစ်စဉ် အသက်ဆုံးရှုံး နေကြရသည်။ လူ ခြောက်ဦးလျှင် တစ်ဦး လေဖြတ်နိုင်ခြေ ရှိပြီး အချိန်အားဖြင့် ခြောက်စက္ကန့် တိုင်းတွင် လူတစ်ဦး လေဖြတ်ရောဂါ ကြောင့် သေဆုံး နိုင်သည်ဟု ခန့်မှန်းထား ကြသည်။

ထိုရောဂါသည် လူတစ်ဦးတည်း အတွက် နှစ်ရှည်လများ ခံစားနေရသည် သာမက နောက်ဆက်တွဲ အဖြစ် လူနာ၏ မိသားစု၊ ဆွေမျိုးသားချင်း အသိုင်းအဝိုင်း အတွင်း၌ ကိုယ်ရောစိတ်ပါ ခံစားနေ ကြရသည်။ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက မိသားစုများ အတွက် ကုန်ထုတ် စွမ်းအားနှင့် လူသား အရင်းအမြစ် ဆုံးရှုံး စေနိုင်သည်။

လေဖြတ်ရောဂါ သည် အသက်အရွယ် ကြီးလာချိန်တွင် ဖြစ်တတ် သောကြောင့် အသက် ၅ဝ ကျော်လျှင် ဖြစ်ပွားတတ်သည့် သွေးတိုးရောဂါ မဖြစ်အောင် အထူး သတိထား ရမည် ဖြစ်သည်။ သွေးတိုးရောဂါ ဖြစ်ပွား သောကြောင့် နှလုံး သွေးကြောပိတ် ရောဂါနှင့် လေဖြတ်ရောဂါ ဖြစ်ပွားနိုင် သည်ကို သတိပြုရမည် ဖြစ်သည်။

ထို့ကြောင့် လေဖြတ်ရောဂါ မဖြစ်ပွား စေရန်အတွက် မဖြစ်ခင်နှင့် ဖြစ်စ အချိန်များတွင် ကိုယ်ခန္ဓာ အလေးချိန် ထိန်းသိမ်းခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ဆေးလိပ်၊ ကွမ်းသုံးစွဲခြင်း၊ အရက်သေစာ သောက်သုံးခြင်း တို့ကို ရှောင်ကြဉ်ကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ လေဖြတ်ရောဂါ သည် ကြောက်စရာ ကောင်းပြီး လူမှုဘဝ ဒုက္ခိတ ဖြစ်ရုံသာမက ရုတ်တရက်လည်း သေဆုံးနိုင် သဖြင့် အရေးပေါ် အသက်ကယ်ရန် လိုအပ်သော ရောဂါ ဖြစ်သည်။ ရောဂါ ဖြစ်ပွားလျှင် ဖြစ်ပွားချင်း အချိန်မီ ကုသမှု မရှိပါက နောက်ဆက်တွဲ ဆိုးကျိုးများ ပိုမို ခံစားနိုင် သဖြင့် အရေးပေါ် ကုသရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ပြည်သူလူထု၊ လူမှုရေး အသင်းအဖွဲ့ များက ကျန်းမာရေး ဝန်ကြီးဌာန နှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Friday, November 28, 2014

အီဘိုလာ ကာကွယ်ဆေး ကို လူတွင် ပထမဆုံးအကြိမ် စမ်းသပ်မှုအောင်မြင်


The results of a small trial of an experimental Ebola vaccine in humans shows that it appears safe, produces an immune response and is well tolerated, prompting support for its development to be fast-tracked.

လန်ဒန် ၊ ၂၈-၁၁-၂၀၁၄

အမျိုးသား ကျန်းမာရေး သိပ္ပံက အီဘိုလာရောဂါ ကာကွယ်ဆေးကို လူ ၂ဝ ဦးပေါ်၌ စမ်းသပ်ခဲ့ရာ ၄င်းတို့၏ ကာကွယ်ဆေးမှာ လူကို ဘေးအန္တရာယ် ပြုခြင်းမရှိဘဲ ခန္ဓာကိုယ် မှ အီဘိုလာရောဂါ ကို တိုက်ဖျက် နိုင်မည့် ပဋိပစ္စည်းများ ထုတ်လုပ် စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။

အမျိုးသား ကျန်းမာရေး သိပ္ပံ (NIH) လက်အောက်ခံ ဖြစ်သော ကူးစက်တတ်သော ရောဂါ ထိန်းချုပ်ရေး အမျိုးသားသိပ္ပံ NIAID က ဆေးကုမ္ပဏီ Glaxo Smith Kline နှင့် လက်တွဲကာ အီဘိုလာရောဂါ ကာကွယ်ဆေး ဖော်စပ်ရေး အတွက် ကြိုးပမ်းနေသည်။ တောင်အာဖရိက ဒေသရှိ ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီယဲရားလီယွန် အစရှိသည့် နိုင်ငံများ၌ လူပေါင်း ၅၆ဝဝ ခန့်ကို သေဆုံး စေခဲ့သည့် အီဘိုလာရောဂါ ကို ချေမှုန်းနိုင်ရန် အတွက် ပညာရှင်များက ကာကွယ်ဆေးနှင့် ကုသဆေးများကို ဖော်စပ်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလျက် ရှိသည်။ 

NIH က ဖော်စပ်လိုက်သည့် အီဘိုလာရောဂါ ကာကွယ်ဆေးကို ပထမဆုံးအကြိမ် အဖြစ် လူ ၂ဝ ဦးပေါ်တို့၌ စမ်းသပ်ခဲ့ရာ အဆိုပါ အီဘိုလာ ကာကွယ်ဆေး မှာ လူကို ဘေးအန္တရာယ် ပြုခြင်း မရှိကြောင်းနှင့် အီဘိုလာ ရောဂါကို ကာကွယ်နိုင်မည့် လက္ခဏာ အချို့ ထွက်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ အီဘိုလာ ကာကွယ်ဆေး သည် ခန္ဓာကိုယ်၏ အလိုအလျောက် ရောဂါပြီး စနစ်တွင် အီဘိုလာ ရောဂါ တိုက်ဖျက်သည့် ပဋိပစ္စည်းများ ထုတ်လုပ်မှု နှုန်းကို မြင့်မားစေရန် ဖော်စပ်ထားသည်။ 

စမ်းသပ်ခံ သူများကို အဆိုပါ ကာကွယ်ဆေး ထိုးပေးလိုက်သည့် နေ့မှ ရက်ပေါင်း ၃ဝ ခန့်အတွင်း ၄င်းတို့ ခန္ဓာကိုယ် အတွင်း အီဘိုလာရောဂါ တိုက်ဖျက်သည့် ပဋိပစ္စည်းများ လုံလောက်စွာ ထွက်ပေါ် လာသည်ကို တွေ့ခဲ့ ကြသည်။ ကာကွယ်ဆေး ကို ထိုးပေးရာတွင် စမ်းသပ်ခံသူ ၁ဝ ဦးခန့်ကို ဆေးပမာဏ တိုး၍ ထိုးပေးခဲ့ရာ ၄င်းတို့၏ ခန္ဓာကိုယ်မှာ အီဘိုလာ တိုက်ဖျက်ရန် အတွက် ပို၍ များသော ပဋိပစ္စည်း များကို ထုတ်လုပ် ပေးခဲ့ကြောင်း တွေ့ရသည်။ အချို့ စမ်းသပ်ခံ သူများတွင် ၄င်းတို့၏ ခန္ဓာကိုယ်မှ T ဆဲလ်ဟု ခေါ်သော ရောဂါ တိုက်ဖျက်သည့် ဆဲလ်တစ်မျိုး ထွက်ပေါ် ခဲ့သည်ကို ထပ်မံ တွေ့ခဲ့ရသည်။

အီဘိုလာ ကာကွယ်ဆေး ကို လူပေါ်၌ စမ်းသပ်မှု မပြုလုပ်မီ စမ်းသပ်ခံ မျောက်များကို ထိုးပေးခဲ့စဉ် ကလည်း ပဋိပစ္စည်းများနှင့် အတူ ရောဂါ တိုက်ဖျက်သည့် T ဆဲလ်များ ထွက်ပေါ် လာသည်ကို တွေ့ခဲ့ရသည်။ ဆေးထိုးခြင်း ဖြင့် ခန္ဓာကိုယ်ကို အီဘိုလာ တိုက်ဖျက်သည့် ပဋိပစ္စည်းများ နှင့် T ဆဲလ်များ ထွက်ပေါ် စေခြင်းက အီဘိုလာ ကာကွယ်ဆေး အောင်မြင် နိုင်ရန်အတွက် အလားအလာ ကောင်းနေကြောင်း NIH ညွှန်ကြားရေးမှူး ဒေါက်တာ Anthony Fauci  က ဆိုသည်။

အဆိုပါ စမ်းသပ်မှုတွင် အီဘိုလာ ကာကွယ်ဆေး ထိုးခြင်းကြောင့် ဆိုးရွားသည့် ဘေးထွက် ဆိုးကျိုးများ ထွက်ပေါ်လာခြင်း မရှိပေ။ စမ်းသပ်ခံ သူများအနက် နှစ်ဦးမှာမူ ဆေးပမာဏ တိုးမြှင့်၍ ထိုးခဲ့ခြင်း ကြောင့် ကိုယ်အပူချိန် ၁ဝ၃ ဒီဂရီခန့် မြင့်လာ ခဲ့သော်လည်း နောက်တစ်နေ့ တွင် ကိုယ်အပူချိန်က မူလ အပူချိန်သို့ ပြန်လည်ကျဆင်း သွားသည်။

NIH ၏ အီဘိုလာရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီလ အစောပိုင်း ၌ လိုက်ဘေးရီးယား တွင် စတင် စမ်းသပ် အသုံးပြု သွားမည် ဖြစ်ကြောင်း Anthony Fauci က ပြောကြားခဲ့သည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Ebola vaccine from Glaxo passes early safety test

တိုက်ကြီးမြို့ ၌ ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပွားလျက်ရှိရာ အခြားဒေသများသို့ မကူးစက်ရန် အထူးကြပ်မတ် ဆောင်ရွက်မည်


တိုက်ကြီး ၊ ၂၈-၁၁-၂၀၁၄

ရန်ကုန် မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့၌ ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပွား၍ ဝက်များ အသေအပျောက် များပြား နေခြင်းကြောင့် အခြားသော ဒေသများသို့ မကူးစက်နိုင်ရန် ဝက်မွေးမြူရေး လုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အောက်တိုဘာလ နှင့် နိုဝင်ဘာလ များအတွင်း တိုက်ကြီးမြို့ရှိ ဝက်မွေးမြူရေး ခြံများသို့ ဝက်နားရွက်ပြာ ရောဂါ ဝင်ရောက်လာ သဖြင့် မွေးမြူထားသည့် ဝက်များမှာ သေပျောက်မှု များသောကြောင့် တိုက်ကြီးမြို့ခံ ဝက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ အရှုံးပေါ်လျက် ရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၏ အကြံပေး ပညာရှင် ဒေါက်တာ သန်းလှ က ပြောသည်။

''တိုက်ကြီးမှာ ကတော့ ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပြီးသွားပြီ။ ဒီရောဂါက ဝက်မွေးမြူသူ တွေအနေနဲ့ အရမ်းကြောက် ရတဲ့ ရောဂါပါ။ တိုက်ကြီးမှာ ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပေမယ့် အခြားဒေသ တွေကို ကူးစက်တာ ကိုတော့ မကြားမိ သေးပါဘူး။ ဒီရောဂါ ကူးစက်လာခြင်း မရှိအောင် အခြား နေရာက ဝက်မွေးမြူသူတွေ အနေနဲ့ ဝက်ခြံတွေကို အမြဲ သန့်ရှင်းအောင် ထားရမယ်။ ပိုးသတ်ဆေး ကိုလည်း တစ်ပတ်တစ်ကြိမ် ဖျန်းခိုင်း ထားတယ် ... '' ဟု ဒေါက်တာ သန်းလှ က ဆက်လက် ပြောသည်။

ဝက်နားရွက်ပြာ ရောဂါသည် မြန်မာနိုင်ငံ အတွင်းသို့ ၂ဝ၁၁ ခုနှစ်မှ စတင်ဝင်ရောက် လာခြင်းဖြစ်ပြီး ဝက်နားရွက်ပြာ ရောဂါ စတင် ဖြစ်ပွားခဲ့သည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။ ထိုမှတစ်ဆင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နိုင်ငံများသို့ ကူးစက်ခဲ့ ပြီးနောက် ထိုင်းနိုင်ငံသို့ ထပ်မံကူးစက် လာကာ ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက် လာခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီရောဂါက မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်က စဖြစ်တာ။ အဲဒီနှစ်မှာ ဝက်တွေ နားရွက်ပြာ ရောဂါကြောင့် သေတယ်။ ပြီးတော့ ရောဂါ ပျောက်သွားတယ်။ ဒါပေမဲ့ အဲဒီရောဂါက ဒီကနေ ပြန်ထွက် မသွားဘူး။ ဝက်နားရွက်ပြာ ရောဂါဖြစ်ရင် သေတဲ့ဝက်တွေ ရှိသလို မသေတဲ့ ဝက်တွေလည်း ရှိတယ်။ မသေတဲ့ ဝက်တွေက ကိုယ်ခံအား ကျဆင်း သွားတယ်။ မသေဘဲ ကိုယ်ခံအား ကျပြီး ပြန်ကောင်းလာတဲ့ ဝက်တွေက ထပ်ခါထပ်ခါ ပြန်ဖြစ်ပြီး ဒီရောဂါ ဖြစ်လာတယ်။ အရင်က ဒီရောဂါဖြစ်ရင် မသေဘူး။ နောက်ပိုင်းမှာ ရောဂါပိုးက မျိုးရိုးဗီဇ ပြောင်းပြီး ဒီရောဂါ ဖြစ်ရင် သေတဲ့အဆင့်ကို ရောက်သွားတာ ... '' ဟု ၄င်းက ပြောသည်။

တိုက်ကြီးမြို့၌ ဝက်မွေးမြူရေး လုပ်ငန်း များကို တွင်ကျယ်စွာ လုပ်ကိုင်ခြင်းကြောင့် ယခုကဲ့သို့ ဝက်များ အသေအပျောက် များပြားလာ၍ ဈေးကွက်အတွင်း ဝက်သား လိုအပ်ချက် မြင့်တက် လာနိုင်ပြီး ဝက်သားဈေးနှုန်း မှာလည်း မြင့်တက် လာနိုင်ကြောင်း ဝက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ များက သုံးသပ် ပြောကြားသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

အမေရိကန်ဒေါ်လာ သန်း ၂ဝ ကျော် ရင်းနှီးမြှုပ်နှံမည့် ဆေးဝါးစက်ရုံဖွင့်လှစ်နိုင်ရန် စီစဉ်


ရန်ကုန် ၊ ၂၈-၁၁-၂၀၁၄

မြန်မာနိုင်ငံအတွင်း အမေရိကန် ဒေါ်လာ သန်း ၂ဝ ကျော် ရင်းနှီးမြှုပ်နှံမည့် အနောက်တိုင်း ဆေးဝါးစက်ရုံ စီမံကိန်းကို ၂ဝ၁၅ ခုနှစ်အတွင်း ဖွင့်လှစ် သွားနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း AA Medical Products Ltd. မှ အမှုဆောင် အရာရှိချုပ် ဦးဇော်မိုးခိုင် ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အနောက်တိုင်း ဆေးဝါးစက်ရုံ သည် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကပိုင် အနေဖြင့် ပထမဆုံး ထုတ်လုပ်မည့် ဆေးဝါးစက်ရုံ ဖြစ်ပြီး ခွင့်ပြုချက်ရပါက ဆေးဝါးများကို ဆေးပြား၊ ဆေးတောင့်၊ ဆေးရည် စသည်ဖြင့် ထုတ်လုပ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ၌ အနောက်တိုင်း ဆေးဝါးများ ထုတ်လုပ်မှုသည် ကန့်သတ်ချက် နှင့် အခက်အခဲများ ရှိသော်လည်း အနောက်တိုင်း ဆေးဝါးနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူ နည်းပါးသဖြင့် ထုတ်လုပ်မှု ဈေးကွက်သစ် အဖြစ် ကမ္ဘာ့နိုင်ငံများမှ စိတ်ဝင်စားမှု ရှိနေကြောင်း သိရသည်။

အဆိုပါ စက်ရုံကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီး အနောက်တိုင်း ဆေးဝါး ထုတ်လုပ်ခွင့်ပြု ရာတွင် ဆေးဝါး အမျိုးအစား အလိုက် အဆောက်အအုံ များကို နိုင်ငံတကာ အဆင့် Good Manufacturing Practice (GMP) ကို အနိမ့်ဆုံး သတ်မှတ်ခြင်း၊ စက်ပစ္စည်းများမှာ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရ စက်ပစ္စည်းများ ဖြစ်ခြင်းနှင့် ဆေးကုန်ကြမ်း၊ ကုန်ချောများကို သိုလှောင်မည့် အဆောက်အအုံ သည် Generalized System of Preferences သတ်မှတ်ချက် များနှင့် ကိုက်ညီရန် လိုအပ်သည်။

ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ကုန်ကြမ်းများ ကိုလည်း အဆင့်မီ ဆေးဝါးကုန်ကြမ်း များဖြစ်ရန် WHO အသိအမှတ်ပြု လက်မှတ်ရ ထားသည့် ကုမ္ပဏီဖြစ်ရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပုဂ္ဂလိက စက်မှုလုပ်ငန်း ဥပဒေ၊ အမျိုးသား ဆေးဝါးဥပဒေ၊ နည်းဥပဒေများ၊ အခြားသော လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်ချက်များ နှင့်အညီ ဆေးဝါးထုတ်လုပ် ရမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

ခါကာဘိုရာဇီ တောင်ခြေရှိ ကျေးရွာများသို့ သွားရောက် အခမဲ့ဆေးကုသပေးမည်


ရန်ကုန် ၊ ၂၈-၁၁-၂၀၁၄

ခါကာဘိုရာဇီ အောင်နိုင်ရေး တောင်တက် ခရီးစဉ်တွင် ပျောက်ဆုံးသွားသော တောင်တက်သမား နှစ်ဦးကို ရည်စူး ဂုဏ်ပြုသည့် အနေဖြင့် တက္ကသိုလ် ခြေလျင် နှင့် တောင်တက်အသင်း၊ သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း တို့မှ ကြီးမှူး၍ ခါကာဘိုရာဇီ တောင်ခြေ တစ်ဝိုက်ရှိ ကျေးရွာများ၌ နေထိုင်ကြသော ဒေသခံပြည်သူ များကို အခမဲ့ ဆေးကုသ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အခမဲ့ သွားရောက် ဆေးကုသ ပေးမည့် ကျေးရွာများသည် မြန်မာနိုင်ငံ၏ အစွန်အဖျား ကျသော တောင်ပေါ် ဒေသများ ဖြစ်ပြီး သွားလာရေး ခက်ခဲ၍ ခေတ်မီ ဆေးဝါးများနှင့် ဆရာဝန်များ မရှိသည့် အတွက် ဒေသခံများ နာမကျန်း ဖြစ်သောအခါ နီးစပ်ရာ တိုင်းရင်းဆေးဝါး များကိုသာ မှီခို အားထားကြ ရသည်။

ယင်းဒေသများသို့ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ သွားရောက် လုပ်ဆောင်ရန် ယခင် ကတည်းက အစီအစဉ် ရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပျောက်ဆုံး တောင်တက်သမား နှစ်ဦးအား ရည်စူး ဂုဏ်ပြုသည့် အနေဖြင့် သွားရောက် ဆေးကုသရန် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဆေးကုသရေး အစီအစဉ် အတွက် ယင်း ဖောင်ဒေးရှင်းမှ ဒေါက်တာ ခင်မေအုန်း ဦးဆောင်သည့် အဖွဲ့ဝင် ၂၅ ဦးခန့် ပါဝင်သော ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့မှ သွားရောက် ကုသရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို ၂ဝ၁၅ ခုနှစ်ဇန်နဝါရီလ တွင် စတင် သွားရောက်၍ ခါကာဘိုရာဇီ တောင်ခြေ တစ်ဝိုက်ရှိ ကျေးရွာ ၁ဝ ရွာ၌ ၂၅ ရက်ခန့်ကြာ နေထိုင်၍ နာမကျန်း ဖြစ်နေသော ဒေသခံများအား အခမဲ့ ဆေးကုသ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းခရီးစဉ်တွင် ခါကာဘိုရာဇီ အောင်နိုင်ရေး တောင်တက်ခရီးစဉ် ၌ ပါဝင်ခဲ့ကြသော တောင်တက်သမား အချို့လည်း ပါဝင်မည် ဖြစ်ကြောင်းနှင့် ပျောက်ဆုံး သွားသော တောင်တက်သမား နှစ်ဦးကို ရေခဲများ ပျော်ချိန် ဖြစ်သည့် ဇွန်လ နှင့် ဇူလိုင်လ များတွင် ထပ်မံ ရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ ကြိုးပမ်းဖော်ဆောင်


ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ ကြိုးပမ်းဖော်ဆောင်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို စိတ်သစ် လူသစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အသစ်တို့ဖြင့် ဖော်ဆောင်လျက် ရှိသည်။ ပြည်သူလူထု၏ မျှော်လင့်ချက်ကို လက်တွေ့ အရှိတရား ဖြစ်အောင် နိုင်ငံတော်မှ ဖော်ဆောင်လျက် ရှိသည်။

ဒီမိုကရေစီ နိုင်ငံတော်သစ် အသွင် ကူးပြောင်းရေး အောင်မြင်ရန် အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍစုံ ပြုပြင် ပြောင်းလဲရေးများကို နိုင်ငံတော်နှင့် ပြည်သူ ပူးပေါင်း ဆောင်ရွက်လျက် ရှိနေသည်။

နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အနေဖြင့် အုပ်ချုပ်ရေးတွင် ဒီမိုကရေစီနှင့် ကိုက်ညီသည့် အုပ်ချုပ်မှု စနစ်များကို ပြုပြင် ပြောင်းလဲ ခဲ့သည်။ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး တို့အတွက် ကြိုးပမ်း အကောင်အထည် ဖော်လျက် ရှိသည်။

ထို့ကြောင့် ထိပ်တိုက် ရင်ဆိုင်ရေး နည်းလမ်းများနှင့် နိုင်ငံရေး အင်အားစု အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ရန် ကြိုးပမ်းသည့် နည်းလမ်းများမှာ စေ့စပ်ဆွေးနွေး အဖြေရှာကြ ရန်ဆိုသည့် နိုင်ငံရေး ယဉ်ကျေးမှုသစ် အသက်ဝင် ရှင်သန်လာသည်။ နိုင်ငံတော်နှင့် ပြည်သူတို့၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ နှင့် နိုင်ငံ၏ ယဉ်ကျေးမှုသစ် အသက်ဝင် ရှင်သန်လာခြင်း တို့သည် တစ်သင်း တစ်ဖွဲ့တည်း၏ ကြိုးစားမှုကြောင့် မဟုတ်ဘဲ အဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ် လုံး၏ ပူးပေါင်း ပါဝင်မှုကြောင့် ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။

ပြည်သူတို့၏ မျှော်လင့်ချက် ဖြစ်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖော်ဆောင်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍစုံတို့၌ ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်နေဆဲ ဖြစ်သည်။ ထိုသို့ အစိုးရမှ ကြိုးပမ်း ဖော်ဆောင် နေချိန်တွင် ပြည်သူများ ကလည်း နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များကို လေးစား လိုက်နာရမည် ဖြစ်သကဲ့သို့ သက်ဆိုင်ရာ ဌာန အသီးသီးမှ ဥပဒေဖြင့် အကာအကွယ် ပေးရာတွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ အကျင့်ပျက် ခြစားမှု မရှိဘဲ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်း ဥပဒေ များနှင့်အညီ ဖော်ဆောင်ကြ ရမည် ဖြစ်သည်။

သို့မှသာ ပြည်သူလူထု တစ်ရပ်လုံး၏ မျှော်လင့်ချက် ဖြစ်သော ဒီမိုကရေစီ နိုင်ငံတော်သစ် သည် လက်တွေ့ အရှိတရား အဖြစ် ပေါ်ပေါက် လာမည်ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူတို့ အနေဖြင့် စိန်ခေါ်မှု များကို ကျော်လွှားရန် အတွက် အတူတကွ ဝိုင်းဝန်းကူညီ ကြိုးပမ်း ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁၁-၂၀၁၄) သောကြာနေ့


မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁၁-၂၀၁၄) သောကြာနေ့


Download Links


Thursday, November 27, 2014

မြဝတီ ကုန်သွယ်ရေးဇုန် မြေကွက်များ အဆမတန်မြင့်တက် နေခြင်းကြောင့် ကုန်သိုလှောင် တင်သွင်းရန် နေရာအခက်အခဲများ ရှိနေ



ရန်ကုန် ၊ ၂၇-၁၁-၂၀၁၄

မြဝတီ ကုန်သွယ်ရေးဇုန် မြေကွက်များ ဈေးနှုန်း အဆမတန် မြင့်တက် နေခြင်းကြောင့် ကုန်သိုလှောင် တင်သွင်းရန် နေရာ အခက်အခဲများ ရှိနေကြောင်း မြဝတီ ကုန်သွယ်ရေးဇုန် ရှိ ကုန်သည်များ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မြဝတီ ကုန်သွယ်ရေးဇုန် အတွင်း၌ မြေကွက်အလွတ် အများအပြား ရှိသော်လည်း တည်ဆောက်ရေး ကုမ္ပဏီများ၏ ဈေးနှုန်း အဆမတန် မြှင့်တင် ထားခြင်းကြောင့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များ အနေဖြင့် ကုန်ပစ္စည်း သိုလှောင် တင်သွင်းရန် နေရာ အခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။ ကုန်သည် အများစုမှာ မြေကွက်ဈေးနှုန်း မြင့်မားခြင်း ကြောင့် ကုန်ပစ္စည်းများ သိုလှောင်မည့် ဂိုဒေါင် နည်းပါး နေကြောင်း နှင့် အသစ် တည်ဆောက်ရန် မြေဝယ်ယူ နိုင်မှုမရှိ ဖြစ်နေကြောင်း သိရသည်။

သက်ဆိုင်ရာ အစိုးရမှ သတ်မှတ်ထား သည့် မြေဈေးနှုန်း ဧကဝက် ၁ဝဝx၂ဝဝ ပေလျှင် ငွေကျပ် သိန်း ၃၅ဝ နှင့် ရောင်းချ ပေးနိုင်ပါက နယ်စပ် ကုန်သွယ်ရေး လုပ်ငန်း ရှင်များ အနေဖြင့် ဂိုဒေါင်များ တည်ဆောက် နိုင်မည် ဖြစ်သော်လည်း ယခုအခါ ငွေကျပ် သိန်းထောင်ချီ၍ ရှိနေခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ တွင်လည်း မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်း တည်ဆောက်ရေး စီမံကိန်းကို မက်(စ်) မြန်မာ၊ ဧဒင်အုပ်စု၊ ရွှေဝါမြေ၊ အဲဗားဂရင်းဖိုင်း အတ် နှင့် အေးရှားဝေါလ် ကုမ္ပဏီများမှ တာဝန်ယူ တည်ဆောက် နေကြောင်း သိရသည်။

သို့သော်လည်း ဆယ်စုနှစ် တစ်ခုအကြာ အထိ တည်ဆောက်မှုများ မပြီးသေးသည့် အတွက် Asean Economic Community အမီ တည်ဆောက်ကြရန် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိ သူများက ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်။ မြဝတီ ကုန်သွယ်ရေးဇုန် သည် ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှုများ ပြုလုပ်ရာတွင် အဓိက အရေးပါသော ကုန်သွယ်ရေး စခန်းဖြစ်ပြီး ယာဉ်တန်း အဆင်း ရက်တိုင်းတွင် အမေရိကန် ဒေါ်လာ တစ်သန်းကျော် အထိ ကုန်သွယ်လျက် ရှိကြောင်း၊ ထို့ကြောင့် ကုန်ပစ္စည်းများ သိုလှောင်ရန် အတွက် ဂိုဒေါင်များ တည်ဆောက် ပေးနိုင်ရန် လိုအပ် လာခြင်း ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

အမြန်လမ်း အသုံးပြုမည့် အဝေးပြေး မော်တော်ယာဉ်များ၌ GPS စနစ် အခမဲ့ စမ်းသပ်သုံးစွဲခွင့် ပြုမည်


၁၁၅ မိုင်တွင် ရပ်နားထားသော အဝေးပြေး မော်တော်ယာဉ် များအား တွေ့ရစဉ်

ရန်ကုန် ၊ ၂၇-၁၁-၂၀၁၄

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး ပေါ်တွင် သွားလာ နေကြသော အဝေးပြေး မော်တော်ယာဉ် များ၌ Global Position System ( GPS ) စနစ်များ တပ်ဆင် အသုံးပြု စေရန် သက်ဆိုင်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာန တို့ ပူးပေါင်းပြီး မော်တော်ယာဉ် လုပ်ငန်းရှင် များနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိရာ ရှေးဦးစွာ ခရီးသည်တင် အဝေးပြေး မော်တော်ယာဉ်များ အားလုံး ၌ GPS စနစ်ကို တစ်လအခမဲ့ စမ်းသပ် တပ်ဆင်၍ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အဝေးပြေး မော်တော်ယာဉ်များ အနေဖြင့် အမြန်လမ်းမ ပေါ်၌ မောင်းနှင် သွားလာသောအခါ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ မှုရှိစေရန် စသည့် ရည်ရွယ်ချက် များဖြင့် အဆိုပါ GPS စနစ်ကို တပ်ဆင် အသုံးပြုရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ် တပ်ဆင်ရေး လုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီ နှင့် ပြည်တွင်း လုပ်ငန်းရှင်တို့ ပူးပေါင်း တည်ထောင် ထားသည့် B- smart ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်၍ ဒီဇင်ဘာ ပထမပတ်တွင် လုပ်ငန်းများ စတင် လုပ်ဆောင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမြန်လမ်းမ တစ်လျှောက် GPS စနစ် တည်ဆောက် တပ်ဆင်ရာတွင် လိုအပ်သော အင်တာနက် ကွန်ရက် ဖြန့်ကြက်မှု အတွက် ပြည်တွင်းရှိ အော်ပရေတာ လုပ်ငန်းများ နှင့် ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်ပြီး ယခုကဲ့သို့ GPS စနစ်ကို အကောင်အထည် ဖော် ဆောင်ရွက် ခြင်းသည် မကြာမီ အမြန်လမ်းမ ကြီးပေါ်၌ တည်ဆောက်ရန် လျာထား ဆောင်ရွက်နေပြီ ဖြစ်သော Information Traffic Centre (ယာဉ် အသွားအလာ စောင့်ကြည့် လေ့လာရေး စင်တာ) အတွက် များစွာ အထောက်အကူ ဖြစ်စေ နိုင်ကြောင်း သိရသည်။

B- smart ကုမ္ပဏီ အနေဖြင့် အဆိုပါ GPS စနစ်ကို အကောင် အထည်ဖော် တည်ဆောက်ခြင်း လုပ်ငန်း အောင်မြင်ပါက အခမဲ့စမ်းသပ် ကာလပြီးနောက် မော်တော်ယာဉ် တစ်စီးအတွက် တစ်လလျှင် ငွေကျပ် နှစ်သောင်းနှုန်း ဖြင့် ဆက်လက် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပြီး ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးပေါ်၌ တစ်ရက်လျှင် မော်တော်ယာဉ် အစီးရေ ၁ဝဝဝဝ ကျော် ဖြတ်သန်း သွားလာလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

နေပြည်တော် အခြေစိုက် FMI Air လေကြောင်းလိုင်းမှ AOC ရရှိပြီဖြစ်၍ လေယာဉ် ခရီးစဉ်များ ပျံသန်းပြေးဆွဲတော့မည်



နေပြည်တော် ၊ ၂၇-၁၁-၂၀၁၄

နေပြည်တော် အခြေစိုက် FMI Air လေကြောင်းလိုင်း သည် ယခုအချိန်တွင် လေကြောင်းလိုင်း လုပ်ငန်း လုပ်ကိုင်ခွင့် လက်မှတ် AOC ရရှိသွားပြီ ဖြစ်သည့် အတွက် ကိုယ်ပိုင်လေယာဉ် ခရီးစဉ် (ပုံမှန် လေယာဉ် ခရီးစဉ်) များကို ပျံသန်း တော့မည် ဖြစ်ကြောင်း FMI လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

င်္FMI လေကြောင်းလိုင်း သည် ရန်ကုန် - နေပြည်တော် အဓိက ခရီးစဉ်အတွက် အသုံးပြုရန် Bombardier ဂျက်လေယာဉ် သုံးစင်းကိုလည်း ဝယ်ယူပြင်ဆင် ထားပြီး ဖြစ်ကြောင်း သိရသည်။ FMI လေကြောင်းလိုင်း သည် လေယာဉ်ခရီးစဉ် များကို ပျံသန်း ပြေးဆွဲသည့် နေရာတွင် လေယာဉ် ခရီးစဉ် နည်းပါးနေသည့် နေရာများ ဖြစ်သော မန္တလေး၊ အင်းလေးကန်၊ ပုဂံ၊ ညောင်ဦး စသည့် နေရာတို့သို့ အဓိကထားကာ ပျံသန်း ပြေးဆွဲမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

" FMI လေကြောင်းလိုင်း ကို စီးတဲ့နေရာမှာ စီးတဲ့သူတွေ အနေနဲ့ စိတ်ချလက်ချ စီးလို့ရအောင် စီးတဲ့သူတွေ အတွက် ဝန်ဆောင်မှု အပြည့် ပေးထားပါတယ်။ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အစစအရာရာ အန္တရာယ် ကင်းအောင် ဆောင်ရွက် သွားမှာပါ။ ခရီးသည်တွေ အပေါ်မှာ အာရုံစိုက်မှု ကိုလဲ အပြည့်အဝ လုပ်ဆောင် သွားမှာပါ ... '' ဟု FMI လေကြောင်းလိုင်း ဥက္ကဋ္ဌမှ ပြောပြသည်။

FMI လေကြောင်းလိုင်း သည် AOC လက်မှတ် မရရှိခင် အချိန်က ကိုယ်ပိုင်လေယာဉ် များဖြင့် စင်းလုံးငှား လေယာဉ် ခရီးစဉ်များ ပျံသန်း ပြေးဆွဲနေသည့် လေကြောင်းလိုင်း တစ်ခုဖြစ်သည်။ FMI စီးပွားရေး လုပ်ငန်းစုသည် မြန်မာနိုင်ငံတွင် လေကြောင်းလိုင်း လုပ်ငန်းအပြင် ဘဏ်လုပ်ငန်း နှင့် အခြား စီးပွားရေး လုပ်ငန်းများ ကိုလည်း လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

တစ်နေ့ ရေဂါလန် ၁ ဒသမ ၂၇၉ သန်း ဖြန့်ဝေပေးလျက် ရှိသော်လည်း တောင်ကြီးမြို့၌ ရာနှုန်းပြည့် ရေပေးဝေနိုင်မှု မရှိသေး


တောင်ကြီးမြို့ မြင်ကွင်း

တောင်ကြီး ၊ ၂၇-၁၁-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရေပေးဝေ ဖြန့်ဖြူးမှုနှင့် ပတ်သက်၍ လက်ရှိ အခြေအနေအရ ၇၅ ရာခိုင်နှုန်းခန့်သာ ပေးဝေ နိုင်ကြောင်း မြို့နယ် စည်ပင် သာယာရေး ဌာန တာဝန်ခံ အင်ဂျင်နီယာ တစ်ဦးက
ပြောပြသည်။ တောင်ကြီးမြို့ ၏ အကျယ်အဝန်း ဧရိယာမှာ ၁၉၃၆ ဒသမ ၈၇၁ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်၊ အိမ်ခြေ ၂၁၆၈၅ ၊ လူဦးရေ စုစုပေါင်း ၁၃၁၁၉၇ ဦး နေထိုင်လျက် ရှိကာ တစ်ရက်လျှင် လူတစ်ဦး ၏ ရေသုံးစွဲမှုကို ဂါလန် ၂ဝ နှုန်းဖြင့် သတ်မှတ်၍ နေ့စဉ် ရေလိုအပ်ချက် ဂါလန်ပေါင်းမှာ၂ ဒသမ ၆၂၃ သန်းခန့် ဖြစ်ကြောင်း၊ မြို့နယ်စည်ပင် သာယာရေး မှ မြို့ပေါ်ရပ်ကွက် အလိုက် ရေလိုအပ်ချက် ပေါ် မူတည် တွက်ချက်၍ စက်ရေတွင်း ၁၈ တွင်း၊ ထိုစက်ရေတွင်းမှ အိမ်သွယ် ရေတိုင် ၁၇၉ဝ၊ အများသုံး ရေတိုင် ခုနစ်တိုင်နှင့် အများသုံး ရေကန် ၂၈ ကန်ရှိရာ ထိုကန်များ အတွင်းသို့ ရေမောင်းတင် ထည့်ပေးပြီး ရပ်ကွက် ၂ဝ ရှိ လူဦးရေ ၆၄ဝဝဝ အတွက် တစ်နေ့ ရေဂါလန် စုစုပေါင်း ၁ ဒသမ ၂၇၉ သန်းကို ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။

ထို့ပြင် ပုဂ္ဂလိက လူမှုရေး အဖွဲ့အစည်းများမှ စက်ရေတွင်း Well Drilling ၁၇၇၄ တွင်း၊ လက်တူးတွင်း Open Well ၁၉၄၆ တွင်း၊ သဘာဝရေထွက် Natural Spring ၁ဝ ခုမှ လူဦးရေ ၃၂ဝဝဝဝ အတွက် တစ်ရက် ရေဂါလန် သုည ဒသမ ၆၅ သန်း၊ မြို့တွင်းရှိ မြကန်သာ ရေကန်အတွင်းမှ ရေတင်စက်ဖြင့် ရေဂါလန် ၅ဝဝဝ ကို အုတ်ရေစင် ပေါ်သို့ မောင်းတင်ကာ အရေးပေါ် နှင့် အရန်အတွက် အဖွဲ့ပိုင် ရေတင်ယာဉ်များ၊ မီးသတ်ယာဉ်များ အတွက် ဖြန့်ဝေကြောင်း၊ ရပ်တော်မူ ရေလှောင်ကန် မှတစ်ဆင့် ရပ်ကွက်များ အတွင်းသို့ပါ ဖြန့်ဝေလျက် ရှိကြောင်း သိရသည်။ 

လက်ရှိ ရေပေးဝေမှုမှာ မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ ပေးဝေမှု ၄၈ ဒသမ ၇၆ ရာခိုင်နှုန်း၊ ပုဂ္ဂလိက လူမှုရေး အဖွဲ့အစည်းများမှ ၂၄ ဒသမ ၇၈ ရာခိုင်နှုန်း ဖြစ်ပြီး နေ့စဉ် ရေဂါလန် စုစုပေါင်း ၁ ဒသမ ၉၂၉ သန်း၊ ရေလိုအပ်ချက် ၏ ၇၃ ဒသမ ၅၄ ရာခိုင်နှုန်း ကို ပေးဝေ ဖြန့်ဖြူးလျက် ရှိကြောင်း သိရသည်။(၁၇၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ဧရာဝတီမြစ် အသုံးပြုမှု အခွန်အခများ ဂိတ်ဖွင့် ကောက်ခံမည်


မန္တလေး ဂေါဝိန်ဆိပ်ကမ်း

မန္တလေး ၊ ၂၇-၁၁-၂၀၁၄

ဧရာဝတီမြစ်သည် မြောက်မှ တောင်သို့ စီးဆင်းလျက် ရေမိုင် ၉၈၈ မိုင်ခန့်ရှိပြီး ပြည်သူများ အတွက် သောက်သုံးရေ ရရှိရေး၊ မြစ်ရေတင် စနစ်ဖြင့် စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ၊ သစ်ဖောင်၊ ဝါးဖောင် မျှောချခြင်း စသည့် အသုံးဝင်မှု များကို မန္တလေးတိုင်း ဒေသကြီး အတွင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့မှ အခွန်ငွေ ကောက်ခံပြီး ဘဏ္ဍာငွေ တိုးတက် ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် ကမ်းပါးနှင့် ကမ်းပါး နယ်မြေ လေးလံ အရာဝတ္ထု စုပုံနေရာ ခွင့်ပြုချက် အခွန်အခကို ကောက်ခံခြင်း မပြုသေးဘဲ ယခုအခါ မြစ်တွင်းသွား ရေယာဉ်များ အတွက် ပုဒ်မ (၆) အပိုဒ်ခွဲ(စ) အရ၊ မြစ်တွင်းသွား ရေယာဉ်များ ဆိုက်ကပ် ရပ်နားရေး အတွက် ရွေးချယ် သတ်မှတ် ထားသည့် ဆိပ်ကပ်များတွင် ပို့ဆောင်ရေး ဝန်ကြီးဌာန က သတ်မှတ်ထားသော ဆိပ်ကမ်းရေယာဉ် ဆိုက်ကပ် ခွန်၊ ဆိပ်ခံမြေ နေရာ အသုံးပြုခကို ၂ဝ၁၄- ၂ဝ၁၅ ခုနှစ်တွင် ငွေကျပ် ၁၄၆၃ သိန်း ကောက်ခံ ရရှိကြောင်း သိရသည်။ ၄င်း အခွန်အခသည် ရွှေကြက်ယက် နှင့် မန္တလေး ဂေါဝိန်ဆိပ်ကမ်း (ပုံ) အတွက်သာ ဖြစ်ကြောင်း သိရသည်။

မြစ်ချောင်းများ ထိန်းသိမ်းရေး ဆိုင်ရာ အခွန်အခများ ဖြစ်သော သင်္ဘောများ၊ ရေယာဉ်များ ဂိတ်ဖွင့် အခွန်အကောက် ကို ပုဒ်မ ၄/၅ အရ လည်းကောင်း၊ ရေကြောင်း ထိန်းသိမ်းရေး ဆိုင်ရာ အခွန်အခ ကို ပုဒ်မ(၅)၊ အပိုဒ်ခွဲ(ဎ) အရလည်း ကောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အတွက် ဆိပ်ကမ်းမှရရှိငွေကျပ် ၁၄၆၃ သိန်းသာ ဖြစ်သော်လည်း ၂ဝ၁၅ ခုနှစ်တွင် ရေလမ်းကြောင်း အလိုက် သတ်မှတ်နေရာများ ထား၍ သစ်ဖောင် ဝါးဖောင် မျှောချခြင်း၊ ကုန်းလမ်းတွင် တိုးဂိတ်များ ဖွင့်သကဲ့သို့ ရေကြောင်း အခွန်ဂိတ်များ ဖွင့်လှစ်၍ ရေယာဉ် ဖြတ်သန်းခများ ကောက်ခံခြင်း၊ သစ်ဖောင် ဝါးဖောင် မျှောခများ သတ်မှတ် ကောက်ခံခြင်းကို ဆက်စပ် အဖွဲ့အစည်း များနှင့်အတူ ဘဏ္ဍာငွေ ရရှိရန် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။(၁၅၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

အချိန်ကို တန်ဖိုးရှိရှိ အသုံးချ


အချိန်ကို တန်ဖိုးရှိရှိ အသုံးချ

လူတိုင်း လူတိုင်း အနေဖြင့် ပညာရှာရာတွင် လည်းကောင်း၊ ဥစ္စာရှာရာတွင် လည်းကောင်း အချိန်အခါနှင့် လိုက်လျော ညီထွေစွာ ရှာဖွေ လုပ်ကိုင် ဆောင်ရွက်ကြ ရမည် ဖြစ်သည်။ အထူးသဖြင့် စီးပွားရှာ ရာတွင် ငယ်ရွယ်နုပျိုပြီး ဖျတ်ဖျတ် လတ်လတ် ရှိနေစဉ်တွင် ပိုမိုလျင်မြန်စွာ လုပ်ကိုင် ဆောင်ရွက်ကြ ရမည် ဖြစ်သည်။

သို့သော် အချို့သော လူငယ် လူလတ်ပိုင်း များသည် အချိန်အခါနှင့် အညီ ဥစ္စာစီးပွား ရှာကြံ အားထုတ်ရမည့် အစား အပျော်အပါး လိုက်စားခြင်း ဖြင့်သာ အချိန်ကုန် နေကြသူများ ကိုတွေ့နေ ရသည်။ တန်ဖိုးရှိသော အချိန်များကို ဖြုန်းတီးပစ် ကြသည်။ အချို့သော သူများမှာ အလုပ်ရှိသည် ဆိုရုံမျှသာ မည်ကာမတ္တ သာမန် အနေအထားသာ လုပ်ကိုင်နေကြ သည်။ မိမိ လုပ်ကိုင်သော အလုပ်အပေါ် တိုးတက်ပွားများ စေရန် ဝီရိယ စိုက်ထုတ် လုပ်ကိုင်ကြသူ နည်းသည်။

အချိန်အခါကို ကြည့်ပြီး ကြိုးစား အားထုတ်သူတို့ အနေဖြင့် တိုးတက်ကြီးပွား ကြသည်။ တန်ဖိုးရှိသော အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ် သူများ ကြီးပွားကြသည်။ လူတို့ အနေဖြင့် ကာလအပိုင်း အခြားနှင့် အညီ လုပ်သင့် လုပ်ထိုက်သော ကိစ္စရပ်များကို လုပ်ကိုင်ကြရန် သဘာဝ အလျောက် ပိုင်းခြား ပေးထားသည်။ ငယ်စဉ် ကလေးဘဝ အရွယ်မှစ၍ လူငယ် လူလတ်ပိုင်း အရွယ်၊ လူကြီးပိုင်း အရွယ်အထိ သူ့အပိုင်းအခြား နှင့်သူ ပညာ၊ ဥစ္စာ တို့ကို ရှာဖွေလုပ်ကိုင် ကြမည် ဆိုပါက ကြီးပွား တိုးတက် ချမ်းသာ ကြမည်သာ ဖြစ်သည်။

ထို့ကြောင့် ဓမ္မပဒ တရားတော်တွင် ''အရွယ်ရှိခိုက်တွင် သူတော်ကောင်း အကျင့်ကိုလည်း မကျင့်၊ ဥစ္စာပစ္စည်း ကိုလည်း ရအောင် မရှာသော သူမိုက်တို့သည် အရွယ်လွန်သော အခါလေးမှ လွှတ်လိုက်ပြီး သည့်နောက် အရှိန်အဟုန် ကုန်သော မြားကဲ့သို့ အားမရှိဘဲ ရှေးဖြစ်ဟောင်း တို့ကို သာ ညည်းတွား အောက်မေ့ကာ နေကြရလေ ကုန်၏ ''ဟူ၍ ဖော်ပြ ထားသည်။

ဤအချက်သည် လူတိုင်း လူတိုင်း အရွယ်ကို လိုက်၍ လုပ်သင့် လုပ်ထိုက်သည် များကို ဝီရိယ စိုက်ထုတ်လုပ်ကိုင် သွားသင့်ကြောင်း မီးမောင်းထိုးပြ လိုက်ခြင်း ဖြစ်သည်။ ငယ်ရွယ် နုပျိုစဉ် အပျော်အပါး များနှင့် အချိန်ကုန် စေမည့်အစား မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ကိုင် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့လူငယ်များ အနေဖြင့် လူ့ဘဝ ရောက်ဆဲ ခဏတာတွင် ပြောင်းလဲ နေသော အချိန်များကို အလဟဿ မဖြစ်စေရန် တန်ဖိုးရှိရှိ အသုံးချ သွားမည် ဆိုပါက လူမှုဘဝ နယ်ပယ် တွင် ကြီးပွား တိုးတက်ပြီး ချမ်းချမ်းသာသာ နေထိုင်သွား ကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၇)


အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၇)

( 27-11-2014 ရက်ထုတ်ဂျာနယ်အား Download ရယူနိုင်ပါသည်။)


Download Links


တေဇရုပ်စုံစာစောင် အတွဲ (၂၆) အမှတ်(၇)


တေဇရုပ်စုံစာစောင် အတွဲ (၂၆) အမှတ်(၇)

( ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထုတ် စာစောင်အား Download ရယူနိုင်ပါသည်။ )


Download Links

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၁၁-၂၀၁၄) ကြာသပတေးနေ့


မြ၀တီနေ့စဉ်သတင်းစာ (၂၇-၁၁-၂၀၁၄) ကြာသပတေးနေ့


Download Links

Wednesday, November 26, 2014

မျက်စိထဲ အမှိုက်ဝင်ခြင်း


မျက်စိထဲ အမှိုက်ဝင်ခြင်း

ဒေါက်တာလွင်သန့် (ဆေး-၂)

မျက်စိထဲသို့ တစ်စုံတစ်ခု ဝင်ရန် မလွယ်ကူပါ။ ဝင်ခဲ့သော် မျက်ရည်က သယ်ယူ ပေးခြင်းဖြင့် သာမန် အမှုန်အမွှား များကိုနေ့စဉ် ဖယ်ရှား ပေးနိုင်မည် ဖြစ်သည်။ ဂျုံကြမ်းမှုန့်၊ ကျောက်မီးသွေးမှုန့်၊ သဲ၊ သတ္တုအမှုန် အစများ မျက်စိထဲ ဝင်နေလျှင် မျက်စိနာ နေတတ်သည်။ မျက်စိအနာ သက်သာစေဖို့ မျက်စဉ်းဆေး များကို ဆရာဝန် ညွှန်ကြားချက် မရဘဲ မထည့်သင့်ပါ။ အကယ်၍ သတ္တုစ စူးဝင်ပါက ပြင်းထန်သော ဝေဒနာ ခံစားရတတ် သည်။

မျက်စိထဲကို တစ်ခုခုဝင်ခဲ့လျှင်

  • (၁) လူနာကို မျက်စိမပွတ်ရန် တားမြစ်ရမည်။ ကလေးဆိုလျှင် ငြိမ်ငြိမ် နေအောင် အထူးကြပ်မတ် ရမည်။
  • (၂) လူနာကို အလင်းရောင် လာရာဘက်သို့ မျက်နှာမူ ထိုင်စေပြီး လူနာ၏ ရှေ့၌ ရပ်ကာ အောက်မျက်ခမ်းကို လှန်ချရမည်။
  • (၃) ပြင်ပပစ္စည်းဆိုလျှင် မြင်နိုင်ပြီး မျက်လုံးထဲတွင် တွယ်ကပ်စူးဝင် နေခြင်း သို့မဟုတ် လက်ကိုင်ပဝါ အဖြူဖြင့် ထောင့်စွန်းကို လိမ်၍ ရေဆွတ်ပြီး မျက်လုံးထဲမှ အရာဝတ္ထုကို ဆွဲဖယ် ထုတ်သင့်သည်။
  • (၄) ပြင်ပပစ္စည်းသည် မျက်လုံးထဲတွင် တွယ်ကပ်စူးဝင် နေလျှင် ဖယ်ရန် မကြိုးစားဘဲ လူနာကို မျက်စိမှိတ် စေပြီး မျက်စိပေါ်မှ ဂွမ်းဖြင့်အုပ်၍ ပတ်တီးစည်း ပေးပြီး ဆေးရုံသို့ ပို့သင့်သည်။
  • (၅) ပြင်ပပစ္စည်းကို မမြင်ရဘဲ အထက်ဘက် မျက်ခွံအောက် ထဲကို ဝင်နေလျှင် လူနာ၏ မျက်စိကို ကြည်လင်သော ရေထဲတွင် စိမ်ပြီး မျက်တောင်ခတ်ရန် ညွှန်ကြားပေး ရမည်။ မျက်ခွံလှန်ပြီး ကြည့်၍ မထွက်သေး ပါက မျက်စိထဲမှ အရာကို ပြင်ပသို့ ထွက်စေ ရန် အထက်မျက်ခွံ ကို ဆွဲမပြီး အောက်မျက်ခမ်းကို အထက် မျက်ခွံအောက် အသာသွင်းကာ လွှတ်လိုက် ရမည်။ ဆရာဝန် နှင့် ပြရမည်။
  • (၆) လူနာကို အလင်းရောင် လာရာဘက်သို့ မျက်နှာမူ ထိုင်စေကာ လူနာ၏ နောက်မှရပ်ပြီး လူနာ၏ ဦးခေါင်းကို ကိုင်ကာ ရင်ဘတ် နှင့် ထိန်းထားရမည်။ ကလေးငယ် ဆိုလျှင် မကြောက်လန့်ရန်၊ မငိုရန် နှစ်သိမ့် ဆွေးနွေး ရမည်။
  • (၇) မီးခြစ်ဆံ တစ်ချောင်းကို မျက်ခွံ၏ အရင်းနားတွင် တင်ပြီး ဖြည်းညင်းစွာ နောက်ကို ဖိထား၍ လူနာကို အောက်သို့ စိုက်ကြည့် စေကာ အထက်မျက်ခွံကို မပြီး မီးခြစ်ဆံပေါ် ကို လှန်ယူ၍ ဝင်နေသော အရာကို ဖယ်ထုတ်ရမည်။
  • (၈) လက်ကိုင်ပဝါ ထောင့်ဖြင့် ဝင်နေသော အရာကို ဆွဲထုတ်သင့်သည်။
  • (၉) ဆားလောင် တတ်သော အက်စစ် သို့မဟုတ် ဘေ့စ် (အယ်ကာလီ)များ မျက်စိထဲ ဝင်လျှင် လူနာ၏ မျက်စိကို ရေများများ လောင်းချပြီး မျက်စိပေါ်ကို ဂွမ်းနှင့်အုပ်၊ ပတ်တီးနဲ့ စည်းပြီး ဆေးဘက် အကူအညီ အမြန်ဆုံး ရယူသင့်သည်။


သတိပြုရန်

မျက်စိကို ဒဏ်ရာ မရအောင် အထူးဂရုစိုက် သင့်သည်။ ဖုန်၊ ခဲ၊ သဲ၊ ဖွဲကြမ်း၊ မီးသွေးမှုန့် တို့ကဲ့သို့သော အရာဝတ္ထုများ မျက်စိထဲဝင်လျှင် အခံရခက်ကာ မျက်စိနာ တတ်သည်။ မျက်စိနီရဲပြီး မျက်ရည်အမြဲ ယိုနေတတ်သည်။ မျက်လုံးထိ စူးဝင်လျှင် ပြင်းထန်ပါက မျက်စိပျက်စီး နိုင်သည်။

ပြင်ပပစ္စည်း

မျက်ကြည်လွှာတွင် ကပ်နေလျှင် ဖယ်ထုတ်ဖို့ မကြိုးစားသင့်ပါ။ မျက်ကြည်လွှာ အပြင် မျက်မြှေးပါးတွင် ရှိနေမှ ထုတ်ပစ်သင့် ပါသည်။ တစ်ခါတရံ အပေါ်မျက်ခွံ အတွင်းပိုင်းမှာ ဖုန်စ၊ အမှိုက်စနှင့် သေးငယ်သော ပိုးမွှားကောင်များ တစ်နေရာရာ တွင်ကပ်နေလျှင် မြင်အောင် ကြည့်ပြီးမှ လက်ကိုင်ပဝါ ထောင့်စွန်းကို ရေဆွတ်ပြီး ဖယ်ထုတ် နိုင်သည်။

ပြုစုနည်း 

မျက်စိကို လုံးဝ မပွတ်သင့်ပါ။ ကလေးကို ငြိမ်ငြိမ် ထားသင့်သည်။ ပြုစုသော သူက လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးရမည်။ ပြင်ပ ပစ္စည်းသည် မြင်နိုင်ပြီး မျက်သားအတွင်း စူးဝင်ခြင်း မဟုတ်လျှင် ဂွမ်း သို့မဟုတ် သန့်ရှင်းသော လက်ကိုင်ပဝါ၊ အဝတ်၊ ပိတ်ပါး စဖြင့် ထောင့်စွန်းကို ရေဆွတ်ပြီး ဆွဲထုတ်ရမည်။ ပြင်ပပစ္စည်းကို ရေအပြည့် ထည့်ထားသော ရေပုံး၊ ရေခွက်တွင် မျက်နှာနှစ်ပြီး ဖွင့်ချည် ပိတ်ချည် လုပ်၍ ထုတ်နိုင်သည်။ တက်ထရာ ဆိုင်ကလင်း မျက်စဉ်းဆေး ထည့်နိုင်သည်။ အက်စစ်၊ အယ်ကာလီ ဝင်လျှင်ရေများများဖြင့် ဆေးကြော ပေးရမည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

အသေးစား နှင့် အလတ်စား လုပ်ငန်းများအတွက် လိုအပ်မှုရှိသော ဒေသများကို ငွေကျပ် တစ် ဘီလီယံ အပိုထပ်ဆောင်း ထုတ်ပေးမည်



ရန်ကုန် ၊ ၂၆-၁၁-၂၀၁၄

မြန်မာ့ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက် လိုအပ်ချက်များသည့် ဒေသများသို့ ငွေကျပ် ၁ ဘီလီယံ အပိုထပ်ဆောင်း ထုတ်ချေး သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အသေးစား နှင့် အလတ်စား လုပ်ငန်း များအတွက် စက်မှုဝန်ကြီး ဌာနမှ ငွေကျပ် ၂ဝ ဘီလီယံ ထုတ်ချေးထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုလျှင် ငွေကျပ် ၁ ဘီလီယံစီ ထုတ်ချေးမည် ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် မန္တလေးတိုင်း ဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီး ကဲ့သို့သော လိုအပ်ချက် များသည့် ဒေသများတွင် ငွေကျပ် ၁ ဘီလီယံ အပိုထပ်ဆောင်း ထုတ်ချေးရခြင်း ဖြစ်သည်။ ထို့အပြင် ပြည်တွင်း ရှိ အသေးစား နှင့် အလတ်စား လုပ်ငန်းရှင် များအား SMIDB ဘဏ်မှတစ်ဆင့် ချေးငွေ ထုတ်ချေးပေး နေသည်မှာ တစ်လခွဲခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ချေးငွေများ ထုတ်ချေးရာတွင် တည်ဆဲ ဥပဒေအရ အပေါင်ပစ္စည်း ရှိရန် လိုအပ်ပြီး စက်မှုဝန်ကြီး ဌာန အနေဖြင့် ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်း ဆွေးနွေးပြီး မြေယာများ အတွက် ဂရန် ရရှိအောင် လုပ်ဆောင် ပေးခြင်း ဖြစ်သည်။ ယင်း လုပ်ငန်းများ အနေဖြင့် ဂရန် နှင့် ချေးငွေ ရရှိရန် လုပ်ဆောင် ပေးခဲ့ကြောင်း၊ ချေးငွေများကို တိုင်းဒေသကြီး နှင့် ပြည်နယ် တစ်ခုစီရှိ လုပ်ငန်းရှင် ၃ဝ မှ ၄ဝ ဦးခန့်အား ထုတ်ပေး နေသော်လည်း ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် မန္တလေးတိုင်း ဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီး များတွင် လုပ်ငန်းရှင် ပိုမိုများပြား သောကြောင့် ထပ်ဆောင်း ချေးငွေ ထုတ်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ် နှင့် စင်ကာပူ နိုင်ငံတို့မှ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက် ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅ဝ ထုတ်ချေးရန် MoU ရေးထိုးပြီး ဖြစ်သည်။ အဆိုပါ ချေးငွေများကို ၂ဝ၁၅ ခုနှစ်အတွင်း ထုတ်ပေးရန် စီစဉ်ထားပြီး အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် စင်ကာပူနိုင်ငံ မှ သန်း ၂ဝ နှင့် ဗီယက်နမ်နိုင်ငံ မှသန်း ၃ဝ ချေးယူခြင်း ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

ဂျပန်-မြန်မာ ကင်းထောက်များ ပူးပေါင်း၍ လေးရက်ကြာ စခန်းသွင်း လေ့ကျင့်မည်


ရန်ကုန် ၊ ၂၆-၁၁-၂၀၁၄

ဂျပန်-မြန်မာ ကင်းထောက်များ ပူးပေါင်း၍ ကင်းထောက် စခန်းသွင်း လေ့ကျင့်မှု တစ်ရပ်ကို နေပြည်တော် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ၌ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ရုံးပိတ်ရက် မပါ လေးရက်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ စခန်းသွင်း လေ့ကျင့်မှုတွင် မြန်မာနိုင်ငံ အခြေခံပညာ ကျောင်းများမှ ဆဋ္ဌမတန်း နှင့် သတ္တမတန်း အရွယ် ကင်းထောက် ၄၅ ဦး၊ ကင်းထောက် နည်းပြ ၁၂ ဦး၊ ဂျပန်နိုင်ငံမှ ကင်းထောက် လူငယ် ၁၈ ဦး၊ ကင်းထောက် နည်းပြ ၁၂ ဦးပါဝင်မည် ဖြစ်ပြီး ဂျပန် ကင်းထောက်များမှ ကမ္ဘာ့ ကင်းထောက် အတွေ့အကြုံ များကို လက်ဆင့်ကမ်း ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။ " အခုလို ဂျပန် အိုဆာကာ ကင်းထောက်အဖွဲ့ ရဲ့ လာရောက် ပူးပေါင်း လေ့ကျင့်မှု ဟာ နိုင်ငံတကာ အတွေ့အကြုံ တွေကို ရရှိနိုင်တဲ့ လမ်းကြောင်း တစ်ခုပါပဲ။ ဒီလိုချိတ်ဆက်မှု ရှိလာတာက မြန်မာနိုင်ငံကို ကမ္ဘာ့ ကင်းထောက် အဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု ခံရဖို့ အခွင့်အရေး ဖြစ်လာပါတယ် ... '' ဟု မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်မှ ကင်းထောက်ကြီး ဒေါ်တင်လှကြည် က ပြောသည်။

ဂျပန် အိုဆာကာ အမျိုးသမီး ကင်းထောက် အဖွဲ့သည် မြန်မာနိုင်ငံ ကင်းထောက် များနှင့် ဒုတိယ အကြိမ် ပူးပေါင်း စခန်းသွင်း လေ့ကျင့်ရန် လာရောက်ခြင်း ဖြစ်ပြီး စခန်းသွင်း လေ့ကျင့်မည့် လေးရက် အတွင်း တဲထိုးခြင်း၊လက်မှု ပညာရပ်များ ဖလှယ်ခြင်း၊ ရိုးရာ အစားအစာ ချက်ပြုတ်နည်းများ ဖလှယ်ခြင်း၊ ညမီးပုံပွဲ ကျင်းပခြင်း၊ နေပြည်တော် အနီးရှိ ကျေးရွာတစ်ရွာ သို့ လေ့လာရေး ခရီး သွားရောက်ကာ ရွာခံ ကလေးများကို တစ်ကိုယ်ရေ သန့်ရှင်းရေး ပညာပေး ခြင်းများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်

ကန်တော်ကြီး ကရ၀ိတ်ဥယျာဉ်ကမ္ဘာ တွင် ပထမဆုံး 3D ပန်းချီ ရေးဆွဲပြီးစီး



ရန်ကုန် ၊ ၂၆-၁၁-၂၀၁၄

ရန်ကုန်မြို့တွင် ပထမဆုံး 3D ပန်းချီကို ကန်တော်ကြီး ကရဝိက်ဥယျာဉ် ကမ္ဘာအတွင်း၌ နိုဝင်ဘာ ၂၂ ရက်က စတင်ရေးဆွဲ ခဲ့ပြီး နိုဝင်ဘာ၂၄ ရက်တွင် အပြီးသတ် ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ 3D ပန်းချီကို ပုသိမ်မြို့၌ မြန်မာနိုင်ငံ၏ ပထမဆုံးသော 3D ပလက်ဖောင်း ရေးဆွဲခဲ့သော ပန်းချီဆရာ ကိုသက်နောင် က ရေးဆွဲခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်တွင် စတင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ 3D ပန်းချီကို ကရဝိက်ဥယျာဉ် ကမ္ဘာအတွင်း တိရစ္ဆာန်ရုံငယ် အနီးရှိ လှေကားတွင် ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး အပန်းဖြေ လာရောက်သူများ စိတ်ဝင်တစား လာရောက် ကြည့်ရှု ကြကြောင်း ပန်းချီရေးဆွဲ နေသည့် ကိုသက်နောင် က ပြောသည်။

''အရှည်က ပေ ၇ဝ၊ အကျယ်က ၆ ပေလောက် ရှိတာဆိုတော့ စမ်းချောင်း လေးပဲ ဆွဲဖြစ်တယ်။ စိတ်ဝင်စား အောင် ဘယ်လို Effect တွေ ထည့်မလဲ စဉ်းစားပြီး မိကျောင်းတွေ ချောက်ထဲက တက်လာတာကို ဆွဲထားတယ်။ မျောက်ကလေး တွေ၊ မြွေလေးတွေ လည်းပါမယ်။ တံတားလေးလည်း ပါတော့ ဓာတ်ပုံ ရိုက်မယ်ဆိုရင် အဲဒီအပေါ် ကိုလည်း တက်ရိုက်လို့ ရတယ်။ ကျောက်တုံး တွေလည်း ထည့်ထားတော့ အဲဒီပေါ်မှာ ဓာတ်ပုံတက် ရိုက်လို့ရတယ် ... '' ဟု ၄င်းက ပြောသည်။

''လာရောက် အပန်းဖြေတဲ့ လူတွေ အမှတ်တရ ဓာတ်ပုံရိုက်လို့ ရအောင်ပါ။ နောက်ပြီး 3D ကို မြန်မာနိုင်ငံ မှာလည်း လုပ်နိုင်တယ် ဆိုတာကို ပြချင်လို့ပါ။ လာရောက် အပန်းဖြေတဲ့ သူတွေရဲ့ စိတ်ဝင်စားမှု အပေါ် မူတည်ပြီး ကန်တော်ကြီး ထဲက နေရာ တော်တော် များများမှာ ရေးဆွဲသွားဖို့ အစီအစဉ် ရှိပါ တယ် ... '' ဟု ကန်တော်ကြီး ကရဝိက်ဥယျာဉ် ကမ္ဘာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကိုသက်နောင် ကို ပုသိမ်မြို့၌ 3D ပန်းချီ ရေးဆွဲပြီးသည့် အချိန် ကတည်းက အလုပ်လာရောက် အပ်နှံမှုများ ရှိနေခဲ့ပြီး မကြာမီ ရက်ပိုင်းအတွင်း စမ်းချောင်း မြို့နယ် အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင် တွင်လည်း 3D ပန်းချီရေးဆွဲ ပေးရန် လက်ခံ ထားကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

အမျိုးသမီး ငါးဦးတွင် တစ်ဦး လေဖြတ်ရောဂါ ဖြစ်ပွားနိုင်


ရန်ကုန် ၊ ၂၆-၁၁-၂၀၁၄

ယခုအခါ ကမ္ဘာနှင့်အဝန်း ပြောင်းလဲလာသည့် လူနေမှုစနစ်များ အရ အမျိုးသားများ သာမက အမျိုးသမီးများပါ ဆေးလိပ် သောက်ခြင်း၊ အရက်သေစာ သောက်ခြင်း၊ မူးယစ်ဆေးဝါး များ သုံးစွဲလာခြင်း တို့ကို ပိုမို တွေ့ရှိ လာရပြီး အထက်ပါ အချက်များသည် အမျိုးသမီး များတွင် လေဖြတ်ရောဂါ ကို ပိုမိုဖြစ်ပွား စေသဖြင့် အမျိုးသမီး ငါးဦးတွင် တစ်ဦး လေဖြတ်ရောဂါ ဖြစ်ပွား နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့် က ပြောသည်။

လေဖြတ်ရောဂါ ဖြစ်စေသည့် အခြေအနေများ ဖြစ်သော ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောရောင် ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ နှလုံးခုန် မမှန်သည့် ရောဂါနှင့် စိတ်ကျရောဂါ များသည် အမျိုးသမီး များတွင် ပို၍အဖြစ်များလေ့ ရှိသည်။

''အမျိုးသမီးတွေဟာ သန္ဓေ တားဆေးတွေ အသုံးပြု ကြရပြီး သဘာဝအရ ကိုယ်ဝန်ဆောင်မှု များကို ရှောင်လွှဲကြ ပါတယ်။ ကိုယ်ဝန်ဆောင် သည်တွေဟာ လေဖြတ်ရောဂါ ဖြစ်နိုင်ခြေ ပိုများပြီး ကိုယ်ဝန်ဆိပ် တက်ခြင်း၊ အသက်ကြီးမှ ကိုယ်ဝန် ဆောင်ခြင်း၊ သွေးကြော ပေါက်ခြင်း၊ နှလုံးရောဂါ ရှိခြင်း၊ သွေးချိုရှိခြင်း နဲ့ သွေးပျစ်ခြင်း တို့ကြောင့် ကိုယ်ဝန် သုံးလကနေ ခုနစ်လ ကြားမှာ လေဖြတ်ခြင်း ဖြစ်ပေါ် စေနိုင်ပါတယ် ... '' ဟု မြောက်ဥက္ကလာပ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာနမှ ပါမောက္ခ ဒေါက်တာ ဖြူဖြူလေး က ပြောသည်။ 

ကိုယ်ဝန်ဆောင်စဉ် လေဖြတ်ခြင်းကြောင့် သေဆုံးမှုမှာ ၄ ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်း အထိ တိုးမြင့်လာကာ လေဖြတ်ပြီး သေဆုံးသည့် လူနာ ၁ဝ ဦးတွင် ခြောက်ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။ ကူးစက်ရောဂါ မဟုတ်သော ရောဂါများ အနက် လေဖြတ်ရောဂါ သည် ဒုတိယ နေရာတွင် ရှိပြီး တစ်နှစ်လျှင် လူဦးရေ ၁၅ သန်းခန့်သည် လေဖြတ်ရောဂါ ခံစားနေရကာ ၄င်းတို့အနက်မှ လူဦးရေ ခြောက်သန်းမှာ အသက်ဆုံးရှုံးလျက် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

ဒိန်ချဉ်သောက်ခြင်း သည် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်


ဒိန်ချဉ်သောက်ခြင်း သည် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်

အမေရိကန်နိုင်ငံ ၏ ဟားဗတ် ပြည်သူ့ ကျန်းမာရေးကျောင်း မှ သုတေသီတို့၏ လတ်တလော ရှာဖွေ တွေ့ရှိချက်အရ ဒိန်ချဉ်ကို နေ့စဉ် ၂၈ ဂရမ်ခန့် သောက်သုံး ပေးခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချ ပေးနိုင်ကြောင်း သိရသည်။

၂၈ ဂရမ်ဟု ဆိုရာတွင် အိုးငယ် တစ်လုံး၏ လေးပုံတစ်ပုံခန့် ပမာဏ ဖြစ်ပြီး ၄င်း အချိန်အဆဖြင့် ဒိန်ချဉ်ကို နေ့စဉ် သောက်သုံး ပေးပါက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၁၈ ရာခိုင်နှုန်းခန့် လျှော့ချနိုင်မည် ဖြစ်သည်။

ဟားဗတ်ကျောင်း မှ သုတေသီ တို့က အမျိုးသမီးနှင့် အမျိုးသား ဦးရေ နှစ်သိန်းတို့ကို နှစ် ၃ဝ ခန့် လေ့လာခဲ့ရာ ၄င်းတို့၏ နေ့စဉ် အစားအသောက် ပုံစံကိုလည်း အသေးစိတ် မှတ်သား ခဲ့ကြသည်။ စမ်းသပ်ခံ သူများက အစတွင် ဆီးချိုရောဂါ မရှိသော်လည်း နှစ် ၃ဝ အတွင်း စမ်းသပ်ခံ သူများအနက် ၁၅၁၅၆ ဦးခန့်သည် ဆီးချိုရောဂါ ရှိလာသည်ကို တွေ့ရသည်။

ထို့ကြောင့် သုတေသီများက စမ်းသပ်ခံများ၏ စားသောက်ပုံ မှတ်တမ်းများကို ပြန်လည်လေ့လာ ခဲ့ရာ နို့ထွက်ပစ္စည်း စားသုံးသူများ ကို သတိထားမိ ခဲ့ကြသည်။  ၄င်းတို့အနက် နွားနို့နှင့်ဒိန်ခဲ စားသုံးသူ များတွင် သိသာသော ပြောင်းလဲမှု များကို မတွေ့ခဲ့ရ သော်လည်း ဒိန်ချဉ်သောက်သုံးသူများက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျော့နည်း နေသည်ကို တွေ့ရှိခဲ့ကြသည်။ အဆိုပါ သုတေသီတို့ လေ့လာခဲ့သည့် ဆီးချိုရောဂါ အမျိုးအစား (၂)သည် အဝလွန် ခြင်းကြောင့် ဖြစ်တတ်ပြီး ၄င်းဆီးချို အမျိုးအစားကို လူလတ်ပိုင်း အရွယ်များတွင် များစွာ တွေ့ရကာ ဆီးချိုရောဂါ အမျိုးအစား (၂) ရှိသူများက မျက်စိကွယ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းနှင့် လေဖြတ်ခြင်း တို့ ဖြစ်နိုင်သည်။

အခြား လေ့လာချက် များတွင်လည်း ဒိန်ချဉ်၏ ကျန်းမာရေး အထောက်အကူ ပြုပုံများကို တွေ့ရှိခဲ့သည်။ ဒိန်ချဉ်တွင် ပါဝင်သော ဗက်တီးရီးယား များက ခန္ဓာကိုယ် ၏ ဇီဝဖြစ်စဉ်ကို ပုံမှန် အလုပ်လုပ် စေခြင်းနှင့် မိမိတို့၏ ဝမ်းဗိုက်အတွင်း အဆီကို ဖြစ်စေသော ဗက်တီးရီးယား များကိုလည်း သေစေနိုင်သည်။ ဆီးချိုရောဂါ အမျိုးအစား(၂) ကို ကာကွယ်နိုင်ရန် ခန္ဓာကိုယ် အလေးချိန် များစွာ တိုးစေနိုင်သည့် အစားအသောက် များ ရှောင်ခြင်း၊ ကျန်းမာရေး အတွက် လှုပ်ရှားမှု တစ်မျိုးကို စွဲစွဲမြဲမြဲ လုပ်ဆောင်ခြင်း၊ အငန်ဓာတ်၊ အချိုဓာတ် နှင့် အဆီဓာတ် နည်းသော အစားအစာ များကို စားသုံးပေး နိုင်ပြီး မိမိတို့၏ နေ့စဉ် အစားအသောက် တွင် ဒိန်ချဉ်ကို ပုံမှန်ထည့်သွင်း စားသုံးခြင်းဖြင့် ဆီးချိုရောဂါ မှ ကာကွယ် ရာတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။

ဒိန်ချဉ် သောက်သုံး ပေးခြင်းဖြင့် ကျန်းမာရေး အတွက် များစွာသော အကျိုးကျေးဇူး ရရှိနိုင်မည့် အပြင် ဒိန်ချဉ်မှာ ဈေးနှုန်း ချိုသာပြီး သက်ကြီးရွယ်အို များအတွက် ကောင်းမွန်သော ဓာတ်စာ တစ်မျိုးလည်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ပညာရေးအားနည်းသော ကျောင်းသားများအတွက် သက်မွေးစက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်


မန္တလေး ၊ ၂၆-၁၁-၂၀၁၄

အတန်းပညာ သင်ကြားမှု ပိုင်းတွင် အားနည်းသော ကျောင်းသားများ အတွက် သက်မွေး စက်မှု သင်တန်းကျောင်း များ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင်း က ပြောပြသည်။ အတန်းပညာ စတင်သည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ တက္ကသိုလ်ဘွဲ့ မရခင် အချိန်အတွင်း စာသင်ခန်းများမှ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းထွက်သွား ရသူ လူငယ်များ အတွက် မိမိတို့ စိတ်အား ထက်သန်သည့် ပညာရပ်များကို သက်မွေးပညာများ အဖြစ် စက်မှု သင်တန်းကျောင်း များ ဖွင့်လှစ်မည် ဖြစ်သည်။

ပညာရေး ဆုံးခန်း မတိုင်သော ကျောင်းသားများမှာ ကမ္ဘာ့နိုင်ငံ တိုင်းတွင် ရှိသော်လည်း မြန်မာနိုင်ငံတွင် အရေအတွက် ပိုများ၍ အများစုမှာ ပြင်ပ လုပ်ငန်းရှင်များ ထံသို့ ရောက်ရှိ သွားကြောင်း သိရသည်။ ယခင်က မြန်မာနိုင်ငံတွင် သက်မွေးပညာသင် ကျောင်းများ ရှိခဲ့ဖူး သော်လည်း ကာလ အတန်ကြာ ၄င်းတို့ ပျောက်ကွယ် သွားခဲ့ရ သဖြင့် လူငယ် အများစုမှာ ပြင်ပသို့ ရောက်ရှိခဲ့ရပြီး မကြာမီတွင် မူလတန်းအဆင့် သက်မွေးပညာ၊ အလယ်တန်းအဆင့် သက်မွေးပညာ၊ အထက်တန်းအဆင့် သက်မွေးပညာရပ် များ သင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။

''ပုဂ္ဂလိက သက်မွေးပညာ စက်မှုကျောင်း တွေကိုလဲ စနစ်တကျ ဖွင့်ခွင့် ပေးသွားမှာပါ။ မြန်မာမှာရှိတဲ့ ပန်း ၁ဝ မျိုး ပညာရပ်တွေလဲ ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဒီမှာ ကျွမ်းကျင်လုပ်သား မရှိတဲ့အတွက် ကျွမ်းကျင် ဝန်ထမ်းတွေ ဟာလဲ တစ်ဆင့်နိမ့်ပြီး လုပ်ကိုင် နေရတဲ့ ပြဿနာလဲ ပြေလည်သွားမှာ ဖြစ်ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြန်မာနိုင်ငံတွင် မူလတန်း အဆင့်မှ အလယ်တန်း အဆင့်သို့ ကူးပြောင်းချိန်တွင် ကျောင်းသား ၁ဝ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး အထက်တန်း အဆင့်နှင့် တက္ကသိုလ် ပညာများ ဆည်းပူးချိန် တွင်လည်း နှစ်အလိုက် တက်ရောက်နိုင်မှု ကျောင်းသား လျော့နည်း သွားလေ့ ရှိကြောင်း သိရသည်။ လာမည့်နှစ်များ အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက် လာတော့မည် ဖြစ်သဖြင့် ကျွမ်းကျင် လုပ်သားများ၊ အသိ ပညာရှင်များ၊ အတတ် ပညာရှင်များလည်း အများအပြား လိုအပ် လာတော့မည် ဖြစ်ကြောင်း သိရသည်။(၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

စွမ်းရည်ကိုယ်စီ ပူးပေါင်း ဖော်ဆောင်


စွမ်းရည်ကိုယ်စီ ပူးပေါင်း ဖော်ဆောင်

မူလတန်း စာအုပ်တွင် ပါသော ဆင်နှင့်မျောက် ပုံပြင်ကို ဖတ်ဖူးကြမည် ဖြစ်သည်။ ဆင်နှင့် မျောက်တို့ စွမ်းရည်ကိုယ်စီ ရှိသည်ကို ပညာရှိဇီးကွက် က လက်တွေ့ စမ်းသပ်ပြခြင်း ဖြစ်သည်။ ရေးစီးသန်သော မြစ်တစ်ဖက်ကမ်းရှိ သရက်ပင်မှ သရက်သီးကို ခူးခိုင်းသည်။ အားသန်၍ ရေကူးကျွမ်း ကျင်သော ဆင်ကေ မျာက်ကို ကျောပေါ်တင်၍ မြစ်ကို ကူးပေးသည်။ တစ်ဖက်ကမ်းရှိ သရက်ပင် ပေါ်မှ သရက်သီးကို မျောက်က ခူးပေးသည်။

ဤသို့လျှင် သတ္တဝါတိုင်းတွင် ကျွမ်းကျင်လိမ္မာ စွမ်းရည်ကိုယ်စီ ရှိပြီးဖြစ်သည်။ နေရာဒေသ လိုက်၍ စွမ်းဆောင် နိုင်ကြသူများ ဖြစ်သည်ကို ပုံပြညွှန်းဆိုခြင်း ဖြစ်သည်။ အလားတူ လူသားတို့ အနေဖြင့် သူ့နေရာ သူ့ဒေသ အလိုက် လူတစ်ဦးချင်း စီတွင် ထိုက်သင့်သည့် စွမ်းဆောင်ရည်များ အသီးသီး ရှိကြသည်။

လူတိုင်း လူတိုင်းသည် သူ့နေရာနှင့်သူ ကျွမ်းကျင်လိမ္မာ ဉာဏ်ပညာ ရှိကြသည်။ အချိန်အခါ နေရာဒေသ အလိုက် အသုံးချတတ်ဖို့ သာဖြစ်သည်။ ဆင်စီး ကျွမ်းကျင်သော ဆင်ဦးစီးသည် ဆီသည် ပုံမှန် လုပ်နေကျ ဆီဘူးအတွင်း ဆီခြင်ခွက်နှင့် ဖြည့်ခြင်းကို မဖိတ်စဉ်အောင် မလုပ်နိုင် သကဲ့သို့ ဆီသည် ကလည်း ဆင်ဦးစီး အလုပ်ကို လုပ်တတ်မည် မဟုတ်ပေ။

ထို့ကြောင့် လူတိုင်းလူတိုင်း သူ့နေရာနှင့်သူ ကျွမ်းကျင်လိမ္မာ ကြသကဲ့သို့ ထို ကျွမ်းကျင်မှုကို ထိထိ ရောက်ရောက် အသုံးချတတ်ရန် လိုအပ်သည်။ အားလုံးကို နှံ့စပ်သိမြင် နိုင်သူမှာ ပညာရှိ ဖြစ်သည်။ နယ်ပယ်တစ်ခု၊ ပညာရပ်တစ်ခု အတွက် ထူးချွန်လိမ္မာ ထက်မြက်ရန်မှာ လူတိုင်းအတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျွမ်းကျင်ရာ လိမ္မာတတ်ကျွမ်း သည့် လူတစ်ဦးချင်း စီ၏ အသိအလိမ္မာ ကိုရယူ အသုံးချ တတ်ရန် လိုသည်။

မျက်မှောက် ကာလတွင် ပွင့်လင်းမြင်သာ လာမှုနှင့်အတူ ပညာခေတ်သို့ ရောက်ရှိ လာချိန်တွင် ထိုကဲ့သို့ ကျွမ်းကျင် လိမ္မာသူများကို အမြောက်အမြား မွေးထုတ်ပေးရန် လိုသည်။ ငုပ်လျှိုး နေသော ရွက်ပုန်းသီးများ၊ ထုတ်မသုံး နိုင်သော မီးခဲပြာဖုံး များကို ဖော်ထုတ် အသုံးပြုနိုင်ရန် လိုသည်။

ယခုအခါ မိမိတို့နှင့်အတူ လုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင်၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်အောင် လွတ်လပ်စွာ ဆောင်ရွက် နိုင်ချိန်တွင် လူတစ်ဦးချင်း စီအလိုက် ကျွမ်းကျင်ရာ လိမ္မာရာ တို့ကို အစွမ်းကုန် ဖော်ထုတ် ပြသရန် အချိန်ဖြစ်သည်။ ထိုသို့ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကျွမ်းကျင်မှု ကိုပြသ၍ ဆောင်ရွက်ကြ ရမည် ဖြစ်သကဲ့သို့ ဆင်နှင့် မျောက်ပမာ တစ်ဦး၏ ကျွမ်းကျင်မှုဖြင့် တစ်ဦးကို ကူညီ၍ ရည်မှန်းချက် အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ကျွမ်းကျင် ပညာရှင်များ၊ အတတ်ပညာရှင်၊ အသိပညာရှင် များ မွေးထုတ်၍ ထို အတတ်ပညာရှင်၊ အသိပညာရှင် များ၏ ကျွမ်းကျင်မှု စွမ်းရည်များ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် တည်ဆောက်၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် ကို အလျင်အမြန် ပုံဖော်ထုဆစ် နိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

သရက်ကျီးပေါင်း ထနောင်းပင်ခွာ တမာတစ်ခက် သွားတစ်သက်


သရက်ကျီးပေါင်း ထနောင်းပင်ခွာ တမာတစ်ခက် သွားတစ်သက်

ကြည်မြင့်လွင် (မုဒြာ)

စာရေးသူတို့ အများသိကြ သည်မှာ တစ်မာတစ်ခက် သွားတစ်သက် ဟုသာ သိခဲ့ကြသည်။ သရက်ပင်နှင့် ထနောင်းပင် တို့၏ သွားနာအတွက် အသုံးဝင်ပုံကို မသိခဲ့ကြပေ။ ဤ လင်္ကာကို ဖော်ပြ ထားသော ဆေးမီးတို ကျမ်းစာငယ်မှာ မြိုင်နံ့သာ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ ၏ မြိုင်နံ့သာ ဆေးမြီးတိုကျမ်း (၁၉၅၆ခုနှစ်ထုတ်) မှ ဖြစ်သည်။

သွားနာ၊ သွားနဲ့၊ သွားယိုင်၊ သွားပြည်တည်နာ များအတွက်

(၁) သရက်ပင်အိုတွင် တက်သောကျီးပေါင်း။
(၂) ထနောင်ပင်ခြေတွင်ရှိသောခွာ(အမြစ်ခေါက်)။
(၃) တမာပင်၏အကိုင်း၊ အခက်၊ အရွက်။

အထက်ဖော်ပြပါ ဆေးမည် သုံးမျိုးကို ရအောင်ရှာ၍ အလေးချိန် ၁ဝ ကျပ်သားခန့်စီ စုပေါင်းပြီး (ရှေးကနည်း) မြေအိုး တစ်လုံးတွင် ထည့်ပါ။ ရေအပြည့် ထည့်ပြီး သုံးပုံတစ်ပုံ ခန်းအောင် မီးဖြင့် ကျိုချက်ပါ။ အအေးခံပြီးနောက် ဖန်ပုလင်းများတွင် ထည့်၍ သိမ်းထားပါ။ သွားယိုင်၊ သွားနဲ့၊ သွားခြေနာ၊ သွားပြည်တည်နာ များကို သက်သာ စေသောဆေး ဖြစ်သည်။ နေ့စဉ် တစ်နေ့သုံးကြိမ် ငုံထွေး ပေးရန်လိုသည်။ သွားကိုက်၊ သွားခြေရောင်၊ ပြည်တည် သူများမှာ ခံနိုင်သမျှ ပူပူငုံထွေး ရမည်ဟု ဆိုသည်။

သွားနာ၊ သွားခြေနဲ့ လျှင် သိပ်ပေးရန် ဆေးမှာ အထက် ဖော်ပြပါ သုံးမျိုးလုံး ဖြစ်စေ၊ မရလျှင် တမာရွက်ကြမ်း များကို အိုးကင်းနှင့် မီးပေါ်တွင် ကျွမ်းအောင် လှော်ပြီး ပြာကျသွားသော အမှုန့်ကို သွားအခြေတွင် သိပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်သည်ဟု ဆိုသည်။

သွားနာရောဂါ မရှိသော်လည်း ခံတွင်း အနံ့နံသူ၊ အာပုပ်စော်နံ ရောဂါရှိသူ၊ လည်ချောင်းနာသူ၊ အာသီးရောင် ရောဂါရှိသူ၊ လျှာနာ၊ အာခေါင်နာ၊ ပါးစပ်ကွဲနာ၊ ကျီးကန်း ပါးစပ်နာ ရှိသူများမှာ တမာပင်၏ အခေါက်၊ အကိုင်း၊ အရွက် သုံးပါးလုံးကို ဆားဖြင့် ပြုတ်ပြီး အာလုပ် ကျင်းခြင်း၊ လည်ချောင်းအထိ ရောက်အောင် ဦးခေါင်းကို မော့၍ အာလုပ် ကျင်းခြင်းများ ပြုလုပ်လျှင် သက်သာ စေသည်ဟု ဆိုသည်။

ဆားရည်သည်လည်း ခံတွင်းနှင့် လည်ချောင်း အတွက် အရောင်ကျ၊ အပုပ်အခိုး နိုင်သောဆေး ဖြစ်သည်။ အာသီးရောင် ရောဂါကို ဆားရည် နွေးနွေးငုံပေး ခြင်းဖြင့် သက်သာစေသည်။ မျက်စိမှာရည် (ရေ)၊ နားမှာ
ဆီ၊ ဒန္တီမှာ ဆား၊ ဝမ်းမှာခါး ဟူသော ဆေးလင်္ကာ ရှိသည်။

လူတို့၏ သွားများသည် အသီးအရွက် များကို ကိုက်ဖြတ်ရန် နှင့် အစေ့အဆန် များကို ကြိတ်ဝါးရန် သွားနှစ်မျိုး ပါဝင်သည်ဟု ဆိုသည်။ သို့သော် အသားစားရန်အတွက် ချွန်ထက်သော သွားမျိုး မပါပေ။ လူတို့သည် အသားစားသော အခါ အသားအမျှင် အစများ သွားကြားတွင် ညပ်ပြီးနောက် ပုပ်သိုးသွား သောအခါ သွား၏ ကြွေသွားအလွှာ ကို အက်ဆစ်ဓာတ်က စားသွားခြင်းကြောင့် သွားနာ၊ သွားနဲ့ ရောဂါ ဖြစ်လာရသည်။ အသားမှ ထွက်သော အက်စစ်ဓာတ် ကို သွားများက ခံနိုင်ရည် မရှိခြင်းကြောင့် အသားစားခြင်းမှ ရှောင်ကြဉ်သူ များသည် သွားနာရောဂါ ဘေးမှ ပို၍ ကင်းဝေးနိုင် ကြသည်။

သွားများ ပျက်စီးဆုံးရှုံး သွားလျှင် လူကြီးများ အဖို့ နောက်ထပ် အသစ် ထပ်မံ မပေါက်နိုင်တော့ သောကြောင့် သွားကောင်း နေစဉ်ကပင် သတိပြုဆင်ခြင် သုံးစွဲသင့်သည်။ အလွယ်ကူဆုံး နည်းမှာ ထမင်း စားသည် ဖြစ်စေ၊ အဆာခံမုန့် စားသည် ဖြစ်စေ စားသောက်ပြီးတိုင်း ရေသန့်သန့်ဖြင့် ပလုတ်သုံးကြိမ် ခန့် ကျင်းပေး ခြင်းဖြင့် ကာကွယ် နိုင်ကြောင်း တင်ပြ လိုက်ရ ပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၁၁-၂၀၁၄) ဗုဒ္ဓဟူးနေ့


မြ၀တီနေ့စဉ်သတင်းစာ (၂၆-၁၁-၂၀၁၄) ဗုဒ္ဓဟူးနေ့


Download Links


Tuesday, November 25, 2014

ကန်ထရိုက်တာ နှင့် အင်ဂျင်နီယာ လိုင်စင်ကြေးများ တိုးမြှင့် ကောက်ခံသွားမည်


ရန်ကုန် ၊ ၂၅-၁၁-၂၀၁၄

၂ဝ၁၅ ခုနှစ်တွင် လိုင်စင် ကန်ထရိုက်တာ များနှင့် လိုင်စင် အင်ဂျင်နီယာ များ၏ လိုင်စင် မှတ်ပုံတင်ကြေးများ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) မှ သိရသည်။

အဆိုပါ လိုင်စင်ကြေးများ တိုးမြှင့် ကောက်ခံရခြင်း သည် လိုင်စင်ရ အင်ဂျင်နီယာ၏ လက်မှတ်ကို အခြား သူများက ကိုယ်စားထိုးသူ မရှိစေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး လက်မှတ်ထိုး ပေးခြင်း အတွက် ငွေကျပ် လေးသိန်း ရကြောင်း သိရသည်။

ထို့အပြင် ကြီးကြပ်သူက လုပ်ဆောင် ပေးပါက ငွေကျပ် ၁ဝ သိန်းရရှိပြီး လိုင်စင် ကန်ထရိုက်တာ များကလည်း အမည်ခံ လက်မှတ် ထိုးခြင်းများ လုပ်ဆောင် လာခြင်းကြောင့် တိုးမြှင့်ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက်မှ မေလကုန်အထိ ကန်ထရိုက်တာ လိုင်စင်ကြေး တိုးမြှင့် ကောက်ခံမည် ဖြစ်သည်။ ယင်း တိုးမြှင့် ကောက်ခံမည် ဖြစ်သော လိုင်စင်ကြေး များမှာ အကြီးတန်း ကန်ထရိုက်တာ မှတ်ပုံတင်ကြေး ငွေကျပ် ၁ဝ သိန်း၊ အငယ်တန်းကန်ထရိုက်တာ မှတ်ပုံတင်ကြေး ငွေကျပ် ငါးသိန်း၊ အကြီးတန်း ကန်ထရိုက်တာ နှစ်စဉ်ကြေးကို ယခင် ငွေကျပ် ၂၁၆ဝဝဝ မှ ယခုငွေကျပ် ငါးသိန်း အထိ တိုးမြှင့်မည် ဖြစ်ပြီး အငယ်တန်း ကန်ထရိုက်တာ နှစ်စဉ်ကြေးကို ယခင် ငွေကျပ် ၁၂ဝဝဝဝ မှ ယခု ငွေကျပ် ၃ဝဝဝဝဝ အထိ တိုးမြှင့် ကောက်ခံ သွားမည် ဖြစ်သည်။

ထို့အပြင် အင်ဂျင်နီယာ လိုင်စင် မှတ်ပုံတင်ကြေး ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ လကုန်အထိ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ လိုင်စင် အင်ဂျင်နီယာ အတွက် အကြီးတန်း လိုင်စင် အင်ဂျင်နီယာ မှတ်ပုံတင်ကြေး ကို ယခင်က ငွေကျပ် ၁ဝ၈ဝဝဝ မှ ယခု ငွေကျပ် ၄ဝဝဝဝဝ အထိ တိုးမြှင့် ကောက်ခံမည် ဖြစ်ပြီး အငယ်တန်း လိုင်စင် အင်ဂျင်နီယာ မှတ်ပုံတင်ကြေး ကို ယခင်ငွေကျပ် ၆၄၈ဝဝ မှ ယခုငွေကျပ် ၃ဝဝဝဝဝ အထိ တိုးမြှင့် ကောက်ခံ သွားမည်ဖြစ်ပြီး အဆောက်အအုံ လိုင်စင် အင်ဂျင်နီယာ (SEC) နှစ်စဉ်ကြေးကို ယခင် ငွေကျပ် ၈၆၄ဝဝ မှ ယခု ငွေကျပ် ၃ဝဝဝဝဝ နှင့် အကြီးတန်း လိုင်စင် အင်ဂျင်နီယာ နှစ်စဉ်ကြေးကို ငွေကျပ် ၈၆၄ဝဝ မှ ယခု ငွေကျပ် ၂ဝဝဝဝဝ၊ အငယ်တန်း လိုင်စင် အင်ဂျင်နီယာ နှစ်စဉ်ကြေးကို ငွေကျပ် ၄၃၂ဝဝ မှ ယခုငွေကျပ် ၁ဝဝဝဝဝ အထိ တိုးမြှင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger