www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 31, 2014

သမိုင်းဝင် အင်ကြင်းတောင် ရှိ ရှေးဟောင်း ကျောက်ဆစ်လက်ရာများကို ထိန်းသိမ်းစောင့်ရှောက် ပေးရန်လိုအပ်



ယင်းမာပင် ၊ ၃၁-၁၀-၂၀၁၄

သမိုင်းဝင် အင်ကြင်းတောင်ရှိ ရှေးဟောင်း ကျောက်ဆစ်လက်ရာ (ပုံ) သာသနိက ပစ္စည်းများသည် အမျိုးသားရေး ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည့်အတွက် ပျက်စီးယိုယွင်းခြင်း မရှိစေရန် ထိန်းသိမ်း စောင့်ရှောက် ပေးစေလိုကြောင်း သမိုင်းပညာရှင် တစ်ဦးက အကြံပြု ပြောပြသည်။ ''ဒီ ကျောက်ဆစ် လက်ရာတွေကို လေ့လာပြီး ပါရဂူ (ဒေါက်တာ)ဘွဲ့ ရယူသွားကြတဲ့ နိုင်ငံတကာ က ပညာရှင်တွေ များစွာ ရှိပါတယ်။ တန်ဖိုးသိသိ နဲ့ ထိန်းသိမ်း စောင့်ရှောက် ပေးကြဖို့ လိုအပ် နေပါတယ် .. '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ကျောက်ဆစ်လက်ရာ များသည် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ယင်းမာပင် မြို့နယ် မောက်သရက် ကျေးရွာအနီး၊ မုံရွာ - ယင်းမာပင် အဝေးပြေး ကားလမ်းမကြီး ၏ လက်ယာဘက်တွင် တည်ရှိသည်။ သမိုင်းဝင် အင်ကြင်းတောင် သည် သာသနာ သက္ကရာဇ် ၁၁၈၄ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်တွင် ၄င်းတောင်တော် ပေါ်ရှိ သေလကျောက် လိုဏ်ဂူတွင် လောက မာရဇိန်မာရ်အောင် ဘုရားကို ရွှေတိုင်းရှင်မြို့ ၂ဝ တိုင် လူ ၁ဝဝ ကျော် ဆီမီးတိုင် စိုက်ထူပူဇော် ခဲ့ကြောင်းနှင့် သမိုင်းဝင် ကျောက်စာများ ကိုလည်း ၄င်း အင်ကြင်းတောင် တွင် လေ့လာ တွေ့ရှိ နိုင်ကြောင်း သိရသည်။

အဆိုပါတောင်သည် သဲကျောက်တောင် ဖြစ်ပြီး အချို့သော နေရာများတွင် သစ်ပင်ရုပ်ကြွင်း ကျောက်များကို တွေ့ရှိရသည်။ ၄င်းကျောက် များသည် အရည်အသွေး အလွန် ကောင်းမွန်ပြီး ခရစ္စတယ်များ ပါရှိကာ အဖိုးတန် ကျောက်မျက်များ ဖြစ်ကြောင်း နိုင်ငံတကာ ကျောက်အလှဆင် လုပ်ငန်း ပညာရှင်များက မှတ်ချက်ပြု ပြောပြသည်။

အဆိုပါ တောင်တွင် ရှေးဟောင်း သာသနိက ကျောက်လိုဏ်ဂူ ကြီးများအတွင်း သမိုင်းဝင် ကျောက်ဆစ် လက်ရာ ရုပ်ရှင်တော် မြတ်ကြီးများ သည် အလွန် ကြည်ညိုဖွယ်ရာ ကောင်းလှသည်။ ၄င်း ကျောက်ဆစ် လက်ရာများမှာ ရှေးအလွန် ကျပြီး လက်ရာ ပြောင်မြောက်မှု ကြောင့် နိုင်ငံတကာ ကျောက်ဆစ် ပညာရှင်များ ၏ စာတမ်းပြုစုရာ သမိုင်းဝင် နေရာတစ်ခု ဖြစ်ခဲ့သော်လည်း ထိန်းသိမ်း စောင့်ရှောက် ပေးမှု နည်းပါးခဲ့သည့် အတွက် ကျောက်ဆစ် လက်ရာအချို့ ပျက်စီးစပြု နေသည်မှာ အလွန် နှမြောဖွယ်ရာ ကောင်းကြောင်း မုံရွာမြို့ရှိ ဗိသုကာ ဆရာကြီး တစ်ဦးက ပြောပြသည်။

အဆိုပါ လိုဏ်ဂူများ အတွင်းရှိ ကျောက်နံရံ များတွင် သဘာဝ ကျောက်သား များကို ဗုဒ္ဓဝင်ပုံတော် များ ထွင်းထု ထားရာ နိုင်ငံတကာ သမိုင်း သုတေသီ များက စိတ်ဝင်စား လျက် ရှိကြောင်း သိရသည်။

''ဒီကျောက်ဆစ် လက်ရာတွေက အီဂျစ် ယဉ်ကျေးမှု လက်ရာတွေနဲ့ ခေတ်ပြိုင် လက်ရာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကို ထိန်းသိမ်း စောင့်ရှောက် ပေးခြင်းဟာ နိုင်ငံတကာ အမျိုးသား ယဉ်ကျေးမှု အမွေတွေ ကို ထိန်းသိမ်း စောင့်ရှောက် ပေးခြင်း နဲ့ အတူတူပါပဲ ... '' ဟု ပြင်သစ် သမိုင်းပညာရှင် တစ်ဦးက ပြောပြ၍ သိရသည်။ (၁၅၄)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

စပါးဈေးကျဆင်းမှုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင် နေသော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန် စပါးဈေးကျဆင်း နေဆဲဖြစ်


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၄

သိုလှောင်ရုံ အာမခံစနစ် ဖြင့် ဘဏ်ချေးငွေ ရယူကာ စပါးဈေး ကျဆင်းမှုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင် နေသော်လည်း ယခုနှစ် မိုးစပါး ပေါ်ချိန်တွင် စပါးဈေး ကျဆင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာ လလယ်အထိ စပါးတင်း ၁ဝဝ လျှင် ငွေကျပ် လေးသိန်းကျော် အနိမ့်ဆုံး ရှိခဲ့သော်လည်း အောက်တိုဘာ လဆန်းပိုင်း ကောက်စောစပါး စတင်ပေါ်ချိန် မှစ၍ စပါးဈေး ပြန်လည် ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ မကြာမီ ဒေသ အသီးသီးမှ မိုးစပါး ထွက်ရှိလာပါက စပါးဈေး ငွေကျပ် သုံးသိန်းအောက် အထိ ရောက်ရှိ နိုင်ကြောင်း သိရသည်။

ထိုသို့ စပါးဈေး ထပ်မံ ကျဆင်းမည်ကို စိုးရိမ် နေခြင်းကြောင့် ဒေသ အခြေစိုက် ဆန်စက် လုပ်ငန်းရှင်များ နှင့် ဆန်ကုန်သည် များက လှောင်လက် စပါးများကိုပါ ထုတ်ရောင်း နေကြသဖြင့် စပါးဈေး ပိုမိုကျဆင်း နိုင်ကြောင်း လယ်သမား များက ပြောသည်။ စပါးဈေး ကျဆင်းမှုကို ကာကွယ်နိုင်ရန် သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဘဏ်ချေးငွေ ရယူပြီး စပါးဝယ်ယူ နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ် တို့နှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပဆန် တင်ပို့မှု ပမာဏ၏ ၇ဝ ရာခိုင်နှုန်းကို ဝယ်ယူနေသည့် တရုတ် နိုင်ငံဘက် မှလည်း ဆန်ဝယ်ယူမှု ရပ်ဆိုင်း ထားသည့် အတွက် စပါးဈေး ကျဆင်းခြင်း ဖြစ်ကြောင်း သိရသည်။ ဝါးတန်း ဆန်ကုန်စည်ဒိုင် မှ ဆန်ကုန်သည် တစ်ဦးက ''လယ်သမားတွေ ကတော့ ကုန်သည်တွေ ဈေးနှိမ်တယ်လို့ ထင်နေတယ်။ ကျွန်တော်တို့ ကလည်း မူဆယ်လိုင်း မကောင်းရင် ဈေးမပေး နိုင်သေးဘူး။ အခု ဆန်စပါး အသင်းချုပ် က ဈေးထိန်း နိုင်အောင်တော့ လုပ်ပေးနေတယ် ... '' ဟု ပြောသည်။

မိုးစပါး တစ်ဧက စိုက်စရိတ်မှာ ငွေကျပ် နှစ်သိန်း သုံးသောင်း ဝန်းကျင်အထိ ရင်းနှီး ထားရခြင်း ကြောင့် စပါးဈေး ငွေကျပ် သုံးသိန်းအောက် အထိ ကျဆင်း လာပါက စိုက်ပျိုးရေး ဘဏ်ချေးငွေ များကို ပြန်လည် ပေးဆပ်ရန် အခက်အခဲ ထပ်မံ ဖြစ်ပေါ်လာမည် ကို စိုးရိမ်လျက် ရှိကြောင်း လယ်သမားများက ပြောကြားသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

DAIHATSU ကားကုမ္ပဏီမှ ကားအရောင်းပြခန်း ဖွင့်လှစ်မည်


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၄

ရန်ကုန်မြို့၌ ဂျပန်နိုင်ငံ၏ ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် DAIHATSU ကားကုမ္ပဏီ မှ မော်တော်ယာဉ် အရောင်းပြခန်း လာရောက် ဖွင့်လှစ်မည် ဖြစ်ကြောင်း DAIHATSU ကား ကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

'' DAIHATSU ကားတွေက ရန်ကုန်မြို့မှာ ဈေးကွက် သိပ်မပေါက် သေးဘူး။ DAIHATSU မော်တော်ယာဉ် အရောင်းပြခန်းကို ရန်ကုန်မြို့မှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ဆန်းပိုင်းမှာ ဖွင့်လှစ် သွားမှာပါ ... ''ဟု ၄င်းက ဆက်လက် ပြောသည်။

DAIHATSU ကားကုမ္ပဏီ သည် ရန်ကုန်မြို့၌ မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်၍ ကုန်တင်ယာဉ်၊ လုပ်ငန်းသုံးယာဉ်၊ အင်ဂျင်ပါဝါ ၁၃ဝဝ ရှိကားများ နှင့် ဇိမ်ခံကား များကို ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။ ရောင်းချပေး ရာတွင်လည်း DAIHATSU ကားကုမ္ပဏီသည် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် များနှင့် ချိတ်ဆက်၍ အရစ်ကျ စနစ်ဖြင့် ရောင်းချ သွားမည်ဖြစ်ပြီး လက်ငင်း ဝယ်ယူလိုသူ များကို လက်ငင်း စနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။

အဆိုပါ ကုမ္ပဏီမှ ကားတစ်စီးလျှင် မြန်မာ ငွေကျပ်သိန်း ၇ဝ မှ သိန်း ၅ဝဝ တန်ဖိုး အတွင်းရှိ ကားများကို ရောင်းချ ပေးသွားမည် ဖြစ်ပြီး DAIHATSU ကားကုမ္ပဏီ သည် ရန်ကုန်မြို့၌ မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်ပြီး နောက် မန္တလေးမြို့ ၌ပါ ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

ကမ္ဘာပြုမှု ဖြစ်စဉ်နှင့် သက်ရောက်မှုများ


ကမ္ဘာပြုမှု ဖြစ်စဉ်နှင့် သက်ရောက်မှုများ

ကမ္ဘာ့ပေါင်းကူး ယှက်နွှယ် ဆက်စပ်မှု ဖြစ်စဉ် ( Globalization ) ကို တစ်နည်းအားဖြင့် ကမ္ဘာပြုမှု ဖြစ်စဉ် ဟု ခေါ်ကြသည်။ ကမ္ဘာပြုမှု ဖြစ်စဉ်သည် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုသိသာ လာခဲ့ပြီး နိုင်ငံ အချင်းချင်း အပြန်အလှန် အမှီသဟဲပြု နေကြသည့် ကမ္ဘာ့ အခြေအနေကို ဖန်တီးခဲ့သည်။ ကမ္ဘာပြုမှု ဖြစ်စဉ်အရ နိုင်ငံ အချင်းချင်း ဆက်သွယ် ဆောင်ရွက်ကြ ရာ၌ အရင်းအနှီးနှင့် ကုန်စည်များ၊ အတွေးအခေါ်များ၊ သတင်း အချက်အလက်များ ၊ လူ့စွမ်းအား အရင်းအမြစ်များ စသည်တို့ ဆက်နွှယ်လျက် ရှိကြသည်။

ကမ္ဘာပြုမှု ဖြစ်စဉ်ကို ပညာရှင် အသီးသီးက ရှုထောင့် အမျိုးမျိုးမှ အဓိပ္ပာယ် ဖွင့်ဆိုကြရာ၌ ဘောဂဗေဒ ပညာရှင်များက ထုတ်လုပ်မှု၊ ခွဲဝေဖြန့်ဖြူးမှု နှင့် စားသုံးမှု နယ်ပယ် များတွင် ကမ္ဘာ့နေရာ အနှံ့အပြားမှ စီးပွားရေး လုပ်ငန်းများ ပေါင်းဆုံ လာသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုကြ သည်။ နိုင်ငံရေး သိပ္ပံပညာရှင် များကမူ ကမ္ဘာပြုမှု ဖြစ်စဉ်မှာ ဘဏ္ဍာရေး၊ သတင်း အချက်အလက်၊ အရင်းအနှီးနှင့် အတွေးအခေါ် တို့သည် နိုင်ငံ နယ်နိမိတ် ကို ဖြတ်ကျော်ပြီး ကွန်ရက် တစ်ခုတည်းတွင် စုစည်းမိခြင်း ဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်ဆို ကြသည်။

ကမ္ဘာပြုမှု ဖြစ်စဉ်သည် နိုင်ငံ အချင်းချင်း စီးပွားရေး လုပ်ငန်းများ အပြန်အလှန် ဆက်နွှယ်ခြင်း၊ ယဉ်ကျေးမှု လွှမ်းမိုးမှု ပိုမိုများပြား လာခြင်း၊ သတင်းအချက် အလက်နှင့် နည်းပညာ ပြန့်ပွားမှု လျင်မြန်လာခြင်း၊ ပထဝီဝင် အနေအထား အရ နိုင်ငံရေး စနစ်များ ပြောင်းလဲမှု စသည့်ဖြစ်စဉ် များ တိုးပွားလာခဲ့ပြီး တစ်ကမ္ဘာ လုံးတွင် တူညီသော စနစ်ဖြစ် စေရန် ကမ္ဘာ့ ပြည်သူများ အပေါ် သက်ရောက် စေသည်။

အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) သည် ကမ္ဘာပြုမှု ဖြစ်စဉ်ကို စီးပွားရေးအရ လေ့လာရာ၌ ဈေးနှုန်းနှင့် ကုန်ပစ္စည်းများ၊ လုပ်ခများ၊ အတိုးနှုန်းများ၊ အမြတ်အစွန်း များကို ဖွံ့ဖြိုးပြီး နိုင်ငံများ၏ စံနှုန်း သတ်မှတ်ချက်များ အတိုင်း တစ်ချိန်ချိန်တွင် နိုင်ငံအားလုံး တစ်ပြေးညီ ဖြစ်ပေါ် လာမည်ဟု သုံးသပ် ထားသည်။

ကမ္ဘာပြုမှု ဖြစ်စဉ်သည် လူများ ရွှေ့ပြောင်း နေထိုင်ကြခြင်း၊ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး စနစ်များ၊ အရင်းအနှီး ဈေးကွက် ပြောင်းရွှေ့ခြင်း နှင့် ငွေကြေး ဈေးကွက်များ စုစည်းမှုတို့ အပေါ်တွင် မူတည်လျက် ရှိပြီး ကမ္ဘာ့နိုင်ငံ အချင်းချင်း အပြန်အလှန် မှီခို၍ စီးပွားရေး တိုးတက်လာ ခြင်းမှာ နယ်စပ်ဒေသ ကုန်သွယ်မှု ပမာဏ များပြားလာခြင်း၊ လွတ်လပ်သော ကုန်စည် စီးဆင်းမှုများ ပေါ်ပေါက် လာခြင်းနှင့် နည်းပညာ ပျံ့နှံ့လာခြင်း တို့ကြောင့် ကမ္ဘာပြုမှု ဖြစ်စဉ် ပေါ်ပေါက်လာ ရသည်ဟု ဖော်ပြ ထားသည်။

ကမ္ဘာပြုမှု ဖြစ်စဉ်အရ ကမ္ဘာ့နိုင်ငံ များသည် တစ်နိုင်ငံတည်း ရပ်တည် နေနိုင်သည့် အခြေအနေ မရှိနိုင် တော့ပေ။ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသော ကမ္ဘာ့ စီးပွားရေး အခြေအနေ အရပ်ရပ်ကို မျက်ခြည် မပြတ် စောင့်ကြည့်၍ ကောင်းကျိုး ရရှိနိုင်မည့် အခွင့်အလမ်းများ နှင့် ဆိုးကျိုး အန္တရာယ်ရှိ နိုင်မည်တို့ကို လေ့လာ ဆန်းစစ်ကာ မိမိနိုင်ငံတော် နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ကို ဖော်ဆောင်ကြ ရမည်သာ ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

စိတ်ကို အသိသတိနှင့် ပြုပြင်ထိန်းချုပ်


စိတ်ကို အသိသတိနှင့် ပြုပြင်ထိန်းချုပ်

လူမှုဘဝ လောက၌ ကျင်လည် လျှောက်လှမ်းကြ ရာတွင် စိတ်ချမ်းသာမှုကို ခံစားရယူ ပိုင်ဆိုင်နိုင်ကြ သကဲ့သို့ တစ်ခါတစ်ရံ တွင် စိတ်ဆင်းရဲမှု များကိုလည်း ကြုံတွေ့ ခံစားကြ ရလေ့ရှိသည်။ လူတို့၏ စိတ်ဆန္ဒအရ စိတ်ဆင်းရဲမှုကို မခံစားချင်ကြ။ မခံစားနိုင်ကြ။ စိတ်ဆင်းရဲမှု ဟူသည် လိုအင်ဆန္ဒ များကြောင့် သာလျှင် ဖြစ်ပေါ် လာရသည်။

လိုချင်တပ်မက် စိတ်များလာလျှင် စိတ်ထောင်း၍ ကိုယ်ကြေ ဆိုသကဲ့သို့ လိုချင်ရာ မရနိုင် သောကြောင့် စိတ်ဆင်းရဲကြ ရသည်။ တချို့ စိတ်ကျရောဂါ များပင် စွဲကပ်တတ် ကြသည်။ ထိုစိတ်၏ စေစားရာ အတိုင်း လုပ်ဆောင်ကြ သူလည်း ရှိသည်။ လူ့ဘဝ၏ ထွက်ပေါက်သည် စိတ်ဟု ဆိုထားရာ စိတ်ထွက်ပေါက် ရှာကြရာတွင် တစ်ဦးနှင့် တစ်ဦး မတူကြပေ။

လူအမျိုးမျိုး စိတ်အထွေထွေ ဖြင့် ဘဝကို ကျင်လည်ကြ ရာတွင် လူကြီးများနှင့် လူငယ်များမှာ ဖြေသိမ့်နိုင်စွမ်း မတူညီနိုင် ကြပေ။ ကလေးများမှာ စိတ်၏ စေခိုင်းရာ အတိုင်း ခံစားတတ် ကြသည်။ လိုချင်တာ မရလျှင် စိတ်ကောက် စိတ်ဆိုးတတ် ကြသည်။ စိတ်ဟူသည် မှာလည်း နွဲ့ဆိုး ဆိုးတတ် သည့်သဘော ရှိသောကြောင့် စိတ်အလို လိုက်၍ အမှားများ တတ်ကြသည်။

လူတိုင်း အမှားနှင့် မကင်းနိုင်ကြ သော်လည်း အမှား အနည်းအများ ပေါ်မူတည်၍ ဘဝ၏ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း တို့ကိုဖြစ်ပေါ် စေနိုင်၍ ဆင်ခြင်ကြရန် လိုသည်။ လူ့အလို နတ်မလိုက် နိုင်ဆိုသကဲ့သို့ စိတ်အလို အတိုင်း အရာရာ မပြည့်စုံနိုင် သည်ကို သဘောပေါက်ရန် လိုသည်။

စိတ်သည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက် အတွင်း၌ပင် ဖောက်ပြန် တတ်သော သဘောရှိ သောကြောင့် စိတ်ကို ထိန်းချုပ်နိုင်ရန် လိုသည်။ အထူးသဖြင့် ကလေးများကို ထိန်းကျောင်း သွန်သင်ဆုံးမ ကြရာတွင် ကလေးငယ်များ လိုချင်သမျှ မိဘများက အကြိုက်ဆောင် အလိုမလိုက် ကြရန်လိုသည်။

ဘုရားဟော ဇာတ်တော်များတွင် မိဘနှစ်ဦးသည် သားကို အလိုလိုက်လွန်း သောကြောင့် မိဘဖြစ်သူတို့မှာ စိတ်ဆင်းရဲစွာဖြင့် သေဆုံးသွား ကြရသကဲ့သို့ သားဖြစ်သူ မှာလည်း ခွက်လက် ဆွဲ၍ တောင်းစား ရသည့်ဘဝ ရောက်ကာ ဘဝဆုံး နိဂုံးမလှ ဖြစ်ခဲ့ရသည်ကို ဗုဒ္ဓဘာသာ ဝင်တိုင်း မှတ်သားဖူးမည် ဖြစ်ပါသည်။ ထိုဘုရားဟော ဇာတ်တော်ကို သင်ခန်းစာ ယူ၍ မိဘများသည် သားသမီးများ၏ စိတ်ကို အလိုမလိုက် စေရန် ထိန်းကျောင်း သွားရန်ဖြစ်သည်။ သားသမီးများကို လည်း ထိုဇာတ်တော် လာ သာဓကကို ပြောပြ၍ မိဘဝတ္တရား နှင့်အညီ ထိန်းကျောင်း သွားကြရန် လိုသည်။

ထိုသို့ မိဘများက မိဘဝတ္တရား နှင့်အညီ ဆုံးမနိုင်မှ သာလျှင် သားသမီး များသည် စိတ်ကိုထိန်းချုပ် နိုင်သောအကျင့် ကိုရရှိကာ ဘဝမှန်၊ လမ်းမှန်ကို လျှောက်လှမ်း နိုင်ကြမည် ဖြစ်သည်။ သားသမီးတို့ ဘဝမှန်၊ လမ်းမှန်ကို လျှောက်လှမ်း နိုင်မှသာလျှင် သားသမီးတို့ဘဝ အဆင်ပြေ ချောမော၍ မိဘများကို ပြန်လည် စောင့်ရှောက် နိုင်မည်။ ဤသို့ဖြင့် မိဘနှင့် သားသမီးတို့ တစ်နည်းအားဖြင့် မျိုးဆက် တစ်ဆက်လုံး စိတ်ချမ်းသာမည် ဖြစ်သည်။

သို့ဖြစ်ရာ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင် နှင့် အလုပ်သမား ဆက်ဆံကြရာ တွင် တစ်ဦး အလိုကို တစ်ဦး ဖြည့်ဆည်းကြ သည်ဆိုရာ၌ အသိပညာ မပါဘဲ စိတ်အလိုလိုက် အကြိုက်ဆောင် ခြင်းမျိုးသည် စိတ်ဆင်းရဲမှု ကိုသာ ဖြစ်ပေါ် စေသောကြောင့် စိတ်အလိုကို အသိ သတိတို့ဖြင့် ပြုပြင်ထိန်းချုပ် ဖော်ဆောင် ရမည် ဖြစ်ကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁၀-၂၀၁၄) သောကြာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁၀-၂၀၁၄) သောကြာနေ့

Download Links

Thursday, October 30, 2014

ကမ္ဘာ့အလှဆုံး အမျိုးသမီး ၁၀၀ ဦးစာရင်းတွင် ကိုရီးယား မင်းသမီးချော Clara Lee ဒုတိယနေရာ ရရှိ






ဆိုးလ် ၊ ၃၀-၁၀-၂၀၁၄

Model Lifestyle မဂ္ဂဇင်း က ယခုနှစ်၏ ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၁၀၀ ဦးစာရင်း ကို ထုတ်ပြန်ခဲ့ရာ ကိုရီးယား မင်းသမီးချော Clara Lee က ဒုတိယနေရာ ကို ရရှိခဲ့ကြောင်း သိရသည်။

Clara Lee ၏ သွယ်လျပြီး ဆွဲဆောင်မှု ရှိသော ကိုယ်ခန္ဓာအလှကို ပေါ်လွင်စေသည့် အားကစား ၀တ်စုံ ၀တ်ဆင်ထားသည့် ဓာတ်ပုံသည် ပရိသတ်များ အကြားတွင် အလွန် ရေပန်းစား ခဲ့ပြီးနောက် ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၁၀၀ ဦးစာရင်းတွင် ဒုတိယနေရာ ကို ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါစာရင်း၌ ပထမ နေရာကို ရရှိသူမှာ အမေရိကန် မော်ဒယ်လ် နှင့်သရုပ်ဆောင် တာနီရာ မာရီကာရင်ဂီ ဖြစ်ပြီး ဟောလီးဝုဒ် မင်းသမီးချော ဂျက်ဆီကာ အယ်လ်ဘာ က နံပါတ်လေး နေရာကို လည်းကောင်း၊ စကားလက် ဂျိုဟန်ဆန် က နံပါတ် ခြောက် နေရာကို လည်းကောင်း၊ ဘီယွန်းစေး က နံပါတ်ခုနစ် နေရာကို လည်းကောင်း၊ အေဒရီ ရာနာလိုင်မာ က နံပါတ်ကိုး နေရာကို လည်းကောင်း၊ အိန်ဂျလီနာဂျိုလီ က နံပါတ် ၁ဝ နေရာကို လည်းကောင်း အသီးသီး ရရှိခဲ့သည်။

ယခုကဲ့သို့ ကမ္ဘာ့အလှဆုံး အမျိုးသမီး ဒုတိယ နေရာကို ရရှိခဲ့သည့် အတွက် မဲပေး ခဲ့ကြသည့် ကိုရီးယား ပရိသတ်များ သာမက နိုင်ငံတကာမှ ပရိသတ်များကို အထူး ကျေးဇူး တင်ရှိကြောင်း Clara Lee က ထုတ်ဖော် ပြောကြား ခဲ့သည်။ 

MODE’s 100 List – 2014

1. Tania Marie Caringi
2. Clara Lee
3. Cristina Maria Saracut
4. Jessica Alba
5. Alessandra Ambrosio
6. Scarlett Johansson
7. Beyonce
8. Candice Swanepoel
9. Adriana Lima
10. Angelina Jolie
11. Kate Beckinsale
12. Keri Russell
13. Eva Mendes
14. Kate Upton
15. Berenice Marlohe
16. Hale Berry
17. Irina Shayk
18. Lake Bell
19. Shakira
20. Rihanna
21. Lupita Nyong’o
22. Jennifer Lawrence
23. Heidi Klum
24. Sofia Vergara
25. Naomi Campbell
26. Claudia Lynx
27. Gwyneth Paltrow
28. Michelle Williams
29. Christina Hendricks
30. Zoe Saldana
31. Rosario Dawson
32. Charlize Theron
33. Natascha McElhone
34. Paula Patton
35. Monica Bellucci
36. Cheryl Ann Fernandez-Versini
37. Penelope Cruz
38. Nicole Scherzinger
39. Taylor Swift
40. Jennifer Lopez
41. Ashley Tisdale
42. Hilary Duff
43. Salma Hayek
44. Vanessa Hudgens
45. Stacy Keibler
46. Queen Rania of Jordan
47. Elisha Cuthbert
48. Du Juan
49. Sophie Marceau
50. Laetitia Casta
51. Kaley Cuoco
52. Katy Perry
53. Catherine, Duchess of Cambridge (Kate Middleton)
54. Jennifer Love Hewitt
55. Katrina Kaif
56. Arianny Celeste
57. Sui He
58. Laura Tanguy
59. Olivia Wilde
60. Emma Stone
61. Demi Lovato
62. Blake Lively
63. Heather Graham
64. Megan Fox
65. Lily Collins
66. Madeleine Stowe
67. Zooey Deschanel
68. Olivia Munn
69. Louise Bourgoin
70. Katrina Bowden
71. Malika Menard
72. Sarah Shahi
73. Freida Pinto
74. Hayden Panettiere
75. Nina Dobrev
76. Kerry Washington
77. Miranda Lambert
78. Ronda Rousey
79. Virginie Fernandez
80. Selena Gomez
81. Emma Watson
82. Leighton Meester
83. Adrianne Palicki
84. Alizee Jacotey
85. Amber Heard
86. Eva Gaelle Green
87. Gabrielle Union
88. Jordana Brewster
89. Miley Cyrus
90. Cara Delevingne
91. Amanda Seyfried
92. Maggie Q
93. Rosie Huntington-Whiteley
94. Julianne Hough
95. Lea Michele
96. Julia Lanski
97. Molly Sims
98. Jenna Dewan-Tatum
99. Malin Akerman
100. Deborah Priya Henry

#Themyawadydaily
#မြ၀တီနေ့စဉ်

အမြန်လမ်းမများတွင် သွားလာနေသော အဝေးပြေးယာဉ် များ၌ Car Black Box များ မဖြစ်မနေတပ်ဆင် အသုံးပြုသင့်




ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄

ပြည်တွင်းရှိ အဝေးပြေး လမ်းမကြီးများတွင် ယာဉ် မတော်တဆမှု များကြောင့် လူသေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း များ မကြာခဏ ဖြစ်ပွားနေသည့် အတွက် အဝေးပြေး အမြန် လမ်းမကြီး များ၌ မောင်းနှင်သွားလာ နေကြသော မော်တော်ယာဉ်များ၊ အထူးသဖြင့် အဝေးပြေး ခရီးသည်တင် ယာဉ်ကြီးများတွင် ယာဉ်မောင်းနှင် သွားလာမှုနှင့် ပတ်သက်၍ မှတ်တမ်းတင် နိုင်သော Car Black Box များ မဖြစ်မနေ တပ်ဆင် အသုံးပြု သင့်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီမှ တာဝန် ရှိသူတစ်ဦး က ပြောသည်။

''အဝေးပြေး ယာဉ်လိုင်းအချို့ မှာတော့ Car Black Box တွေ တပ်ထားတာကို တွေ့ဖူးတယ်။ ဒါပေမဲ့ မော်တော်ယာဉ် တိုင်းမှာ မဖြစ်မနေ တပ်ဆင် အသုံးပြုရမယ် ဆိုတဲ့ စည်းကမ်းချက်တော့ ထုတ်ပြန် ထားတာ မရှိသေး ပါဘူး။ တပ်ထား နိုင်ရင်တော့ ကောင်းတယ်။ အဲဒီ Car Black Box တွေက ယာဉ်သွားလာမှု နဲ့ ယာဉ်ရှေ့မှာ ဖြစ်ပျက်တာ တွေကို မှတ်တမ်းတင် ပေးတဲ့ CCTV ကင်မရာ သဘောမျိုးပါ။ ယာဉ်မောင်းနှင် သွားလာခဲ့တဲ့ ပုံစံတွေ၊ မောင်းခဲ့တဲ့ အရှိန်တွေ၊ ယာဉ် မတော်တဆမှု ဖြစ်ရင်လည်း ဖြစ်ပျက်ခဲ့တာ တွေအားလုံးကို မှတ်တမ်းတင် သိမ်းဆည်း ထားနိုင်တယ်။ ကားတစ်စီးလုံး မီးလောင် သွားရင်တောင် အဲဒီ Car Black Box မှာ ရှိတဲ့ Memory Chip လေးက မပျက်စီးဘဲ ကျန်ရှိေ နအောင် ဖန်တီး ထားတဲ့အတွက် မှတ်တမ်းတွေ ကျန်ရှိနေ နိုင်တာပေါ့။ ပြီးတော့ အဝေးပြေး ယာဉ်လိုင်း ပိုင်ရှင်တွေ အနေနဲ့ကလည်း မိမိတို့ရဲ့ ယာဉ်မောင်းတွေ ဘယ်လို မောင်းတယ် ဆိုတာကို Black Box မှတ်တမ်းတွေ ကတစ်ဆင့် သိရှိနိုင်တဲ့ အတွက် လိုအပ်သလို ကြပ်မတ် ဆောင်ရွက်ခြင်း တွေပြုလုပ် နိုင်တယ်'' ဟု ၄င်းက ပြောသည်။

ထို့အပြင် နိုင်ငံတကာ၌ အသုံးပြုနေသော အဆင့်မြင့် နည်းပညာသုံး Car Black Box များသည် မော်တော်ယာဉ် မောင်းနှင် သွားလာမှုကို မှတ်တမ်းတင် နိုင်ခြင်းအပြင် ကားအရှိန် မြန်လာခြင်းများ၊ ယာဉ်မောင်းများ အိပ်ငိုက်ခြင်း ကြောင့် ယာဉ်လမ်းကြောင်း လွဲချော် မောင်းနှင်ခြင်း များ ဖြစ်လာလျှင် လည်း သတိပေး နိုင်စေရန် တီထွင် ထုတ်လုပ် ထားကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အဆင့်မြင့် Car Black Box တင်သွင်း ဖြန့်ချိ ရောင်းချသော ကုမ္ပဏီများ နည်းပါး နေသေးကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

ငွေမည်းဖြင့် အိမ်ခြံမြေ ၀ယ်ယူ ဈေးကစားသည့် အဖွဲ့အစည်း ၊ ကုမ္ပဏီများကို အရေးယူမည်



ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄

ငွေမည်းဖြင့် အိမ်ခြံမြေ ဝယ်ယူ၍ ဈေးကစားသည့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီ များကို ဖော်ထုတ် တွေ့ရှိပါက ဒဏ်ကြေးငွေ ကျပ်သိန်း ၅ဝဝ နှင့် ထောင်ဒဏ် ခုနစ်နှစ်အထိ အရေးယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ရန်ကုန်မြို့တော် အပါအဝင် မန္တလေး နှင့် နေပြည်တော် တို့၌ အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး အထူးသဖြင့် ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးနှုန်းသည် ကမ္ဘာ့အဆင့်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့များ ပြီးပါက တတိယ ဈေးနှုန်း အမြင့်ဆုံး အနေအထားတွင် ရှိနေပြီး အချို့ နေရာများမှာ စင်ကာပူ ထက် ဈေးနှုန်းမြင့်မား နေသည့် နေရာမျိုးလည်း ရှိနေကြောင်း အိမ်ခြံမြေ ဈေးကွက် လေ့လာသူ များက ပြောသည်။

မြေကွက်များ ချထား ပေးရာတွင် အိမ်ရာ ဆောက်လုပ် နေထိုင်ခြင်း သို့မဟုတ် မိမိ သဘောဆန္ဒ အရ ပြန်လည် ရောင်းချမှုများ ရှိနေခြင်းသည် တရားဝင် ပိုင်ဆိုင်ခွင့် ရရှိထား သော သူများ၏ ပုဂ္ဂလိက သဘောဆန္ဒ ဖြစ်ခြင်းကြောင့် လွတ်လပ်စွာ ရောင်းချ နိုင်ခွင့်လည်း ရှိသဖြင့် မူလ မြေကွက် ချထား ပေးစဉ်က ကန့်သတ်ချက် များအား ဖောက်ဖျက်ခြင်း မရှိပါက အရေးယူ ဆောင်ရွက်ရန် မဖြစ် နိုင်ကြောင်း သိရသည်။ သာမန်အားဖြင့် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင် နေကြသည့် နိုင်ငံသား များနှင့် ပတ်သက်သည့် အရေးယူမှု ဆိုင်ရာ ဥပဒေပြဋ္ဌာန်း ထားခြင်း မရှိသည့် အပြင် တည်ဆဲ ဥပဒေများ တွင်လည်း နိုင်ငံသား တစ်ဦး၏ အိမ်ခြံမြေ ပိုင်ဆိုင်ခွင့် အရေအတွက် ကို ကန့်သတ် ထားခြင်း မရှိကြောင်း ဥပဒေ ပညာရှင် တစ်ဦးက ပြောသည်။

တရားမဝင် သော နည်းလမ်းဖြင့် ရရှိသော ငွေကြေးကို အသုံးပြု၍ အိမ်ခြံမြေ ဝယ်ယူခြင်း၊ အိမ်ခြံမြေ ရောင်းဝယ် ရာတွင် ပေးဆောင် ရမည့် ဝင်ငွေခွန် များကို တိမ်းရှောင်ခြင်း၊ နိုင်ငံတော်၏ ဘောဂဗလ၊ ဘဏ္ဍာရေး ဆောင်ရွက်ချက် နှင့် စီမံချက် များကို ထိခိုက်စေရန် ရည်ရွယ် ပြုလုပ်ခြင်း တို့ကို ကျူးလွန်ပါက အဆိုပါ အိမ်ခြံမြေ ရောင်းဝယ်သူ အား တည်ဆဲ ဥပဒေများဖြင့် အရေးယူ နိုင်ကြောင်း သိရသည်။ ငွေကြေး ခဝါချမှု ဥပဒေပုဒ်မ ၄၃ အရ မည်သူမဆို ငွေကြေး ခဝါချမှုကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားလျှင် ထိုသူအား ထောင်ဒဏ် ၁ဝ နှစ်အထိ ဖြစ်စေ၊ ပြစ်မှု ကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ငွေကျပ်သိန်း ၅ဝဝ အထိ ငွေဒဏ်ချမှတ် နိုင်ကာ အကျိုး ခံစားခွင့် ရှိသူ ပိုင်ရှင်အား ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ် ရမည်ဟု ပါရှိကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

နိုင်ငံတစ်ဝန်းရှိ ဟိုတယ် ၇၀၀ ကျော်တွင် ခွင့်ပြုချက်မရယူဘဲ ယမကာကောင်တာ ဖွင့်လှစ်ထား


ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄

နိုင်ငံတစ်ဝန်းရှိ ဟိုတယ် ၇ဝဝ ကျော်တွင် ခွင့်ပြုချက် မရယူဘဲ ယမကာ ကောင်တာများ ဖွင့်လှစ် ထားကြောင်း စိစစ်တွေ့ရှိ ရသည် ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။ 

နိုင်ငံတစ်ဝန်း ဟိုတယ်အလုံး ၇၁၈ လုံးတွင် ယစ်မျိုးလိုင်စင် မရှိဘဲ ယမကာ ကောင်တာများ ဖွင့်လှစ် ထားခြင်းကို စိစစ်တွေ့ရှိ ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန မှ ဟိုတယ် ဖွင့်လှစ်ခွင့် လိုင်စင်ရယူ ထားသည့် ဟိုတယ် ၉၃၁ လုံး ရှိကြောင်း သိရသည်။

ထိုကဲ့သို့ တရားဝင်လိုင်စင် ရယူ ဖွင့်လှစ် ထားသည့် ဟိုတယ် ၉၃၁ လုံးတွင် ဟိုတယ် ၂၁၃ လုံးသာ ယမကာ ကောင်တာ ဖွင့်လှစ် နိုင်သည့် ယစ်မျိုးလိုင်စင် ရယူထားကြောင်း စိစစ်တွေ့ ရှိရပြီး ကျန်ဟိုတယ် ၇၁၈ လုံးသည် ယမကာကောင်တာ ဖွင့်လှစ် နိုင်သည့် ယစ်မျိုးလိုင်စင် ရယူထားခြင်း မရှိသည်ကို စိစစ်တွေ့ရှိ ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ ဒုတိယ ဝန်ကြီး က ပြောကြား ခဲ့သည်။

ထို့ကြောင့် ဟိုတယ်ကြီးများ အနေဖြင့် အဆင့်အတန်း နှင့် လျော်ညီစွာ ယမကာကောင်တာ တရားဝင် ဖွင့်လှစ်နိုင်ခွင့် ရှိသည့် ယစ်မျိုးလိုင်စင် ရယူထားရန် လိုအပ်ကြောင်း လည်း သိရသည်။ ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း လိုင်စင်ရယူ ဖွင့်လှစ်လျက် ရှိသည့် ဟိုတယ်များ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာန ၏ ဟိုတယ် ဖွင့်လှစ်ခွင့်ပြု ထားကြောင်း ထောက်ခံချက်၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း၏ေ ထာက်ခံချက် များနှင့်အတူ ယစ်မျိုးလိုင်စင် လျှောက်ထာ လာပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာန မှ သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

အမေရိကန်၏ လူမဲ့ဒုံးကျည် ပစ်လွှတ်ပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲပျက်စီး



ဝါရှင်တန် ၊ ၃၀-၁၀-၂၀၁၄

ယမန်နေ့တွင် အမေရိကန် ပြည်ထောင်စု က လွှတ်တင် လိုက်သော Antares လူမဲ့ ဒုံးကျည်သည် စက္ကန့်ပိုင်း အတွင်း ပေါက်ကွဲကာ မီးလောင် ပျက်စီး သွားကြောင်း သိရသည်။

Orbital Science Corp က ပြုလုပ်ထားသော Antares ကို နိုင်ငံတကာ အာကာသစခန်း သို့ ပို့ဆောင်ရန် ကုန်ပစ္စည်းများ တင်ဆောင်ကာ ဝေါလော့ ဒုံးလွှတ်စင်မှ ပစ်လွှတ် လိုက်ရာ ချက်ချင်းလိုလို ပေါက်ကွဲ သွားခြင်း ဖြစ်သည်။

Antares ကိုမူလက အောက်တိုဘာ၂၇ တွင် ပစ်လွှတ်ရန် ဖြစ်သော်လည်း ဒုံးလွှတ်စင် ရှိရာ ကမ်းရိုးတန်းတွင် ရွက်လှေတစ်စီး ရောက်ရှိ နေသောကြောင့် အန္တရာယ် မကင်းသဖြင့် ရက်ရွှေ့ဆိုင်း ခဲ့ရသည်။ အာကာသစခန်း သို့ လူနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်ရန် နာဆာသည် Orbital Science ပုဂ္ဂလိက ကုမ္ပဏီကို စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်ပြီး ယခုတစ်ကြိမ် ဒုံးပစ်လွှတ်မှု သည် တတိယ အကြိမ် ဖြစ်သည်။

ပေါက်ကွဲသွားသော Antares ၌ အာကာသ စခန်းတွင် တာဝန် ထမ်းဆောင် နေသော ဝန်ထမ်း ခြောက်ဦးအတွက် လူ့ဦးနှောက် ထံသို့ သွေးစီးဆင်း မှုကို စမ်းသပ်ရန် ကိရိယာများ၊ ဥက္ကာပျံ များကို ခွဲခြမ်းစိတ်ဖြာ ရာတွင် လိုအပ်သည့် ကိရိယာများ၊ အစားအစာများ စုစုပေါင်း အလေးချိန် ပေါင် ၅ဝဝဝ ခန့်ကို တင်ဆောင် ထားသည်။ Antares ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ကဒုံးကျည် ပေါက်ကွဲရသည့် အကြောင်းရင်းကို ရှာဖွေနေပြီ ဖြစ်ကြောင်း၊ ဒုံးကျည် အလိုအလျောက် ဖျက်ဆီးရေး ခလုတ် ပွင့်သွားဖွယ် ရှိကြောင်း  ၊ သို့သော် အတည်မပြု နိုင်သေးကြောင်း Orbital Science မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပြသည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့က မည်သည့် မှတ်ချက်မျှ မပေးသေး သော်လည်း ဒုံးကျည်ကို ဒုံးလွှတ်စင်မှ မ, တင်ရာတွင် အသုံးပြုသည့် AJ-26 အင်ဂျင်စက် များကို သံသယ ရှိနေကြသည်။ AJ-26 အင်ဂျင်များကို ဆိုဗီယက် ယူနီယမ်ခေတ် က လကမ္ဘာသို့ ပစ်လွှတ်သော N-1 ဒုံးကျည်တွင် အသုံးပြုခဲ့ရာ တွင်လည်း ပေါက်ကွဲပျက်စီး ခဲ့ဖူးသည်။ ယမန်နေ့ တွင်ပင် ရုရှားကလည်း နိုင်ငံတကာ အာကာသစခန်းသို့ စားနပ်ရိက္ခာ နှင့် ပစ္စည်း ကိရိယာများ တင်ဆောင် ထားသော ဒုံးကျည်ကို လွှတ်တင်ခဲ့ရာ အစစအရာရာ ချောမွေ့ အောင်မြင်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဒုံးလွှတ်စင်လည်း ဆိုးရွားစွာ ပျက်စီးသွားခဲ့ သဖြင့် အမေရိကန် ပြည်ထောင်စု အနေနှင့် ဗာဂျီးနီးယား ဒုံးလွှတ်စင်မှ နောက်ထပ် ဒုံးကျည် ပစ်လွှတ်ရန် အချိန် အတော်ကြာ ပြုပြင်ရဦးမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၃)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၃)

( ၃၀-၁၀-၂၀၁၄ ရက်ထုတ် ဂျာနယ်အား Download ရယူနိုင်ပါသည်။ )

Download Links

စေတနာထား လုပ်ကိုင်ဆောင်ရွက်


စေတနာထား လုပ်ကိုင်ဆောင်ရွက်

'' စေတနာ ကောင်းလျှင် ကံကောင်းသည် '' '' စေတနာ မှန်လျှင် ရောင်ပြန်ဟပ် စမြဲ '' ၊ '' မှန်သော စေတနာ အကျိုးပေး ကောင်းသည် '' ဟူသော စကားတို့သည် အရာရာကို စေတနာဖြင့် လုပ်ကိုင် ဆောင်ရွက်မည် ဆိုပါက ကြီးပွား တိုးတက် နိုင်ကြောင်း မီးမောင်းထိုးပြ နေခြင်း ဖြစ်သည်။

စေတနာသည် ဘဝ တိုးတက်ရေး အတွက် မီးရှူးတန်ဆောင် သဖွယ် ဖြစ်သည်။ အကျိုးအမြတ် ကို မစဉ်းစား၊ အရာရာ စေတနာထား လုပ်ကိုင်သူတို့ ကြီးပွား တိုးတက်ကြ သည်။ သို့သော် အချို့မှာ စေတနာနှင့် လုပ်ကိုင်ရမည့် အမှုကိစ္စ တို့တွင် နေရာ၊ ဌာန ရွေးလုပ်ကိုင် ကြသဖြင့် အကျိုးနည်း ရသည်။

ဥပမာအားဖြင့် စေတနာ ကောင်းသော ဈေးဆိုင်နှင့် စေတနာ မကောင်းသော ဆိုင် နှစ်ဆိုင်၏ ရောင်းအား အခြေအနေကို ကြည့်လျှင် စေတနာ ကောင်းသော ဈေးဆိုင်သည် ၄င်း၏ ကုန်ပစ္စည်းများ ကို ပစ္စည်းမှန် ဈေးမှန်ဖြင့် စေတနာထား ရောင်းသောကြောင့် ရောင်းအား ကောင်းသည်။ စေတနာ မပါဘဲ ရောင်းသူများမှာ မိမိ၏ ဈေးဆိုင်သည် လူသွားလူလာ အလွန်များ ခြင်းကို အခွင့်ကောင်း ယူ၍ ကုန်ပစ္စည်းများကို အဆမတန် ဈေးတင်ရောင်း ခြင်းကြောင့် ရောင်းအား ကျကာ စီးပွားရေး ဆုတ်ယုတ် နိုင်သည်။

ထို့ကြောင့် နေရာသည် အဓိက မဟုတ်၊ စေတနာ သည်သာ အဓိက ဖြစ်သည်။ စေတနာထား ရောင်းဝယ် ဖောက်ကား မည်ဆိုလျှင် နေရာမကောင်း သော်လည်း ရောင်းဝယ် ဖောက်ကား ကြီးပွား တိုးတက် နိုင်သည်။ ဆိုင်ကြီး မဟုတ်သော်လည်း အရောင်းအဝယ် ဖြစ်ထွန်း အောင်မြင် နိုင်သည်။ စေတနာသည် '' ကံ '' ဖြစ်သည်။ စေတနာ ကောင်းလျှင် ကံကောင်းသည် ဟု ဆိုကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတိုင်း လူတိုင်း အနေဖြင့် မည်သည့် အလုပ်ကို မဆို စေတနာထား လုပ်ကိုင် ဆောင်ရွက် မည်ဆိုပါက ကံကောင်း မည်သာ ဖြစ်သည်။ စေတနာသည် တူသော အကျိုးပေးသည် ဟု ဗုဒ္ဓဘုရားရှင် ဟောကြား တော်မူ ခဲ့သည်။

စေတနာ ကောင်းလျှင် ကံကောင်းမည်။ စေတနာ မကောင်းလျှင် ကံဆိုးမည် အကျိုး ဖြစ်ထွန်းမှု ယုတ်လျော့မည် ဟု ဆိုထားသည်။ ထို့ကြောင့် ကံကောင်းလို သူတိုင်းသည် စေတနာ ကောင်းရန် လိုသည်။ စိတ်ကောင်း စိတ်မြတ်များ မွေးထားရန် လိုသည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်းသည် မိမိဘဝ သာယာလှပရန်၊ မိမိ အကျိုးစီးပွား ဖြစ်ထွန်း တိုးတက် ကြီးပွားစေရန် လုပ်ကိုင် ဆောင်ရွက်ကြ ရာတွင် နေရာဒေသကို အဓိက မထားဘဲ စေတနာ ကိုသာ အဓိကထား လုပ်ကိုင် ဆောင်ရွက် ပါက စေတနာ၏ အကျိုးပေး ဖြစ်သော ဖြစ်ထွန်း တိုးတက် ကြီးပွားမှုများ ရရှိခံစား စံစားကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၀-၂၀၁၄) ကြာသပတေးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၀-၂၀၁၄) ကြာသပတေးနေ့

Download Links

Wednesday, October 29, 2014

ရွှေဘိုမြို့ရှိ ဦးအောင်ဇေယျနန်းတော်


ရွှေဘိုမြို့ရှိ ဦးအောင်ဇေယျနန်းတော်

ရွှေဘို ၊ ၂၉-၁၀-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့ရှိ အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ ၏ ရွှေဘုံရတနာ မင်္ဂလာနန်းတော် (ပုံ)ကို ယခုရက်ပိုင်း လာရောက် လေ့လာသူ များပြားလျက် ရှိကြောင်း ပြတိုက်ဝင်ကြေး ကောက်ခံသူများ ထံမှသိရသည်။

''တက္ကသိုလ် အဝေးသင် ကာလမို့ ပြတိုက်ကို အဝင်များ နေတာ ဖြစ်ပါတယ် ၊ နိုင်ငံခြားသားတွေ လာ လေ့လာတာ ကတော့ နည်းသေးတယ် .. ''ဟု ၄င်းက ပြောပြသည်။

ရွှေဘိုမြို့ရှိ ရှေးဟောင်း နန်းတော် ကို ယမန်နှစ်က ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်း ထိန်းသိမ်း စေခဲ့ပြီး ပြည်တွင်း လေ့လာသူ များကို လူတစ်ဦးလျှင် ငွေကျပ်၂ဝဝ နှင့် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ၂ဝဝဝ ဝင်ကြေး ကောက်ခံကြောင်း သိရသည်။

အဆိုပါ နန်းတော်ကို အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ က သက္ကရာဇ် ၁၇၅၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဆင်ဖြူရှင်မင်း လက်ထက်က အင်းဝသို့ မင်းနေပြည်တော် တည်ပြီး ရွှေ့သွား ခဲ့ခြင်းကြောင့် ၄င်း နန်းတော်ရာမှာ ဟောင်းနွမ်း ပျက်စီး သွားသဖြင့် ၁၉၉၄ ခုနှစ်တွင် အသစ် ပြန်လည် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ တစ်ခုတည်းသော ၄င်း ရှေးဟောင်း နန်းတော်တွင် မြေနန်း တော်ဆောင်၊ အလောင်း မင်းတရားကြီး ရုပ်ကလပ်ရှိရာ အုတ်နန်း ပြာသာဒ်၊ နန်းမ ပြာသာဒ်ဆောင်၊ ရွှေတိုက်၊ စာရင်းတိုက်၊ ကျောက်စာရုံ၊ ဘုံစံတု လွှတ်ကျောင်း၊ နန်းဦး အောင်မြေ၊ နန်းဦးဘုရား၊ အလောင်းမင်း တရားကြီး ၏ ကြေးရုပ်တု တို့ကို လေ့လာ ကြည့်ရှု နိုင်ကြောင်း သိရသည်။ 

အဆိုပါ နန်းတော်မှာ မူလက ကျွန်းတိုင်ပေါင်း ၅၄ တိုင်ဖြင့် တည်ဆောက် ခဲ့သော်လည်း ယခုအခါ အာရ်စီတိုင် များဖြင့် အစားထိုး ပြန်လည် တည်ဆောက် ထားကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ဆောင်းဦးပေါက် ဓာတ်စာ (၂)


ဆောင်းဦးပေါက် ဓာတ်စာ 

( ၂၅-၁၀-၂၀၁၄) ရက်မှ အဆက်


ကြည်မြင့်လွင် (မုဒြာ)

၅။ ငါးဖယ်ဆုပ် ချဉ်ရည်ဟင်း
ငါးဖယ်ဆုပ်ဟု ခေါ်သော်လည်း ဈေးများတွင် အဆင်သင့် အသားခြစ်ပြီး ရောင်းသည့် ငါးကြင်းခြစ်၊ ငါးမြစ်ချင်းခြစ် စသည့်ငါးများ ကိုလည်း စားသုံးနိုင် ပါသည်။ အရိုးကြောက် သဖြင့် ငါးဟင်း မစားချင်သူများ အတွက် ငါးဖယ်ခြစ်သည် ကြော်၍ စားစား၊ ချက်၍စားစား အဆင် ပြေသော ဟင်းဖြစ်သည်။ ဆောင်းရာသီတွင် ရိုးရိုး မချက်ဘဲ မန်ကျည်း မှည့်ရည်ဖြင့် ဆီလည် ရေလည် ချက်စားလျှင် ပို၍ သင့်တော် ပါသည်။ ငရုတ်သီး အပွတောင့် ကိုလည်း ထောင်းပြီး အစပ် အရသာ ပါအောင် ထည့်နိုင်သည်။ ပန်းငရုတ်ခေါ် ငရုတ်ပွ အစိမ်းတောင့်များ ရောချက် လျှင်လည်း ဟင်းပွဲလှပပြီး စားကောင်းသော ဆောင်းတွင်း ဓာတ်စာ ဟင်းလျာ တစ်ပွဲရရှိ နိုင်သည်။

၆။ ချဉ်စော်ကားသီးထောင်း
အထက်အညာ တွင် ဆီးဖြူသီး ထောင်းစား သကဲ့သို့ ချဉ်စော်ကားသီး ကိုလည်း ထောင်းစားလေ့ ရှိသည်။ နွေတွင် ဆီးဖြူသီးသည် ဝမ်းပျက် ဝမ်းလျောခြင်းကို ကာကွယ်သည့် ဓာတ်စာ ဖြစ်သကဲ့သို့ ဆောင်းတွင် ချဉ်စော်ကားသီး သည် အသားပပ် ခြင်းကို ကာကွယ်သော ဓာတ်စာ ဖြစ်သည်။ အရေပြားတွင် အခိုးပိတ်ပြီး အက်ကွဲခြင်းကို ကာကွယ်သည့် တေဇော ဝါယောစာ ဖြစ်သည်။ အနောက်တိုင်း ဓာတ်စာ အလိုအရ ဆိုလျှင် အသားပပ်ခြင်းကို ကာကွယ် နိုင်သော ဗီတာမင်စီ ပါသော အသီးဖြစ်သည်။

ချဉ်စော်ကားသီးကို ရေစင်အောင် ဆေးပြီး ငရုတ်ဆုံတွင် ထောင်းသောအခါ ကြက်သွန် အဖြူ၊ အနီ၊ ချင်း တို့ကိုလည်း ကြိုတင် နုပ်နုပ်စဉ်း ထားပြီး ရောထောင်းလျှင် အကောင်းဆုံး ဖြစ်သည်။ အချို့အစပ် ကြိုက်သူများမှာ မိုးမျှော် ငရုတ်သီးစိမ်း၊ ရွှေအပ် ငရုတ်သီးစိမ်း တို့ကို အနည်းငယ် ထည့်ထောင်း စားကြလေ့ ရှိသည်။ ဆောင်းဥတု တွင် ကိုယ်တွင်းအပူ ငုပ်ပြီး အပြင် အအေးပတ် ဖွဲ့ကာ အရေပြား ချွေးပေါက်များ ပိတ်လေ့ ရှိသဖြင့် အချဉ်၊ အစပ် အရသာ ရှိသော ဓာတ်စာများ နေ့စဉ် စားပေးသင့် သည်ဟု ရှေးဆရာကြီး များက ဆိုသည်။

၇။ ငါးနှင့်စောင်းလျားသီးချက်
စောင်းလျားသီးသည် ချဉ်သော အရသာရှိသော အသီးဖြစ်သည်။ မှည့်လျှင် အချို အရသာ အနည်းငယ် ဝင်လာသည်။ အသီးကို တန်းလန်း ဖြတ်လှီးလျှင် ကြယ်ပုံသဏ္ဌာန် ရှိသည်။ ငါးခူ၊ ငါးကျည်း စသော ငါးမျိုးများသည် တက်စာများ ဖြစ်သော်လည်း စောင်းလျားသီး အချဉ်နှင့် ရောချက် လိုက်လျှင် အတက် သက်သာသည်။ အကြေးပါသော ငါးသလောက် သည်လည်း တက်စာ ဖြစ်သည်။ စောင်းလျား သီးနှင့် ပေါင်းစားလျှင် အတက် သက်သာသည်။ ငါးကြင်းဖြူ နှင့် စောင်း  လျားသီး ချက်စားလျှင် ဆောင်းဥတု အတွက်ဓာတ်စာ ဖြစ်သည်။ စောင်းလျားသီး ရင့်ရင့် နှင့် ငါးပြေမ ချက်စားလျှင် ကျောက်ကပ်တွင် တည်သော ကျောက်ကျ စေသည်ဟု လက်တွေ့ ကျဖူးသူက ပြောပြသည်။

၈။ ကြာဆံဟင်းခါးချက်
တစ်ခါတစ်ရံ ထမင်းဟင်း စားချင်စိတ် မရှိလျှင် ကြာဆံဟင်းခါး ချက်စားလျှင် ချွေးထွက်ပြီး ခံတွင်းတွေ့ကာ လူကိုပေါ့ပါး စေသည်။ ဆောင်းဥတုနှင့် သင့်သော ဓာတ်စာ ဖြစ်သည်။ ကြာဆံဟင်းခါး ချက်ရာတွင် ထည့်သော အမယ်ကြီးအို နားရွက်ဟု ခေါ်ကြသော မှိုခြောက်၊ ပန်းခြောက် အပွင့်များသည် နှလုံး သွေးကြောကျဉ်း ရောဂါကို ပျောက်ကင်း စေနိုင်သည်ဟု ဆိုသည်။

၉။ ခရမ်းချဉ်သီးပန်ထွေဖျော်
အင်းသီးနှင့် ကိုင်း ခရမ်းချဉ်သီး ဟူ၍ နှစ်မျိုးရှိသည်။ အချဉ်ကြိုက် လျှင် ကိုင်း ခရမ်းချဉ်သီး၊ တော ခရမ်းချဉ်သီး များကိုသုံးပြီး ပန်ထွေဖျော် ပြုလုပ် နိုင်သည်။ ကြက်သွန် အဖြူ၊ အနီထောင်းပြီး ဆီအနည်းငယ် နှင့် ခရမ်းချဉ်သီး အနှစ်ကို နယ်၍ ပန်ထွေဖျော် ပြုလုပ်သည်။ အစပ်ကြိုက်လျှင် ငရုတ်သီး စိမ်းတောင့် အနည်းငယ်ကို ကတ်ကြေး ဖြင့် ကိုက်ပြီး ထည့်ပါ။ ချမ်းသောရာသီနှင့် အလွန်လိုက်သော အပွင့်စာ ဖြစ်ပါသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

မြန်မာနိုင်ငံ အရှေ့မြောက်ဘက် အင်မော်ဘွန် တောင်တန်းဒေသတွင် ရှားပါး ပန်ဒါနီ ၀က်ဝံနှစ်ကောင် တွေ့ရှိ



ရန်ကုန် ၊ ၂၉-၁၀-၂၀၁၄

ကမ္ဘာပေါ်တွင် မျိုးတုန်း ပျောက်ကွယ်လု နီးပါး ဖြစ်နေပြီး ထိန်းသိမ်း စောင့်ရှောက် ထားသည့် တိရစ္ဆာန်များ ထဲတွင် တစ်မျိုး အပါအ၀င် ဖြစ်သော ပန်ဒါနီ ၏ လှုပ်ရှားမှု များကို အောက်တိုဘာ ၂၇ ရက်က အင်မော်ဘွန် တောင်တန်းဒေသ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း သစ်တော အတွင်း တွေ့ရှိရကြောင်း ဇီဝဗေဒ လေ့လာရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Fauna & Flora International (FFI) က သတင်းထုတ်ပြန် ခဲ့သည်။

အဆိုပါ ဇီဝဗေဒ လေ့လာရေး အဖွဲမှ ထောင်ချောက် ဗီဒီယို ဖြင့် ရိုက်ကူး ရရှိထားသော မှတ်တမ်းတွင် ပန်ဒါနီ စုံတွဲနှစ်ကောင် သည် မြန်မာနိုင်ငံ အရှေ့မြောက် ဘက်ပိုင်း ကချင်ပြည်နယ် အင်မော်ဘွန် တောင်ဝန်းကျင် ရှိ သစ်တောများ၊ ဝါးပင်များ အတွင်း ပြေးလွှာ ဆော့ကစား နေသည့် မြင်ကွင်းများ ပါဝင်သည်။

င်္Fauna & Flora International (FFI) မှ ဇီဝဗေဒပညာရှင် တစ်ဦးဖြစ်သူ ကိုစောစိုးအောင် က ''ဒီ ဗီဒီယို က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရိုက်ထားတာပါ။ ပန်ဒါနီစုံတွဲ နှစ်ကောင် ကျောက်ခဲ လမ်းပေါ်မှာ ပြေးလွှားနေတဲ့ မြင်ကွင်းတွေ၊ သစ်တောထဲ က ဝါးရွက်တွေ ကြားမှာ လမ်းလျှောက် နေတဲ့မြင်ကွင်း တွေပါ ရှိပါတယ်။ ပန်ဒါနီတွေရဲ့လှုပ်ရှားမှုကို ဒီ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ၂ဝဝ၉ ခုနှစ်လောက် ကတည်းက ပထမဆုံး အကြိမ် တွေ့ရှိရတာပါ။ အခုကတော့ ဗီဒီယိုနဲ့ ပထမဆုံး မှတ်တမ်းတင် နိုင်ခဲ့တာဖြစ်ပါတယ် ... '' ဟု ပြောခဲ့သည်။

International Union for Conservation of Nature(IUCN) ၏ ထုတ်ပြန်ချက် အရ လက်ရှိအချိန် ၌ ကမ္ဘာပေါ်တွင် ပန်ဒါနီ ကောင်ရေမှာ ၁ဝဝဝဝ အောက်တွင်သာ ကျန်ရှိတော့ ပြီး အေးမြသော ရာသီဥတု ရှိသည့် မြန်မာနိုင်ငံ အရှေ့မြောက်ဘက် သစ်တောများ၊ နီပေါနိုင်ငံ အနောက် ဘက်ခြမ်း နှင့် တရုတ်နိုင်ငံ များတွင် နေထိုင် ကျက်စား ကြကြောင်း သိရသည်။

ပန်ဒါနီများကို ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း တွင် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်၌ လေအေး ပေးစက် တပ်ဆင်ထားသော အခန်းတွင် ပြသ ထားရှိခဲ့ပြီး နောက်ပိုင်းတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

အင်းလေးဟိုတယ်ဇုန် မြေနေရာ၌ လုပ်ကိုင်ခွင့် ရရှိထားသည့် ဟိုတယ်လုပ်ငန်းရှင်များ ပွင့်လင်းရာသီအမီ အဆောက်အအုံ ဆောက်လုပ်နိုင်



ရန်ကုန် ၊ ၂၉-၁၀-၂၀၁၄

ရှမ်းပြည်နယ် အင်းလေးဒေသ ၌ ဟိုတယ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက လာစေရန် အင်းလေး ဟိုတယ်ဇုန်ကို တည်ဆောက် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ရာ အဆိုပါ နေရာများ၌ လုပ်ကိုင်ခွင့် ရရှိထားသည့် ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် ပွင့်လင်းရာသီ အမီ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း အင်းလေး ဟိုတယ်ဇုန် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးကော် မတီမှ သိရသည်။

အင်းလေး ဟိုတယ်ဇုန်ကို ရှမ်းပြည်နယ် ရှိ ညောင်ရွှေမြို့နယ် အင်းလေးကန် အရှေ့ဘက် ခြမ်းရှိ မြေအကျယ် ၆၂၂ ဧက တွင် မြေကွက် အမျိုးအစား အလိုက် A ဇုန်၊ B ဇုန် ၊ C ဇုန် အဖြစ် ဖော်ထုတ်ပြီး ဟိုတယ် တည်ဆောက်ရန် မြေကွက် လျှောက်ထား သူများကို မဲစနစ်ဖြင့် နေရာချထား ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အင်းလေး ဟိုတယ်ဇုန် တည်ဆောက် အကောင် အထည်ဖော် ရာတွင် အခြေခံ လိုအပ်သည့် လမ်းတံတား နှင့် လျှပ်စစ်မီး ရရှိရေး လုပ်ငန်းများကို ရာနှုန်းပြည့် ရရှိ နိုင်စေရန် အင်းလေး ဟိုတယ်ဇုန် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးကော်မတီ မှ ဆောင်ရွက်ပေး ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စက်လှေဆိပ် တည်ဆောက်ရေး နှင့် ဆက်သွယ်ရေး ကွန်ရက် လုပ်ငန်းများ ကိုလည်း လက်ရှိ အချိန်တွင် ဆက်လက် အကောင် အထည်ဖော် လုပ်ဆောင် ပေးလျက် ရှိသည်။

ဟိုတယ် ဆောက်လုပ်ရန် ငွေပေး သွင်းပြီးသည့် လုပ်ငန်းရှင်များ အနေဖြင့် ဆောက်လုပ် ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာသို့ အခွန်အခများ ပေးသွင်းပြီး မြေစာရင်းပုံစံ ၁ဝ၅ ရေးဆွဲရန် နှင့် စက်မှု မြေငှားဂရန် ထုတ်ပေး နိုင်ရန် ဆောင်ရွက်ပေး သွားမည် ဖြစ်၍ လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါပုံစံ များကို ထုတ်ယူကာ ပွင့်လင်းရာသီ အမီ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

၎င်း ဟိုတယ်ဇုန် ပေါ်ထွက် လာပါက အင်းလေးဒေသ အပါအဝင် ပတ်ဝန်းကျင် ဒေသများသို့ လာရောက် လေ့လာ လည်ပတ် သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ နှင့် ပြည်တွင်း ခရီးသွား ဧည့်သည်မျာ အနေဖြင့် တည်းခို နေထိုင်ရန် နေရာ အခက်အခဲ ဖြစ်ပေါ်နေမှုကို ဖြေရှင်း ပေးနိုင်မည် ဖြစ်ပြီး ပွဲတော်ရက် များတွင်လည်း ဟိုတယ်အခန်း လိုအပ်ချက် များကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

အညာဒေသရှိ တောင်သူများ ကြယ်ပဲစိုက်ပျိုး၍ ဝင်ငွေတိုးလာ



တောင်တွင်းကြီး ၊ ၂၉-၁၀-၂၀၁၄

မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ်ရှိ တောင်သူ အများစုမှာ ကြယ်ပဲ (Star Sacha inchi) စိုက်ပျိုး ခြင်းကြောင့် ဝင်ငွေတိုးကာ အဆင်ပြေ လာကြကြောင်း တောင်သူများ၏ ပြောကြားချက် အရ သိရသည်။

'' ကြယ်ပဲ စိုက်ပျိုးတာကို ဒီက တောင်သူ အတော်များများ အကျွမ်းတဝင် မဖြစ်ကြ သေးဘူး။ မကွေးတိုင်း ဒေသကြီးက တောင်သူ တွေသာ ဒီပဲ အကြောင်းကို ကောင်းကောင်း သိလို့ အလုပ်ဖြစ် နေကြတာပါ။ ကြယ်ပဲက တကယ် စိုက်ရင် စိုက်သလို အကျိုးအမြတ် ရရှိတဲ့ပဲ ဖြစ်ပါတယ်။ ပြည်ပ နိုင်ငံတွေ ကလည်း ကြိုက်နှစ်သက်မှု ရှိလာပြီး ပြည်ပ တင်ပို့လို့ ကောင်းတဲ့ပဲ အမျိုးအစားလည်း ဖြစ်တယ် ... '' ဟု တောင်တွင်းကြီး မြို့နယ်ရှိ တောင်သူ ဦးစိန်မြင့်က ပြောသည်။

ကြယ်ပဲမျိုးစေ့ ၁ ကီလိုဂရမ် လျှင် ငွေကျပ် သုံးသိန်း တစ်သောင်းဖြင့် ဝယ်ယူနိုင်ပြီး ၁ ဒသမ ၅ ဧကခန့် စိုက်ပျိုး နိုင်ကြောင်း သိရသည်။ ပင်ကြား တန်းကြား အကွာအဝေး မှာ (၉x၉)ပေ ထား၍ စိုက်ပျိုးရပြီး ၁ ဧကလျှင် အပင်ရေ ၅၃ဝ ခန့် ဝင်ဆံ့သည်။ ကြယ်ပဲသည် သက်တမ်း ၃၅ နှစ်မှ နှစ် ၅ဝ ခန့်အထိ ရှင်သန်ကြီးထွား နိုင်သော နှစ်ရှည်ပင် အမျိုးအစား ဖြစ်ကြောင်း သိရသည်။ ကြယ်ပဲကို ပျိုးထောင်ပြီး ပျိုးသက်တမ်း ၄၅ ရက်မှ ရက် ၆ဝ ခန့်တွင် စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးရသည်။ ပြောင်းရွှေ့ပြီး ခြောက်လ ကြာလျှင် အသီးများ စတင်သီးပွင့် ပြီး ရှစ်လ အကြာတွင် ခူးဆွတ် ရိတ်သိမ်းနိုင် ကြောင်း သိရသည်။

ယင်းအပြင် ၁ ဧကလျှင် ပျမ်းမျှကီလို ၂ဝဝဝ ခန့်ထွက်ရှိပြီး အပင်သက်တမ်း ရရှိလာသည် နှင့်အမျှ အထွက်နှုန်း ပိုမို တိုးတက် လာကြောင်း သိရသည်။ ကြယ်ပဲကို တရုတ်နိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံများမှ အများအပြား ဝယ်ယူပြီး အဆိုပါပဲ ကို ယင်းနိုင်ငံများမှ အစားအသောက် များတွင် အာဟာရ ဖြစ်စေသည့် အစားအစာ အဖြစ် ထည့်သွင်း အသုံးပြု ကြကြောင်း သိရသည်။

ကြယ်ပဲကို လက်ရှိ အချိန်တွင် ကျောက်တန်း မြို့နယ်ရှိ တောင်သူများ စတင်စမ်းသပ် စိုက်ပျိုးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

မြန်မာနိုင်ငံမှ တီလားဗီးယား ငါးများကို အမေရိကန်ကုမ္ပဏီ တစ်ခုမှ အမြောက်အမြား ဝယ်ယူရန် ကမ်းလှမ်း



ရန်ကုန် ၊ ၂၉-၁၀-၂၀၁၄

မြန်မာနိုင်ငံမှ ထွက်ရှိသော တီလားဗီးယား ငါးများကို အမေရိကန် နိုင်ငံ အစားအစာ ထုတ်လုပ်သော ကုမ္ပဏီတစ်ခုမှ အမြောက်အမြား ဝယ်ယူရန် ကမ်းလှမ်းထားပြီး မကြာမီ ကာလတွင် မြန်မာ့ ရေထွက်ကုန် ပစ္စည်းများ သည် အမေရိကန် နိုင်ငံအပြင် အနောက် နိုင်ငံများ ၌လည်း ဈေးကွက် နေရာများ ရရှိလာနိုင်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သည် ကမ္ဘာပေါ်တွင် တီလားဗီးယားငါး အများဆုံး တင်သွင်း စားသုံးသော နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ ငါး လုပ်ငန်းရှင်များ အနေဖြင့် တီလားဗီးယားငါး များကို နိုင်ငံတကာ အဆင့်မီအောင် မွေးမြူနိုင်မည် ဆိုပါက အမေရိကန် နိုင်ငံ၌ ဈေးကွက် နေရာ ကျယ်ပြန့်စွာ ရရှိလာ နိုင်ကြောင်း၊ ထိုသို့ ဈေးကွက် နေရာရရှိ လာပါက အခြားသော ဥရောပသမဂ္ဂ နိုင်ငံများ တွင်လည်း မြန်မာ့ ရေထွက်ကုန် ပစ္စည်းများကို ဈေးကွက် ထိုးဖောက် ရာတွင် ပိုမိုလွယ်ကူမှု ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တီလားဗီးယား ငါးများ (ပုံ) သည် ပြည်ပ ဈေးကွက်တွင် ဈေးကောင်း ရရှိသော ငါးအမျိုးအစား ဖြစ်ပြီး နိုင်ငံတကာ ပေါက်ဈေးနှုန်း အရ တီလားဗီးယား ငါး အသားလွှာ ၁ ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ဒေါ်လာမှ ၅ ဒေါ်လာအထိ ရှိကာ အကောင်လိုက် ဈေးနှုန်းမှာ ၂ ဒသမ ၅ ဒေါ်လာ မှ ၃ ဒေါ်လာအထိ ရှိကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံမှ တီလားဗီးယား ငါးများ ဝယ်ယူရန် ကမ်းလှမ်း ထားသည့် အမေရိကန် ကုမ္ပဏီသည် အဆိုပါ ငါးများကို အကောင်လိုက် ဖြစ်စေ၊ အသားလွှာ အနေဖြင့် ဖြစ်စေ ဝယ်ယူမည် ဖြစ်ကြောင်း၊ ၀ယ်ယူမည့် ပမာဏ၊ မြန်မာနိုင်ငံမှ တင်ပို့နိုင်မည့် အခြေအနေ စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

ရန်ကုန်မြို့ရှိ ပန်းခြံ ၅ဝ ကျော်ကို အခမဲ့ဝင်ခွင့် ပြုသွားမည်ဖြစ်ပြီး စီးပွားဖြစ် ဗီဒီယိုရိုက်ကူးမှုများ အတွက် သတ်မှတ်ငွေကြေး ပေးဆောင်ရမည်



ရန်ကုန် ၊ ၂၉-၁၀-၂၀၁၄

ရန်ကုန်မြို့ရှိ ကန်တော်ကြီး ဥယျာဉ် အပါအဝင် ပန်းခြံ ၅ဝ ကျော်ကို ၂ဝ၁၅ ခုနှစ်ဧပြီလ မှစတင်ကာ ဝင်ကြေးအခမဲ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ် နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ လုပ်ဆောင်မှု သည် အများ ပြည်သူများ အပန်းဖြေ နိုင်ရန် နေရာများ နည်းပါး ခြင်းကြောင့် ယင်း နေရာများတွင် စိတ်အေးချမ်းစွာ အပန်းဖြေ နိုင်စေရန် ရည်ရွယ် ထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း ပန်းခြံ ၆၃ ခုရှိသည့် အနက် လက်ရှိ အခမဲ့ ဝင်ခွင့်ပြု ထားသော ပန်းခြံအချို့ အပါအဝင် ပန်းခြံ ၅၉ ခုကို ၂ဝ၁၅ ခုနှစ် ဧပြီလမှ စတင်ကာ ဝင်ကြေး အခမဲ့ ပြုလုပ်မည် ဖြစ်ပြီး ကျန်ရှိသော မြကျွန်းသာ၊ မြိုင်ဟေဝန်၊ ပြည်သူ့ရင်ပြင် နှင့် အာဇာနည် ဗိမာန် စသည့် နေရာလေးခု ကို ဝင်ကြေးများ ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်ကြေးများ ဆက်လက် ကောက်ခံမည့် မြကျွန်းသာ ကိုလည်း ပုဂ္ဂလိက သို့ ငှားရမ်းထားပြီး အဆင့် မြှင့်တင်မှု လုပ်ငန်းများ လုပ်ဆောင် နေခြင်းကြောင့် ဝင်ကြေး ဆက်လက် ကောက်ခံရခြင်း ဖြစ်ကြောင်း၊ အလားတူ ပြည်သူ့ရင်ပြင် ကိုလည်း Natural World ကုမ္ပဏီသို့ ငှားရမ်းထားပြီး ရှစ်မိုင်လမ်းဆုံ ရှိ မြိုင်ဟေဝန် ပန်းခြံမှာ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိသေး သော်လည်း ဝင်ကြေးများ ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် အာဇာနည် ဗိမာန် ကိုလည်း ဝင်ကြေးပေး ရသည့် စနစ် အသုံးပြုရခြင်း သည် နိုင်ငံတကာ တွင် အထိမ်းအမှတ် နေရာများသို့ ဝင်ရောက် ရာတွင် ဝင်ကြေး ပေးဆောင် ရခြင်းများ ရှိနေခြင်းကြောင့် ဝင်ကြေး ပေးသည့် စနစ်ကို ပယ်ဖျက်မည် မဟုတ်ကြောင်း သိရသည်။

ကန်တော်ကြီး ဥယျာဉ် (ပုံ) သို့ အခမဲ့ ဝင်ရောက်ရာတွင် ဇေကမ္ဘာကုမ္ပဏီ သို့ ငှားရမ်းထားသည့် မျှော်စင်ကျွန်းမှ လွဲ၍ အခြားသော ဝင်ပေါက် ခုနစ်ပေါက်မှ အခမဲ့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ အခမဲ့ ဝင်ရောက် ခွင့်ပြုမည့် ပန်းခြံ ၅၉ ခုကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဝင်ရောက် အပန်းဖြေ နိုင်ရန် စီစဉ် ပေးသွားမည် ဖြစ်ကြောင်း၊ အခမဲ့ ဝင်ကြေးဟု ဆိုရာတွင် လူဝင်ကြေး နှင့် ယာဉ်ဝင်ခ များသာ အခမဲ့ဖြစ်ပြီး စီးပွားဖြစ် ဗီဒီယို ရိုက်ကူးမှုများ အတွက် သတ်မှတ် ငွေကြေး ပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

အခမဲ့ ပြုလုပ်မည့် ပန်းခြံ ၅၉ ခုအနက်မှ ကန်တော်ကြီး ဥယျာဉ်မှာ နှစ်စဉ် ဝင်ငွေ ငွေကျပ်သိန်း ၂ဝဝဝ ခန့် ရရှိပြီး အလားတူ အင်းလျားပန်းခြံ မှ ဝင်ငွေ ငွေကျပ်သိန်း ၁၅ဝ ခန့်၊ စော်ဘွားကြီးကုန်း ရှိ နံ့သာမြိုင် ပန်းခြံ မှ ဝင်ငွေ ငွေကျပ် ၁၅ သိန်း ခန့်၊ အင်းစိန်ပန်းခြံ မှ ဝင်ငွေ ငွေကျပ် ၁၄ သိန်း ခန့်ရရှိရာ အခမဲ့ ပြုလုပ်မည် ဆိုပါက နှစ်စဉ် ပန်းခြံများမှ ဝင်ငွေ ငွေကျပ်သိန်း ၂၂ဝဝ နီးပါးခန့် ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

ဘ၀အတွက်တာ အတွေ့အကြုံ လေ့လာမှတ်သားမှု နှင့် တီထွင်ကြံဆမှု


ဘ၀အတွက်တာ အတွေ့အကြုံ လေ့လာမှတ်သားမှု နှင့် တီထွင်ကြံဆမှု

ယနေ့ ၂၁ ရာစု ခေတ်ကြီးသည် စိန်ခေါ်မှု များစွာကို ကမ္ဘာ ပြည်သူများ ရင်ဆိုင် နေရသကဲ့သို့ ယှဉ်ပြိုင်မှု များစွာ ကိုလည်း တစ်ပြိုင်တည်း ကြုံတွေ့ နေကြ ရသည်။ အင်္ဂလိပ် စာဆိုတော်ကြီး ဝီလီယံ ရှိတ်စပီးယား (၁၅၆၄- ၁၆၁၆) က လောက လူသားတို့သည် ဘဝ ဇာတ်ဆရာ အလိုကျ ကပြ နေကြရသည် ( The World is Play ) ဟု ဆိုခဲ့သည်မှာ ယနေ့အထိ သဘာဝ ကျသော အဆိုအမိန့် တစ်ခုပင် ဖြစ်သည်။

ရှိတ်စပီးယား သည် သဘင်အလုပ် ကိုသာ လုပ်ကိုင်ဖူး သော်လည်း လေ့လာ မှတ်သားမှု အားကောင်းသူ ဖြစ်ခြင်းကြောင့် ဗဟုသုတ ပြည့်စုံသူ တစ်ဦး ဖြစ်သည်။ ရှိတ်စပီးယား ရေးသားသည့် ဝတ္ထုများမှာ ဇာတ်ကောင်များသည် ခြေသလုံး အိမ်တိုင် ခါးပိုက်နှိုက် မှစ၍ ရှင်ဘုရင် အထိ ပါဝင်သည်။ သက်ဆိုင်သူ တို့၏ ပြောပြချက် များကို သေချာစွာ မှတ်သားပြီး မိမိ မှတ်သား နားလည် ထားသမျှကို နေရာတကျ ပြန်လည် အသုံးပြု တတ်သည့် ထူးခြားသော ဉာဏ်ကြောင့် ရှိတ်စပီးယား သည် ပညာရပ် ဆိုင်ရာ ဝေါဟာရ တို့တွင် ကျွမ်းကျင် ပိုင်နိုင်စွာ ရေးသား နိုင်ခြင်း ဖြစ်သည်။ ရှိတ်စပီးယား သည် လောက သဘာဝနှင့် လူတို့၏ သဘောကို အလွန် သိနားလည်သူ ဖြစ်သဖြင့် လူတန်းစား အမျိုးမျိုးမှ လူတစ်ဦး တစ်ယောက်၌ ဖြစ်ပေါ်မည့် စိတ်ဓာတ်၊ ပြောဆိုမည့်စ ကား၊ ပြုလုပ်မည့် အပြုအမူ များကို သဘာဝကျကျ ရေးသား နိုင်ခဲ့သဖြင့် တစ်ကမ္ဘာလုံး က ချီးကျူး ဂုဏ်ပြုကြ ရသူ ဖြစ်သည်။

မြန်မာ့သမိုင်း ကုန်းဘောင်ခေတ် တွင် ကင်းဝန် မင်းကြီးသည် ဇာတ်ကြီး နေမိဇာတ် ကို ရကန်အဖြစ် ဖွဲ့ဆို ခဲ့သည်မှာ ယနေ့အထိ ဂန္တဝင်စာပေ အဖြစ် ထင်ရှားနေဆဲ ဖြစ်သည်။ နေမိရကန် ပိုဒ်ရေ (၆)တွင် မာတလိ နတ်သား သည် နေမိမင်းအား နတ်ပြည်သို့ ခေါ်ဆောင် သွားရန် ရထားဖြင့် နန်းတွင်း ရောက်လာ သည်ကို နန်းတွင်းသူတို့ မြင်လိုက်သော အခါ ထိတ်လန့် တကြား ဖြစ်ပုံကို စိတ်ကူးဖြင့် ဖော်ပြသီကုံး ထားသည်။ ဤအဖွဲ့တွင် နန်းတွင်းသူ တို့၏ ဖြီးလိမ်း ဝတ်စားပုံ၊ ပြောဆိုပုံ၊ မိန်းမသားတို့ အမူအရာ နှင့် အတွင်း စိတ်ဓာတ် သဘောထား တို့ကို ပေါ်လွင်အောင် ရေးစပ် နိုင်ခဲ့သည်။ ဤသို့ ရေးစပ်နိုင်စွမ်း ရှိခြင်းကြောင့် ''မောင်ကောင်း သည် လူပုံ ကြည့်တော့ မတုန်မလှုပ် ဣနြေ္ဒကြီး နှင့် ရေးလိုက်တဲ့ စာများကျတော့ နန်းတွင်းသူများ အမူအရာကို ဘယ်တုံးက များ မြင်ပါလိမ့်'' ဟု အရှင် နန်းမတော်ကြီး က အံ့သြစကား ဆိုခဲ့သည်။

ဘဝအတွက် အတွေ့အကြုံ နှင့် လေ့လာ မှတ်သားမှု တို့သည် အရေးပါကြောင်း အင်္ဂလိပ် စာဆိုတော်ကြီး ဝီလီယံ ရှိတ်စပီးယား နှင့် ကင်းဝန် မင်းကြီး ဦးကောင်း တို့အပြင် ကမ္ဘာ့သမိုင်း နှင့် မြန်မာ့သမိုင်း တို့တွင် စံပြုလောက် သော ပုဂ္ဂိုလ်များစွာ ရှိခဲ့ပြီး မျက်မှောက် ခေတ်တွင်လည်း နေရာဌာန အလိုက် ရှိကြ သကဲ့သို့ အနာဂတ်တွင် လည်း ပေါ်ထွန်းကြဦး မည်သာ ဖြစ်သည်။

မိမိ ပတ်ဝန်းကျင်၊ မိမိရပ်ရွာ၊ မိမိဒေသ နှင့် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် ပညာသည် အရေးကြီး ကြောင်း၊ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ် လျှော်ဖြူကိုင်း ကျေးရွာနှင့် အိုင်ဘုတ် ကျေးရွာတို့မှ အခြေခံ ပညာ အလယ်တန်း ကျောင်း(ခွဲ) များ အဆင့် တိုးမြှင့်ခြင်း အခမ်းအနားများ ကျင်းပသည့် အောက်တိုဘာ ၂၆ ရက်တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တက်ရောက်အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြား ခဲ့သည်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ က ယနေ့ခေတ် ကာလ ရောက်ရှိ လာသည့်အခါ ကျောင်းနေသူ များသည် ဘွဲ့တစ်ခုခု ရရှိပြီး အစိုးရ အလုပ်ရရန် ဆိုသည့် ခံယူချက်များ မှားယွင်းစွာ ရှိနေသည်ကို တွေ့ရ ပါကြောင်း၊ ယနေ့ သိပ္ပံနှင့် နည်းပညာသည် အချိန်နှင့် အမျှ ပြောင်းလဲ တိုးတက် နေသည့်အတွက် အမီ လိုက်နိုင်ရန် တီထွင်ကြံဆ ဉာဏ်ရှိရန် လိုအပ် ပါကြောင်း ... '' ဖြင့် ထည့်သွင်း ပြောကြား ခဲ့သည်။

သို့ဖြစ်၍ ဘဝဇာတ်ဆရာ အလိုကျ ကပြ နေကြရသော လူသားတို့သည် မိမိ ဘဝအတွက်၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အတွက် ဖွံ့ဖြိုး တိုးတက်မှု ရရှိရန်မှာ နိုင်ငံသား တစ်ဦးချင်းစီ အနေဖြင့် အတွေ့အကြုံ နှင့် လေ့လာ မှတ်သားမှု တို့မှ တစ်ဆင့်တက်၍ တီထွင်ကြံဆမှု ရှိကြရမည် ဖြစ်ပေသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

မမှန်မကန် ရောင်းဝယ် ဖောက်ကားမှု ရှောင်ကြဉ်


မမှန်မကန် ရောင်းဝယ် ဖောက်ကားမှု ရှောင်ကြဉ်

ရောင်းဝယ် ဖောက်ကား ကြရာတွင် ဈေးနှုန်းမှန်၊ ပစ္စည်းမှန် ခြင်းကို လူတိုင်း နှစ်သက်ကြ သည်။ ဈေးကြီးကြီး ပေး၍ အရည်အသွေး နိမ့်သော ပစ္စည်းကို မည်သူမျှ ဝယ်ယူလိုမည် မဟုတ်ပေ။ ထို့အတူ အရည်အသွေး ကောင်းသည့် ပစ္စည်းကို ဈေးပေါပေါ နှင့်မည်သူမျှ ရောင်းချမည် မဟုတ်ပေ။ ဤတွင် မှန်ကန်စွာ ရောင်းဝယ် ဖောက်ကားခြင်း နှင့် မမှန်မကန် ရောင်းဝယ် ဖောက်ကားခြင်း ဟူ၍ တွေ့ရမည် ဖြစ်သည်။

မှန်မှန်ကန်ကန် ရောင်းဝယ် ဖောက်ကား သူများထံမှ ပစ္စည်းမှန်၊ ဈေးမှန် ရနိုင်သည်။ မမှန်မကန် ရောင်းဝယ် ဖောက်ကားသူ များထံမှ ပစ္စည်းမမှန် သကဲ့သို့ ဈေးလည်း မမှန်မကန် ရောင်းချခြင်းမျိုး တွေ့ကြုံ ရနိုင်သည်။ မတရား အမြတ်ယူ၍ ရောင်းချခြင်းမှာ ဆိုးရွားသည် မှန်သော်လည်း ပစ္စည်း မမှန်ကန် ခြင်းမှာ ပိုမို ဆိုးရွားသည်။

ယခုအခါ အလေး၊ ချိန်ခွင်၊ တင်း စသည်တို့ မမှန်ကန်မှု ထက် အတုများ ရောနှော ရောင်းချခြင်း၊ အတုကို အစစ်ဈေးဖြင့် ရောင်းချခြင်း စသည့် မမှန်မကန် ရောင်းဝယ်မှုများ တိုးပွား လာနေသည်။ အများစုမှာ စားသောက်ကုန် လုပ်ငန်းများတွင် တွေ့ရသည်။ အသား ငါး ရောင်းသူက အလေးချိန် တိုးရန် ရေထိုးသည်။ ဆန်၊ ဆီရောင်းသူ က အရောအနှော လုပ်သည်။ သစ်သီး ရောင်းသူက အမြန်မှည့်ရန် ဆေးဆိုးသည်။

ဤသို့ ပြုလုပ် ရောင်းဝယ် ဖောက်ကားခြင်း မျိုးသည် စားသုံးသူ ပြည်သူများ၏ ယုံကြည်မှုကို ပျက်ပြားစေ၍ ဈေးကွက် ထိခိုက်နိုင် သကဲ့သို့ စားသုံးသူ ပြည်သူများ အတွက်လည်း ကျန်းမာရေး ရှုထောင့်မှ နစ်နာမှုများ ကြုံတွေ့ နိုင်သည်။ ထို့ကြောင့် မမှန်မကန် ရောင်းဝယ် ဖောက်ကား ခြင်းသည် ဘာသာရေး အမြင်ဖြင့် ခိုးမှုမှု၊ လိမ်လည်မှု ပြစ်မှုများ ကျုးလွန်ရာ ရောက်သကဲ့သို့ လက်ရှိ တည်ဆဲ ဥပဒေများ အရလည်း ပြစ်မှု မြောက်၍ မမှန်မကန် ရောင်းဝယ် ဖောက်ကားမှု မျိုးကို ကုန်သည်များ အနေဖြင့် ရှောင်ကြဉ်ရန် လိုသည်။

ဈေးကွက်အတွင်း မမှန်မကန် ရောင်းဝယ် ဖောက်ကားခြင်း သည် တစ်မျိုးသား လုံး၏ ကျန်းမာရေး အတွက် ထိခိုက်မှုများ ရှိနိုင်ပြီး အမျိုးသား အကျိုးစီးပွား ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ် စေနိုင်၍ သက်ဆိုင်ရာ က ကြပ်မတ် တားဆီးမှုများ၊ အရေးယူမှုများ ပြုလုပ်လျက် ရှိသော်လည်း လုံးဝ ပျောက်ကွယ် သွားမည့် အနေအထားမျိုး မရှိကြောင်း သုံးသပ်ရသည်။

သို့ဖြစ်ရာ ဈေးကွက်အတွင်း ရောင်းရေး ဝယ်တာ လုပ်ဆောင်ကြ ရာတွင် မှန်ကန်စွာ ရောင်းဝယ် ဖောက်ကား ခြင်းမျိုးဖြင့်သာ ရောင်းသူရော၊ စားသုံးသူပါ အကျိုးရှိ နိုင်သောကြောင့် မမှန်မကန် ရောင်းဝယ် ဖောက်ကားခြင်း မျိုးကို ရောင်းချ သူများက ရှောင်ကြဉ်ရန် လိုသကဲ့သို့ စားသုံးသူများ ကလည်း သတိတရား လက်ကိုင်ထား၍ ဝယ်ယူစားသုံး သွားကြရမည် ဖြစ်ပါကြောင်း သတိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁၀-၂၀၁၄) ဗုဒ္ဓဟူးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁၀-၂၀၁၄) ဗုဒ္ဓဟူးနေ့

Download Links

Tuesday, October 28, 2014

တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး



တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး

ယဉ်အောင်ဟိန်း

မန္တလေးမြို့ရဲ့ နေ့သစ် တစ်ခုကို ဘုရားကြီးရဲ့ ဗုံတောင် ခေါက်သံနဲ့ စလိုက်တယ်။ မန္တလေးသား၊ မန္တလေးသူ တွေက မနက်စောစော ထတတ်၊ နိုးတတ်တဲ့ အလေ့အထ ရှိတယ်။ မနက် လေးနာရီ ဆိုရင် ဘုရားကြီး ပရိဝုဏ် အတွင်းက ဗုံတောင်ခေါက်ပြီ။ ဒီအချိန်မှာ မန္တလေးက လူအများစုဟာ ဘုရားကြီးနဲ့ နီးသူရော၊ ဝေးသူပါ အိပ်ရာက ထကြတယ်။ ဒီအချိန်ကို အလေးအနက် ထားကြတယ်။ ဂရုတစိုက် ရှိကြတယ်။

အရှေ့စောင်းတန်း အာရုံခံ တန်ဆောင်း အတွင်းမှာ ဗုံတောင် မခေါက်ခင် ကတည်းက ရေတော် ဆရာတော်နဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ဟာ ဗုံတောင် ခေါက်ချိန်ကို စောင့်ဆိုင်း နေကြတယ်။ မနက်စောစော မျက်နှာသစ် တော်ရေ ကပ်လှူတဲ့ အချိန်ဟာ ဘုရားကြီး ရင်ပြင်တော်မှာ နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီပဲ ဖြစ်ဖြစ် သာယာ နေပါတယ်။ ဘုရားကြီး အတွင်း ရောက်လာ သူတိုင်း ကြည်နူးမှု၊ အေးချမ်းမှုတွေ ခံစားကြ ရတယ်။ စိတ်ကြည်လင် နေတတ်တယ်။ ပူပင်သောကတွေ၊ စိုးရိမ် ကြောင့်ကျမှု တွေ အထိုက်အလျောက် လျော့နည်း ပျောက်ကွယ် သွားမြဲပါ။ မြင်မြင်သမျှ တွေ့ရသမျှ ရဟန်းရှင်လူ တွေရဲ့ မျက်နှာတိုင်း ကြည်လင်ရွှင်ပျ အေးမြနေကြတယ်။

ဗုံတောင်ခေါက်လို့ တံခါးတွေ ဖွင့်ပြီး ဆိုတာနဲ့ ရေတော် ကပ်မယ့် ဆရာတော်နဲ့ တကွ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူကြမယ့် ရပ်နီး၊ ရပ်ဝေး ပရိသတ်တွေ၊ နိစ္စဒူဝ ဝတ်ရွတ်စဉ်တွေ ရွတ်ဖတ် ပူဇော်တဲ့ ဝတ်အဖွဲ့၊ ဝတ်အသင်း တွေက ရေတော် ဆရာတော် ဘုရား နောက်က အစီအရီ ဝင်ရောက် ကြပါတယ်။ တံခါး အထပ်ထပ် တစ်ခုချင်း ဖွင့်လှစ်ပြီး တာနဲ့ ရုပ်ပွားတော်ကြီး သီတင်းသုံးရာ ဂန္ဓကုဋီ တိုက်တော်အတွင်း ရေတော် ဆရာတော်ဘုရားနှင့် ဝတ်ဖြူစင်ကြယ် ဝတ်ထားသော ဥပါသကာ နှစ်ဦးတို့က ဦးဆောင် ဝင်ရောက်ကြ ပါတယ်။ ရုပ်ပွားတော်ကြီး သီတင်းသုံးရာ ပလ္လင်တော်ပေါ် တက်ပြီး သက်တော် ထင်ရှား ရှိတော်မူသော ဘုရားရှင် ကိုယ်တော် မြတ်ကြီးအား ပူဇော် နေသလား ထင်မှတ် ရလောက်အောင် မျက်နှာသစ် တော်ရေ၊ တံပူ ကပ်လှူခြင်း များကို တစ်ခုခြင်း လေးမြတ် ရိုသေစွာ ပူဇော်ကြ ပါတယ်။ ဆရာတော် ဘုရားက လည်ပင်းတော် နဲ့ မျက်နှာတော် တဝိုက် ရွှေသင်္ကန်း ဦးစွာ ကပ်လှူပူဇော်ခြင်း ပြုပါတယ်။ အဲဒီအချိန်မှာ ဝတ်ဖြူ စင်ကြယ်ဝတ် ထားတဲ့ ဥပါသကာ နှစ်ဦးက ဘယ်ညာ တစ်လှည့်စီ ငြိမ့်ငြိမ့် ညောင်းညောင်း ယပ်တော်ခတ် ပူဇော်ကြ ပါတယ်။ ရေတော် ဆရာတော် ဘုရားက ဆွမ်း၊ ပန်း၊ ရေချမ်း နဲ့ ချိုချဉ်ရသာ အဖြာဖြာသော ခဲဖွယ် ဘောဇဉ်တွေ သစ်သီးဝလံ တွေကို အစဉ်အတိုင်း ဆပ်ကပ် လှူဒါန်းပူဇော် ပါတယ်။ ဝတ်အဖွဲ့ ဝတ်အသင်း တွေက ဘုရားကန်တော့ ချိုးတွေနဲ့ ရှိခိုးပူဇော် တာတွေ၊ ပရိတ်ပဌာန်း ရွတ်ဖတ်ပူဇော် တာတွေကို ကြည်ညိုဖွယ်ရာ ကြည်နူးဖွယ်ရာ ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံတဲ့ သံနေ သံထားနဲ့ ဌာန်ကရိုဏ်း ကျကျ ရွတ်ဖတ်ပူဇော် နေပါတယ်။ မန္တလေးသား၊ မန္တလေးသူ တွေနဲ့တကွရပ်ဝေးမှ ဘုရားဖူး ဧည့်သည် အများစုဟာ ဘုရားကြီး မျက်နှာသစ် တော်ရေ ကပ်လှူခြင်းကို ကြည်ညို ဖူးမျှော်လိုတဲ့ ဆန္ဒရှိကြ ပါတယ်။ အထူး ဂရုတစိုက် လာရောက် ပူဇော်လေ့ ရှိကြပါတယ်။ မျက်နှာသစ် တော်ရေ ကပ်လှူခြင်း အလေ့အထ ဟာ မန္တလေးမြို့ ဗုဒ္ဓဘာသာဝင် တွေရဲ့ ထူးခြားတဲ့ ပူဇော်မှု တစ်ခုပါပဲ။

ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်း၊ ဝတ်ပြုခြင်းပြီး လို့ စောင်းတန်း အပြင် ထွက်လာချိန် မှာတော့ အရှေ့ မိုးကုတ်စက်ဝိုင်း ဆီက ရောင်နီသန်း စပြုနေပါပြီ။ ဘုရားကြီး အရှေ့မုခ်၊ မြောက်မုခ် အနီးဝန်းကျင် က မြင်းလှည်း၊ ဆိုက်ကား သမားတို့ရဲ့ တရုတ်တန်းဈေး၊ ဘူတာကြီး၊ ဈေးချိုဆိုတဲ့ တစ်ယောက် တစ်ခွန်း အော်ဟစ် ခေါ်ငင်သံတွေကို ကြားနေရ ပါတယ်။ ဂီတသံစဉ်တွေ ပမာ သံတို၊ သံရှည်၊ ဘယ်သံ၊ ညာသံ၊ အနိမ့်အမြင့် စုံလင်လှတဲ့ သံစဉ်တွေ နဲ့ ကြိုကြတဲ့ အသံနဲ့ ခရီးသည် ရသွားလို့ မောင်းထွက် သွားတဲ့ မြင်းလှည်း တွေရဲ့ ခွပ်တောက် ခွပ်တောက် မြင်းခွာသံနဲ့ တချွင်ချွင် ခြူလုံးသံ စတဲ့ အဆက်မပြတ် ကြားနေရတဲ့ အသံတွေဟာ မန္တလေးမြို့ရဲ့ နေ့နေ့ညည မရိုးနိုင်တဲ့ သဘာဝ တေးသွား တစ်ခုပါ။ တစ်ခါတစ်ရံ မိမိနားက ဖြတ်မောင်း သွားတဲ့ မြင်းလှည်းက မြင်းခွာသံ ခြူလုံးသံ တွေဟာ တဖြည်းဖြည်း ဝေးဝေးသွားပြီး တိုးတိုး ညှင်းညှင်းလေး ပျောက်ကွယ် သွားတာကို လွမ်းစရာ လိုလို၊ ဆွေးစရာ လိုလို ကျန်ရစ်တတ် ပါတယ်။ ကား၊ ဆိုင်ကယ်၊ တစ်စီးစ နှစ်စီးစ ဖြတ်မောင်း သွားတတ်တာမှ အပ စက်တပ်ယာဉ် အလွန် ရှားပါးပါ သေးတယ်။ ခြေကျင် လျောက်သူ၊ စက်ဘီးစီးသူတွေ များပါတယ်။ ဘုရားကြီးက ဝတ်ပြု ကပ်လှူ ပူဇော်ပြီး ပြန်လာသူနဲ့ ဆွမ်း၊ ပန်း၊ ရေချမ်း ကိုင်ဆောင်ပြီး ကပ်လှူရန် သွားလာ နေကြသူတွေ ဟာ ဘုရားကြီးနဲ့ တစ်ပြ နှစ်ပြ အတွင်းမှာ အဆက်မပြတ် တွေ့နေရ ပါတယ်။

အများဆုံး ကတော့ သံဃာတော် တွေကို ဖူးတွေ့ နေရတာပါပဲ။ တစ်ပါး နှစ်ပါးချင်း ကြွနေတာ၊ လေးငါး ဆယ်ပါး အုပ်စုလိုက် ကြွနေတာ လမ်းမကြီး တွေပေါ်နဲ့ ဒူးကြား လမ်းတွေမှာ ပျားပန်းခတ်မျှ များပြားလှတဲ့ သံဃာတော် တွေကို ဖူးတွေ့ နေရပါတယ်။ ဆွမ်းဟင်း၊ ဆွမ်း၊ ဘောဇဉ် လောင်းလှူ နေသူတွေ ကိုလဲ အိမ်ရှေ့၊ တိုက်ရှေ့ လမ်းတွေပေါ်မှာ နေရာအစုံ တွေ့နေရ ပါတယ်။ ဓမ္မာရုံတွေ၊ လမ်းဆုံ၊ လမ်းခွတွေမှာ သာသနာ့ အလံလွှင့်ထူပြီး မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ ယာဂု အစရှိသဖြင့် ဆက်ကပ် လှူဒါန်းတာ တွေလဲ နေရာတိုင်း မှာတွေ့ရတယ်။ အသင်း အဖွဲ့တွေ၊ သဒ္ဓါတရား ထက်သန်သော တစ်ဦးတည်း ဒကာတွေ က ရဟန်း သာမဏေ မခွဲခြား၊ထေစဉ် ဝါစဉ် မရွေး ကြွလာသမျှ သံဃာတော် တွေကို အစွဲမထား ခွဲခြားမှုမရှိ၊ ကြွရောက် အလှူခံရင် လောင်းလှူကြ တာပါပဲ။ ဒီလို လောင်းလှူခြင်း ကို မန္တလေး သံဃာတော် တွေက ဘုံဆွမ်းခံတယ်။ ဘုံဆွမ်း လောင်းတယ်လို့ ဆိုပါတယ်။ ဆွမ်းခံအိမ် သီးသန့် ပင့်ဖိတ်ခံ ရခြင်း မရှိတဲ့ သံဃာတော်များ ဘုံဆွမ်း အလှူခံ ဘုန်းပေးကြ ရပါတယ်။ မန္တလေးမြို့ ရာဇဝင်မှာ သံဃာတော်တွေ ဘယ်လောက်ပင်များများ ဆွမ်းဘောဇဉ် မပြည့်စုံဘူး ဆိုတာ မရှိခဲ့ပါဘူး။ မျှတ လုံလောက်အောင် လောင်းလှူကြ စမြဲပါ။

မနက် မိုးစင်စင်လင်းလို့ အလင်းရောင်တွေ ရလာလေ လမ်းတွေပေါ်မှာ မျက်စိတဆုံး ဘယ်နေရာ ကိုပဲ ကြည့်ကြည့် ဆွမ်းအလှူခံ ကြွနေတဲ့ သံဃာတော် တွေကိုသာ ကြည်နူးဖွယ်ရာ ဖူးတွေ့ နေရခြင်းပါပဲ။ မန္တလေးမြို့ ဆွမ်းလောင်း လှူတဲ့ အချိန်ဟာ နယ်မြို့တွေနဲ့ မတူပါဘူး။ နံနက် လေးနာရီ လောက်က စပြီး လောင်းလှူ တတ်ကြ ပါတယ်။ လေးပြင် လေးရပ် သံဃာတော်တွေ ဘယ်လောက်ပင် များများ ဘောဇန သပ္ပာယ၊ ခေါ်တဲ့ ဆွမ်း၊ ဘောဇဉ် မျှတအောင် ထက်သန်တဲ့ သဒ္ဓါတရား တွေနဲ့ နေ့စဉ် လောင်းလှူကြ ပါတယ်။ အလွန်တရာမှ ချီးကျူးစရာ ကောင်းပါတယ်။

သာသနာတော် ထွန်းကားတဲ့ မြို့လို့ သမုတ်ခံရတဲ့ မြို့တစ်မြို့ ဖြစ်တာနဲ့ အညီ ပရိယတ်၊ ပရိပတ်၊ ပရိဝေဓ ခေါ်တဲ့ သာသနာ သုံးရပ်ထဲက ပရိယတ် ခေါ်တဲ့ စာပေ သင်ကြားမှု အရာမှာ မန္တလေးမြို့ ဟာ ထင်ရှားလှ
ပါတယ်။ သံဃာတော်တွေ မန္တလေးမြို့မှာ စာပေ မသင်ဖူးရင်၊ စာဝါမလိုက် ဖူးရင် မျက်နှာငယ် ရတဲ့ အဖြစ်မျိုး အထိရှိခဲ့ ဖူးပါတယ်။ စာဘယ်လောက် ပင် တတ်ပါစေ မန္တလေးနေဖူး၊ စာလိုက်ဖူးမှ ပိုတင့်တယ် တယ်လို့ ဆိုစကားကြား ဖူးပါတယ်။ အခြားမြို့ရွာ တွေမှာတော့ စာသင် တတ်မြောက်ပြီး ဖြစ်ပါစေ မန္တလေးမြို့က နာမည်ကြီးတဲ့ စာချ ဆရာတော်ကြီး တွေထံ ပါဠိတော် အဠကထာ အစရှိတဲ့ ကျမ်းကို ထပ်မံပြီး နည်းနာနိဿယ တွေခံယူ တော်မူကြပါတယ်။

အဲဒီအချိန်က ဘုရားကြီး အနီးက ဘုရားကြီး ကျောင်းတိုက်ဟာ နိုင်ငံကျော် ကျောင်းတိုက် တစ်တိုက် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ အကြီးဆုံး နဲ့ သံဃာတော် အများဆုံးလဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အတွင်းတံတိုင်း အပြင်တံတိုင်း နှစ်ထပ်ကာရံ ထားပြီး ကျောင်းပေါင်း ခုနစ်ဆယ်ကျော် ရှိပါတယ်။ အလယ် တိုက်ကြီးဟာ အလွန်တရာမှ ခမ်းနား ထည်ဝါလှ ပါတယ်။ ဆရာတော် ဘဒ္ဒန္တ ရန်ကုန်၊ ဟံသာဝတီ ဆရာတော်၊ ဆရာတော် ကြယ် တို့လို သာသနာတော်မှာ ထင်ရှားတဲ့ နိုင်ငံကျော် ဆရာတော်ကြီး တွေ သီတင်းသုံးရာ စာပေပို့ချရာ ကျောင်းတိုက် တစ်တိုက်လဲ ဖြစ်ပါတယ်။ ဆရာကြီး ဦးရွှေအောင် တို့လို နာမည်ကျော် ပုဂ္ဂိုလ်တွေလဲ ထွက်ပေါ်ခဲ့ ပါတယ်။ ယခုလို ဆောင်းရာသီ အစ နှင်းမှုန်ကျစ မန္တလေးမြို့ရဲ့ လွမ်းစရာ အရုဏ်ဦး မြင်ကွင်းနဲ့ ထွန်းတောက် ခဲ့တဲ့ သာသနာ့ လင်းရောင်ခြည် တွေကို ပြန်လည် တမ်းတ နေမိ ပါတော့တယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ပြည်တွင်းကုမ္ပဏီများ၏ အလုပ်သမားခေါ်ယူမှု ၆ဝ ရာခိုင်နှုန်းမှာ ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှဖြစ်


ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုကိုတွေ့ရစဉ်

ရန်ကုန် ၊ ၂၈-၁၀-၂၀၁၄

ပြည်တွင်းရှိ စီးပွားရေး အခွင့်အလမ်းများ ပွင့်လင်း လာပြီးနောက် စီးပွားရေး လုပ်ငန်း ကုမ္ပဏီကြီး များ၏ ဝန်ထမ်း ခေါ်ယူမှုမှာ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှ စ၍ သိသိသာသာ များပြား လာကြောင်း ပြည်တွင်းရှိ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ သိရသည်။

ပြည်တွင်းရှိ ကုမ္ပဏီကြီး များမှ အလုပ်သမား ခေါ်ယူမှု အများဆုံး လုပ်ငန်းများမှာ ပြည်တွင်း ပြည်ပ ခရီးသွား လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ဖြစ်ပြီး ယင်း လုပ်ငန်းနှစ်ခုမှ အလုပ်သမား ခေါ်ယူမှုမှာ ၆ဝ ရာခိုင်နှုန်း အထိ ရှိနေကြောင်း " သွင် " အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ ဒါရိုက်တာ ဦးသွင်ထူးအောင် က ပြောသည်။

ကုမ္ပဏီကြီး များနှင့် အရောင်းဆိုင်များမှ ဝန်ထမ်းများကို ခေါ်ယူရာတွင် သတင်းစာ နှင့် ဂျာနယ်များတွင် ကြော်ငြာ ထည့်သွင်း ခေါ်ယူမှု များလည်း ရှိသကဲ့သို့ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ နှင့် ချိတ်ဆက် ခေါ်ယူမှုများလည်း ရှိနေပြီး အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အလုပ်သမား ရှာပေးရာတွင် ဝန်ဆောင်ခ အနေဖြင့် ကုမ္ပဏီပိုင်ရှင် ထံမှ လစာတစ်လစာ ရယူသည့် အေဂျင်စီ များလည်း ရှိကာ အလုပ်သမား၊ အလုပ်ရှင် တို့ထံမှ လုပ်ခလစာ တစ်ဝက်စီ ရယူသည့် အေဂျင်စီများ လည်း ရှိသည်။

''ဒီနှစ်ထဲမှာ ဖုန်း အရောင်းဆိုင် တွေက အရောင်းဝန်ထမ်း ခေါ်တာ များလာတယ်။ အချို့ ဖုန်းဆိုင်တွေက ကွန်ပျူတာ သမားတွေကို ခေါ်တာလည်း ရှိတယ်။ လစာကတော့ တစ်သိန်း နှစ်သောင်း ဝန်းကျင်လောက် ပေးကြတယ်။ အဲဒါက ဒီနှစ်ထဲမှာမှ များတာ။ အရင်နှစ်တွေ ကတည်းကရော ဒီနှစ်တွေထဲ မှာပါ ဝန်ထမ်း ခေါ်ယူမှု အများဆုံးက ခရီးသွား လုပ်ငန်း ကုမ္ပဏီကြီး တွေပဲ။ ဒီကုမ္ပဏီတွေ ရဲ့ ဝန်ထမ်းခေါ် ယူမှုက ၃၅ ရာခိုင်နှုန်း အထိကို ရှိနေတာ။ နောက်တစ်ခုက ဆောက်လုပ်ရေး လုပ်ငန်း တွေပေါ့။ အဲဒီက အင်ဂျင်နီယာ တွေခေါ်တယ်။ စာရင်းကိုင်တွေ ခေါ်တယ်။ ဂိုဒေါင်စောင့် တွေခေါ်တယ်။ လုံခြုံရေးတွေ ခေါ်တယ်။ လစာကတော့ အစားစားပေါ့'' ဟု ၄င်းက ဆက်လက် ပြောသည်။

ပြည်တွင်း ပြည်ပ ခရီးသွား လုပ်ငန်းများ မှ ဝန်ထမ်း ခေါ်ယူမှုတွင် အမျိုးသမီး ဝန်ထမ်းများကို အများဆုံး ခေါ်ယူနေပြီး ဆောက်လုပ်ရေး ကုမ္ပဏီ အများစုမှာ အမျိုးသား ဝန်ထမ်းများကို အများဆုံး ခေါ်ယူလျက် ရှိကြောင်း သိရသည်။ 

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

သုံးနှစ်တာကာလအတွင်း ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်းရောင်းချမှု စံချိန်တင်


ကျောက်မျက်ရတနာပြပွဲသို့ လာရောက် ကြည့်ရှုကြ သူများကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၈-၁၀-၂၀၁၄

၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် သုံးနှစ်တာ ကာလအတွင်း ပြည်တွင်း ကျောက်မျက် လုပ်ငန်းရှင်များ အတွက် အဓိကထား ရောင်းချ ခဲ့သည့် ကျောက်မျက် ရတနာပြပွဲ တွင် ကျောက်စိမ်း ရောင်းချမှုမှာ စံချိန်သစ် တင်နိုင် ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၄ ရက်မှ ၂ဝ ရက်အထိ နေပြည်တော် ၌ ရက်သတ္တ တစ်ပတ်ကြာ ကျင်းပခဲ့သော အဆိုပါ ကျောက်မျက် ရတနာ ပြပွဲသို့ ပြည်တွင်း ကျောက်မျက် လုပ်ငန်းရှင် ၁ဝဝဝ ကျော် လာရောက် ခဲ့ကြပြီး မြန်မာ့
ကျောက်မျက် ရတနာ လုပ်ငန်းနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများမှ ပြည်တွင်း ကျောက်မျက် လုပ်ငန်းရှင်များ အတွက် ကျောက်စိမ်းတွဲ ၆၉၈၂ တွဲ ပြသ ရောင်းချခဲ့ရာ ၄င်းတို့ အနက်မှ ၅၉၈၈ တွဲကို လေလံဆွဲ ဝယ်ယူ ခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ကျောက်မျက် ရတနာပြပွဲ ၌ တန်ကြေး အမြင့်ဆုံး ဖြစ်သော ကျောက်စိမ်းတွဲ ကို ငွေကျပ် သန်း ၅ဝဝ ဖြင့် ရောင်းချနိုင် ခဲ့သည်။ ယခု တစ်ပတ်အတွင်း ကျောက်စိမ်း ရောင်းချမှုမှ ငွေကျပ် ၁၂၆ ဘီလီယံ အထိ ရရှိခဲ့ကာ ဇန်နဝါရီလ အတွင်း ရရှိခဲ့သော စံချိန် ဖြစ်သည့် ငွေကျပ် ၇ဝ ဘီလီယံကို ကျော်လွန်၍ စံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ကျောက်စိမ်း အများဆုံး ထွက်ရှိသော နိုင်ငံဖြစ်ပြီး ၄င်းတို့အနက်မှ အများစုမှာ ကချင်ပြည်နယ် အတွင်းရှိ ဒေသများမှ ထွက်ရှိသော ကျောက်စိမ်းများ ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် ဇူလိုင်လ အတွင်း အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများမှ နိုင်ငံခြား လုပ်ငန်းရှင် များအား ယူရို ၂ ဒသမ ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ) တန်ဖိုးရှိ ကျောက်စိမ်းများ ရောင်းချ နိုင်ခဲ့ပြီး လွန်ခဲ့သည့် နှစ်က ရရှိခဲ့ သည့် ယူရို ၂ ဘီလီယံထက် ပိုခဲ့ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ် ပြုလုပ်ခဲ့သော နိုင်ငံခြား လုပ်ငန်းရှင်များ အတွက် ကျောက်မျက် ရတနာပြပွဲ ၌ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် အစိုးရပိုင် လုပ်ငန်းများမှ ကျောက်စိမ်း အရိုင်းတုံးများ အပါအဝင် ကျောက်စိမ်း အတွဲပေါင်း ၇၁၆ဝ ပြသ ရောင်းချခဲ့ရာ ကျောက်စိမ်း အတွဲ ၆ဝဝဝ ခန့် ရောင်းချခဲ့ ရကြောင်း သိရသည်။

ကျောက်စိမ်းရိုင်း များကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ ရောင်းချခဲ့ပြီး တရုတ်နိုင်ငံမှ ကုန်သည်များ၊ တရုတ်ရိုးရာ ပန်းပု ထုလုပ်သူ များနှင့် လက်ဝတ် ရတနာပြုလုပ် သူများက ဈေးကောင်းပေး ဝယ်လေ့ ရှိကြကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၈)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၈)

(၂၈-၁၀-၂၀၁၄ ရက်နေ့ထုတ်ဂျာနယ်အား Download ရယူနိုင်ပါသည်။ )

Download Links

တေဇရုပ်စုံစာစောင် အတွဲ(၂၆) အမှတ်(၆)



တေဇရုပ်စုံစာစောင် အတွဲ(၂၆) အမှတ်(၆)

( ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွက် ဂျာနယ်အား Download ရယူနိုင်ပါသည်။ )

Download Links

မီးဘေးအန္တရာယ် စုပေါင်းကာကွယ်


မီးဘေးအန္တရာယ် စုပေါင်းကာကွယ်

မီးသည် သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးလျှင် ရန်သူဟူ၍ စကားရှိသည်။ နွေရာသီသည် မီးလောင်မှု အများဆုံး ရာသီဖြစ်သည် ဟု ဆိုသော်လည်း ယခုအခါ ဆောင်းရာသီ ၌ပင် မီးလောင်မှု ခပ်စိပ်စိပ် ဖြစ်ပေါ် နေသည်ကို ကြားသိ နေရသည်။

မီးမသုံးတတ်လျှင် ရန်သူဟူသော စကားရပ်သည် ပေါ့ဆမှု၊ စည်းကမ်း မလိုက်နာမှု နှင့် မကျွမ်းကျင်မှု တို့ကြောင့် မီးသည် ရန်သူဖြစ်ရသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ မီးဘေး အန္တရာယ်သည် လူတို့၏ ပယောဂကြောင့် သာ ဖြစ်ပေါ်ရခြင်း များသည်။ မီးလောင်မည်ကို သတိမမူခြင်း၊ အလေး မထားခြင်း၊ မေ့လျော့တတ်ခြင်း တို့သည် မီးလောင်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်း တို့ဖြစ်သည်။

မီးလောင်မှု ပုံစံ အမျိုးမျိုး ရှိရာတွင် ပေါ့ဆမီးသည် အဖြစ်အများဆုံး နှင့် လူကို ဒုက္ခ အပေးနိုင်ဆုံး ဖြစ်၍ အထူး သတိပြုရန် လိုသည်။ ယခုရက်ပိုင်း တွင် မီးသတင်း များကို ကြိုးကြား ကြိုးကြား တွေ့နေရသည်။ နေအိမ် အိပ်ခန်းတွင် ခြင်ဆေးခွေ ထွန်းညှိခဲ့ရာမှ မီးစတင် လောင်ကျွမ်းသည် ဆိုသော သတင်း၊ ကလေး ကစားစရာ အရုပ်များ ဘက်ထရီခြောက် အပူလွန်ကဲရာမှ မီးလောင်သည့် သတင်း၊ ဖယောင်းတိုင် မီးထွန်းထား ရာမှ မီးလောင်သည့် သတင်း၊ ဆေးလိပ်တို မီးစွန့်ပစ်ရာမှ မီးလောင်သည့် သတင်း စသည်တို့သည် ပေါ့ဆမှုကြောင့် ဖြစ်ပေါ်ရသော မီးသတင်းများ ဖြစ်သည်။

မီးအားမြှင့်စက် အပူလွန်ကဲ ရာမှ မီးလောင်ခြင်း၊ ဝိုင်ယာရှော့ခ် ဖြစ်ရာမှ မီးလောင်ခြင်း၊ လျှပ်စစ် ရေနွေးအိုး၊ မီးပူ၊ ပေါင်းအိုးတို့မှ မီးလောင်ခြင်း၊ စတိုခန်း တစ်ခုအတွင်း သိုလှောင် ထားသော ပစ္စည်းများ အချင်းချင်း ဓာတ်ပြုရာမှ မီးလောင်ခြင်း စသည်တို့သည် စနစ်တကျ မသုံးစွဲခြင်း၊ ပေါ့ဆခြင်း တို့ကြောင့် ဖြစ်ပေါ်သော မီးလောင်မှုများ ဖြစ်သည်။

မီးလောင်ခြင်း ကြောင့် ဖြစ်ပေါ်လာမည့် မီးဘေး အန္တရာယ်ကို မည်သူ တစ်ဦး တစ်ယောက်မျှ လိုလားမည် မဟုတ်ပေ။ သို့သော် စနစ်တကျ သုံးစွဲရန် သတိမမူခြင်း၊ ပေါ့ဆစွာ သုံးစွဲခြင်း တို့ကြောင့် မီးလောင်မှု ဖြစ်ပေါ် ရသည်ကို လူတိုင်း သိသော်လည်း လိုက်နာ ကျင့်ကြံမှု အားနည်း နေသည်ကိုလည်း တွေ့နေရသည်။

သို့ဖြစ်ရာ မီးဘေးကြိုတင် ကာကွယ်ရေး၊ စနစ်တကျ သုံးစွဲရေးတို့ကို မီးသတ်တပ်ဖွဲ့က တိုက်တွန်း ဆော်သြ ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်သူများ ကလည်း မီးအန္တရာယ် အသိ မီးသတိ ရှိစွာဖြင့် စနစ်တကျ လိုက်နာသုံးစွဲ ကြခြင်းဖြင့် စုပေါင်းကာကွယ် ဆောင်ရွက်မှသာ မီးအန္တရာယ်ကို ကာကွယ် နိုင်မည် ဖြစ်ပါကြောင်း အသိပေး ရေးသားတင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁၀-၂၀၁၄) အင်္ဂါနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁၀-၂၀၁၄) အင်္ဂါနေ့

Download Links

Monday, October 27, 2014

ကမ္ဘာတိုင်အောင် ကျော်ကြားလာသည့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါး


မြန်မာ့ ရှင်မတောင်သနပ်ခါး ကို ၀ယ်ယူအားပေး နေသော အင်္ဂလန်နိုင်ငံသူ လေးများကို တွေ့ရစဉ်

ကမ္ဘာတိုင်အောင် ကျော်ကြားလာသည့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါး

နေဦးမောင် ( ပခုက္ကူ )

ပခုက္ကူ ဒေသသည် ယခင်က သွားလာမှု ခက်ခဲသည်။ မန္တလေး သွားလိုလျှင် မြင်းခြံသို့ မော်တော် တစ်တန် မြင်းလှည်း တစ်တန် သွားရသည်။ ရန်ကုန် သွားချင်လျှင် မော်တော် စီး၍ ညောင်ဦးမှ တစ်ဆင့် လိုရာ ခရီးကို သွားကြရသည်။ ဇက် နှင့် တစ်ဖုံ ၊ စက်လှေ နှင့် တစ်မျိုး သွားလာခဲ့ ရသည်။ အချို့က ပခုက္ကူမြို့ ကို " ဆူးကြားထဲက နှင်းဆီမြို့ " ဟု တင်စား ခေါ်ကြသည်။ ပခုက္ကူ ဒေသသည် နယ်ပယ် ကျယ်ဝန်းသည်။ သီးနှံ ၊ သယံဇာတ ပေါများသည်။ ဘာသာ သာသနာ ထွန်းကားသည်။ လူပုဂ္ဂိုလ် ၊ ရဟန်း ပုဂ္ဂိုလ် ၊ ပညာရှင်များ ပေါ်ပေါက်ရာ မှီတင်း နေထိုင်ရာ ဒေသလည်း ဖြစ်သည်။ ယနေ့ ခေတ်အခါတွင် ဆင်ဖြူရှင် - ဧရာဝတီ မြစ်ကူးတံတား ကြီးကြောင့် မြို့ပြ လူနေမှု အဆင့်အတန်း မြင့်လာသည်။ သွားလမ်း လာလမ်း လွယ်ကူလာသည်။

မကြာခင် ကောင်းကင်လမ်းပါ အဆင်ပြေလာမည် ဆိုလျှင် နှင်းဆီမြို့ သည် အတိုင်းထက် အလွန် ဖွံ့ဖြိုး လာမည်မှာ အမှန်ဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်း အားကောင်း လာသောကြောင့် လည်းကောင်း၊ တန်ခိုးကြီး ဗုဒ္ဓ ရုပ်ပွားတော်များ ကိန်းဝပ်စံပျော်ရာ ဒေသလည်း ဖြစ်သောကြောင့် ပြည်တွင်း ဧည့်သည် ပြည်ပ ဧည့်သည် များပါ အဝင်အထွက် များလာသည်။ ပခုက္ကူ ဒေသ၏ နာမည်ကျော် ရှင်မတောင် သနပ်ခါးအား လည်း ပြည်တွင်းမှ ဝယ်ယူ အားပေးမှု များလာသည်။ ပခုက္ကူ ရောက်သူတိုင်း အိမ်ပြန် လက်ဆောင် ရှင်မတောင် သနပ်ခါး ကို တစ်ခုတ်တရ ၀ယ်ယူ ကြသည်။ နာမည်ကျော် ရှင်မတောင် သနပ်ခါးအား ပြည်တွင်း ခရီးသည်များသာ ဝယ်ယူသည် မဟုတ်ပါ။ အင်္ဂလန်နိုင်ငံ ဘာမင်ဂန် မြို့သူလေး များကပါ စိတ်ဝင်တစား ဝယ်ယူ နေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင် မှတ်တမ်းတင် မိသည်။ ပခုက္ကူ ဒေသ ရှင်မတောင် သနပ်ခါးသည် မြန်မာကျော် သာမက ကမ္ဘာတိုင်အောင် ကျော်ကြား တော့မည်မို့ ဒေသခံ ပြည်သူ တစ်ဦးပီပီ ဒေသချစ်စိတ် မြန်မာပြည် ချစ်စိတ် နှင့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါးအား ဂုဏ်ယူရေးသား တင်ပြ လိုက်ရပါသည်။ 

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger