www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 30, 2014

နှစ်နိုင်ငံကုန်သွယ်ရေး မှ နိုင်ငံတကာကုန်သွယ်ရေး သို့တက်လှမ်း


နှစ်နိုင်ငံကုန်သွယ်ရေး မှ နိုင်ငံတကာကုန်သွယ်ရေး သို့တက်လှမ်း

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သည် နိုင်ငံတော် စီးပွားရေး အင်အား တောင့်တင်းစေရန် နိုင်ငံတကာ နှင့် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် ပင်လယ် ရေကြောင်း ကုန်သွယ်ရေး နှင့် နယ်စပ်ဒေသ ကုန်သွယ်ရေး တို့ကို စနစ်တကျ စီမံ ဆောင်ရွက်လျက် ရှိသည်။

နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ရှိ ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန် သို့ ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော အဖွဲ့သည် ဇွန် ၂၇ ရက်တွင် ရောက်ရှိ လာကြပြီး ကုန်စည် စီးဆင်းမှု မြန်ဆန်ရေး နှင့် ကုန်သွယ်မှု တိုးမြှင့်ရေး တို့အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအား အကောင် အထည်ဖော် နိုင်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ကုန်သွယ်ရေးဇုန် သို့ ရောက်ရှိလာသော ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း က ''လမ်းများကျပ် နေမှုအား စနစ်တကျ အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ရန်၊ စစ်ဆေးရေးဂိတ် များတွင် အသုံးပြု နေသည့် စစ်ဆေးရေး စက်ပစ္စည်း များအား စစ်ဆေးရာတွင် ပိုမို မြန်ဆန်စေရန် အရည်အသွေးမြင့် စက်များဖြင့် ဆောင်ရွက်ရန်၊ ကုန်ပစ္စည်းများ ပိတ်ဆို့၍ ကြန့်ကြာမှု မရှိစေရန်နှင့် ကုန်စည် စီးဆင်းမှု မြန်ဆန် လာအောင် ဆောင်ရွက်ရန် သို့မှသာ ပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျှော့ချ နိုင်မည် ဖြစ်ပါကြောင်း'' ပြောကြား ခဲ့သည်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံတို့၏ ကုန်သွယ်ရေး တွင် အဓိက နေရာ၌ ရပ်တည်လျက် ရှိသည်။ ကုန်သွယ်မှု ပြုလုပ်ရာတွင် လူသုံးကုန်များ၊ စားသောက်ကုန်များ၊ စက်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ များကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည်။ မြန်မာနိုင်ငံမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ဆန်၊ ရေထွက်ကုန် နှင့် သစ်သီးဝလံ တို့ကို တရုတ် ပြည်သူ့သမ္မတ နိုင်ငံသို့ အဓိက တင်ပို့ ရောင်းချ ကြသည်။

မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန် သည် မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေးမှ မဲခေါင်ဒေသခွဲ (၆) နိုင်ငံ ကုန်သွယ်ရေး၊ အရှေ့တောင် အာရှနှင့် အရှေ့အာရှ ဒေသများ ကုန်သွယ်ရေး တို့အတွက် အချက်အချာ နေရာ ဖြစ်လာ တော့မည့် အလားအလာ ရှိနေပြီ ဖြစ်သည်။ စတုတ္ထအကြိမ် မဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး နှင့် မဲခေါင်ဒေသခွဲ စီးပွားရေး ဖိုရမ်ကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂ဝ ရက်အထိ မြန်မာနိုင်ငံ နေပြည်တော် ၌ လက်ခံ ကျင်းပခဲ့သည်။ ထိပ်သီး အစည်းအဝေးကို ''၂ဝ၁၂ ခုနှစ်အလွန် မဲခေါင်ဒေသခွဲ ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး ဆယ်စုနှစ်သစ် ဆီသို့'' ခေါင်းစဉ်ဖြင့် ကျင်းပပြီး ၂ဝ၁၂ ခုနှစ်မှ ၂ဝ၂၂ ခုနှစ် အထိ ဆယ်နှစ်ကာလ အတွက် မဟာဗျူဟာ မူဘောင် အသစ် ချမှတ်ခဲ့သည်။

စတုတ္ထအကြိမ် မဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေးတွင် နယ်စပ် ဖြတ်ကျော် သယ်ယူ ပို့ဆောင်ရေး အတွက် ကုန်ကျစရိတ်များ လေ့လာ ဆန်းစစ်ချက်ကို အာရှ ဖွံ့ဖြိုးရေးဘဏ် က လေ့လာ ဆန်းစစ်ခဲ့ရာ စီးပွားရေး လမ်းမကြီး များ တည်ဆောက် ပြီးစီးပါက သယ်ယူ ပို့ဆောင်ရေး စရိတ်ကို ၃ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်း အထိ လျှော့ချ နိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကျောက်မီးသွေး၊ ရေနံ၊ ဓာတ်သတ္တု၊ ဘိလပ်မြေ နှင့် ဝန်ကျယ်သော သီးနှံများ စသည်တို့ကို ကွန်တိန်နာတွင် ထည့်သွင်းပြီး ရေကြောင်းမှ သယ်ယူ ကြသော်လည်း ဆိပ်ကမ်းမှ တစ်ဆင့် သက်ဆိုင်ရာ ခရီးဆုံးသို့ ရောက်ရှိရန် မီးရထားဖြင့် ပို့ဆောင်ရေးသည် စရိတ်သက်သာ သည့်အပြင် ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု လျော့နည်း သက်သာ စေသည်။ ထို့ကြောင့် မဲခေါင်ဒေသခွဲ နိုင်ငံများအတွင်း မီးရထားဖြင့် ကုန်စည် ပို့ဆောင်ရေး ကွန်ရက်များ ကောင်းမွန်ရန် လိုအပ်နေပြီ ဖြစ်သည်။

သို့ဖြစ်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးမှ နိုင်ငံတကာ ကုန်သွယ်ရေးသို့ တက်လှမ်း နိုင်ရန် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန် တွင် ကုန်စည် စီးဆင်းမှု မြန်ဆန်ရေးနှင့် ကုန်သွယ်မှု တိုးမြှင့်ရေး တို့အတွက် လိုအပ်သော အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ မြန်ဆန်မှု ရှိသည်နှင့် အမျှ အကျိုးခံစားခွင့် မြန်မြန် ရရှိမည့် အလားအလာ ကောင်းများ ရှိနေပြီ ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

မြန်မာ့အာမခံလုပ်ငန်း က ချေးငွေအာမခံစနစ်ကို စတင်


ရန်ကုန် ၊ ၃၀-၆-၂၀၁၄

မြန်မာ့အာမခံ လုပ်ငန်းက ချေးငွေ အာမခံစနစ်ကို စတင် လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန မှ သိရသည်။ 

အဆိုပါ ချေးငွေအာမခံ စနစ်သည် စီးပွာရေး လုပ်ငန်းရှင်များ အနေဖြင့် ဘဏ်များထံမှ ချေးငွေ ရရှိမှု ပမာဏ ပိုမိုများပြား လာစေနိုင်သည့် စနစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချေးငွေအာမခံ များကို ယမန်နေ့ ဇွန် ၂၉ ရက်မှ စတင်ကာ မြန်မာ့အာမခံ လုပ်ငန်း အနေဖြင့် စတင်ရောင်းချ ပေးသွားမည် ဖြစ်ပြီး ကနဦး စမ်းသပ်ကာလ အဖြစ် တစ်နှစ်တာ အချိန်ကို ရန်ကုန်မြို့ တွင်သာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယအဆင့် အနေဖြင့် မန္တလေးမြို့နှင့် ပုသိမ်မြို့ အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးများတွင် ဆောင်ရွက်ခွင့် ရနိုင်ရန် တိုးချဲ့ သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ချေးငွေအာမခံ ဝယ်ယူရာတွင် အပေါင် ပစ္စည်းဖြင့် ချေးငွေ ရယူသူများ အတွက် အာမခံနှုန်း ထားကို ပထမတစ်နှစ် အတွက် ၂ ရာခိုင်နှုန်း၊ ဒုတိယနှစ် အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်း နှင့် တတိယနှစ် အတွက် တစ် ရာခိုင်နှုန်း ကြိုတင် ပေးသွင်းမှု စနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်သည်။

အပေါင်ပစ္စည်း မရှိသူများ အတွက် အာမခံနှုန်း ထားကို ပထမ တစ်နှစ်အတွက် ၃ ရာခိုင်နှုန်း၊ ဒုတိယနှစ် အတွက် ၂ ရာခိုင်နှုန်း နှင့် တတိယနှစ် အတွက် တစ်ရာခိုင်နှုန်း ဟူ၍ နှုန်းထားနှစ်မျိုး သတ်မှတ် ထားကြောင်း သိရသည်။

အဆိုပါ ချေးငွေ အာမခံစနစ်သည် ငွေချေးယူ သူတို့ ပြန်မဆပ် နိုင်သည့် ချေးငွေများကို အာမခံ လုပ်ငန်းများက ဝင်ရောက် ပေးချေ သွားမည် ဖြစ်ရာ ဘဏ်များ အနေဖြင့် ချေးငွေ ပမာဏ ပိုမို ထုတ်ချေး ပေးသွားနိုင်ရန် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် ဘဏ်တွင် အပေါင်ပစ္စည်း ပြနိုင်ပါက ပေါင်နှံပစ္စည်း တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း မှ ၅ဝ ရာခိုင်နှုန်း အထိသာ ချေးငွေရရှိခြင်း ဖြစ်ပြီး ပေါင်နှံပစ္စည်း မပြနိုင်ပါက ချေးငွေထုတ် ချေးပေးခြင်း မရှိသေးကြောင်း သိရသည်။ 

ကျော်လွင်

#Yadanarpondaily

မဟာမှိုင်းအလွန် နှစ်ငါးဆယ် ပန်းချီပြပွဲ ကျင်းပမည်


မန္တလေး ၊ ၃၀-၆-၂၀၁၄

မဟာမှိုင်းအလွန် နှစ်ငါးဆယ် ပန်းချီပြပွဲကို မန္တလေးမြို့ ဓမ္မသာလ ခန်းမ၌ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက် (မန္တလေး) ၏ စီစဉ်မှုဖြင့် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် မန္တလေးမြို့ရှိ ပန်းချီ ဆရာပေါင်း ခြောက်ဆယ် ဝန်းကျင်ခန့်က ဆရာကြီး သခင် ကိုယ်တော်မှိုင်း ၏ ပုံတူပန်းချီများ၊ ငယ်ဘဝမှ နောက်ဆုံး အချိန်ထိ လှုပ်ရှားခဲ့သည့် ဆရာကြီး၏ အတ္ထုပ္ပတ္တိ ဆိုင်ရာများ၊ သမိုင်းဝင် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာ များကို ရေးဆွဲခင်းကျင်း ပြသမည် ဖြစ်သည်။

ပါဝင်ရေးဆွဲသူ ပန်းချီဆရာ တစ်ဦးလျှင် ပန်ချီကား နှစ်ကားစီ ပါဝင် ဖော်ကျူး ရေးဆွဲမည် ဖြစ်သည့် အပြင် ပန်းချီကား ဝယ်ယူ စုဆောင်းသည့် ပန်းချီ မြတ်နိုးသူများ အနေဖြင့်လည်း မိမိတို့ စုဆောင်း ထားသည့် ဆရာကြီး၏ ပုံတူပန်းချီ လက်ရာများ ကိုလည်း ဧည့်သည်တော် များ၏ ပန်းချီကား များအဖြစ် ပါဝင် ပြသရန် စီစဉ်ထားသည်။ မဟာမှိုင်း အလွန် နှစ်ငါးဆယ် ပန်းချီပြပွဲများ ကို မန္တလေးမြို့ အပြင် ရန်ကုန်၊ ပြည်၊ မုံရွာမြို့ တို့တွင်လည်း ကျင်းပမည် ဖြစ်ပြီး ပန်းချီကား ရောင်းရငွေ၏ သုံးဆယ် ရာခိုင်နှုန်းကို ဆရာကြီး သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက် (မန္တလေး)သို့ ပေးသွင်းမည် ဖြစ်သည်။

ဆရာကြီး၏ သမိုင်းကို သိရှိသူ နည်းပါး လာခြင်းကြောင့် ဆရာကြီး ၏ သမိုင်းနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ချက် များကို လူငယ်များ သိရှိစေရန် ရည်ရွယ်၍ အဆိုပါ ပန်းချီပြပွဲကို ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

မင်းဝံ

#Yadanarpondaily

မင်းကွန်းဗုဒ္ဓဘာသာ လူအိုရုံ နှစ်(၁၀၀)ပြည့် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်



မန္တလေး ၊ ၃၀-၆-၂၀၁၄

မင်းကွန်းဒေသ ဗုဒ္ဓဘာသာ လူအိုရုံ နှစ်(၁ဝဝ) ပြည့်ရန် လအနည်းငယ်သာ ကျန်ရှိတော့ပြီး ရာပြည့်ပွဲ အတွက် ယခုအချိန်မှ စ၍ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း နှင့် ၂ဝ၁၅ ခုနှစ် ဖေဖော် ဝါရီလတွင်နှစ် (၁ဝဝ)ပြည့် တော့မည် ဖြစ်သဖြင့် ရာပြည့် အထိမ်းအမှတ် ပွဲကို စည်စည်ကားကား ဖြစ်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကော်မတီဝင် တစ်ဦး၏ ပြောပြချက် အရ သိရသည်။

မင်းကွန်း ခေါင်းလောင်းကြီး ရှေ့မှ မုခ်ဦးကို ပြန်လည် ပြုပြင်ရန်နှင့် ဘိုးဘွားရိပ်သာ ရှိ အဆောင် အချို့ကို ပြုပြင်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း လည်း သိရသည်။ ရှေးယခင်က ရိပ်သာ၏ မျက်နှာစာမှာ ဧရာဝတီ မြစ်ဘေးမှ ဖြစ်သော်လည်း ယခုအခါ ကားလမ်းဘေး ဝင်ပေါက် မှာလည်း မျက်နှာစာ အဖြစ်သို့ ရောက်ရှိ လာသဖြင့် မြစ်ကြောင်း နှင့် ကားလမ်းမှ ဝင်ရောက်သော ရပ်နီး၊ ရပ်ဝေးမှ ဧည့်သည်များ အလွယ်တကူ ဝင်ရောက် လေ့လာ နိုင်သော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

မင်းကွန်း ဘိုးဘွားရိပ်သာ တွင် လက်ရှိ အဘိုး၊ အဘွား ၇၂ ဦးရှိပြီး ၁၂ဝ ဦးထိ လက်ခံ နိုင်ကြောင်း သိရသည်။ အဘိုးဆောင် ၃ ဆောင်နှင့် အဘွားဆောင် တစ်ဆောင် ရှိပြီး စုံတွဲဆောင်လည်း ရှိကြောင်း သိရသည်။ (ပုံ)

နှစ်(၁ဝဝ)ပြည့် ပွဲတော်တွင် ရိုးရာလှေ ပြိုင်ပွဲ၊ လှည်းပြိုင်ပွဲ တို့အပြင် ဈေးရောင်းပွဲတော် အငြိမ့်သဘင်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ရပ်ဝေး၊ရပ်နီးမှ ဧည့်သည်များ လာရောက်၍ ဆင်နွှဲနိုင်ရန် မင်းကွန်းရှိ အထင်ကရ နေရာ များကိုလည်း နှိုးဆော် ထားကြောင်း ကော်မတီဝင် တစ်ဦးက ပြောပြသည်။

ဘိုးဘွားများအား နံနက်၊ နေ့၊ ည အစာစားချိန် လေးချိန် စီစဉ်ထားပြီး အလှူရှင်များ လှူဒါန်းလို ပါက တစ်ရက်လျှင် ငွေကျပ် နှစ်သိန်း ဖြစ်ကြောင်း သိရသည်။ ဆက်သွယ် လှူဒါန်း လိုပါက မန္တလေးရုံးခွဲ ဖုန်း ဝ၂- ၆ဝ၅၆၄ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။ (၃၃၁)

#Yadanarpondaily

ဆေးလိပ်အမျိုးမျိုး အန္တရာယ် ပူးပေါင်းကာကွယ်


ဆေးလိပ်အမျိုးမျိုး အန္တရာယ် ပူးပေါင်းကာကွယ်

ကမ္ဘာပေါ်တွင် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးတံ စသော ဆေးရွက်ကြီး နှင့်ပြုလုပ် ထားသည့် ပစ္စည်းများကို နည်းမျိုးစုံဖြင့် သုံးစွဲလျက် ရှိသည်။ ဆေးရွက်ကြီး ငုံခြင်း၊ ဆေးလိပ်၊ စီးကရက် သောက်ခြင်း တို့သည် လူတို့ကို အသက် သေစေနိုင်သည် အထိ အန္တရာယ် ဖြစ်စေသည်။

ဆေးလိပ်ကို ကိုယ်တိုင် သောက်သုံးခြင်း မဟုတ်သော်လည်း သူတစ်ပါး သောက်သည့် ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း ကလည်း လူတို့၏ ကျန်းမာရေးကို ထိခိုက် စေနိုင်သည်။ ဥပမာ- ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ဆေးလိပ်ငွေ့ကို ရှူရှိုက် မိပါက ကိုယ်ဝန် ပျက်ကျခြင်း၊ ကိုယ်အလေးချိန် မပြည့်သော ကလေး မွေးဖွားခြင်း၊ ဉာဏ်ရည် မမီသော ကလေး မွေးဖွားခြင်းတို့ ဖြစ်စေသည်။

ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲခြင်းနှင့် သူတစ်ပါး သောက်သုံးသော ဆေးလိပ်ငွေ့ ကို ရှူရှိုက်ရခြင်း တို့ကြောင့် ဖြစ်ပေါ်ရသည့် ကျန်းမာရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် နှင့် စီးပွားရေး ပြဿနာများ ခံစားရခြင်းမှ ကာကွယ်နိုင်ရန် အတွက် မြန်မာနိုင်ငံ အပါအဝင် ဆေးလိပ် နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဝင် နိုင်ငံများသည် ကွန်ဗင်းရှင်းပါ အချက်များကို တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစား အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ ဈေးကွက် အတွင်းတွင် တွေ့ရှိ နေရသော စီးကရက်ဘူး အချို့တွင် ကျန်းမာရေး သတိပေးချက် မပါရှိခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ရောင်းအား မြှင့်တင်ရေး အတွက် အခမဲ့ ဝေငှခြင်း၊ ကံစမ်းမဲ ဖောက်ခြင်း၊ ဆေးလိပ် အမှတ်တံဆိပ် ပါသည့် လက်ဆောင်များ ပေးခြင်း၊ ကြော်ငြာ ဗီနိုင်းများ၊ ပိုစတာများ ကပ်ခြင်း စသည်ဖြင့် နည်းမျိုးစုံ အသုံးပြုပြီး ဥပဒေကို ချိုးဖောက် နေကြသည်။

စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ပြောင်းဖူးဖက်လိပ် စသည်တို့ကို ကိုယ်တိုင် သောက်သုံးခြင်း နှင့် သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း၊ ဆေးရွက်ကြီး ထွက်ပစ္စည်း အမျိုးမျိုး သုံးစွဲခြင်း တို့ကြောင့် လူငယ်လူရွယ် များနှင့် ပြည်သူလူထု တစ်ရပ်လုံးကို ကျန်းမာရေး၊ စီးပွားရေး အန္တရာယ် အမျိုးမျိုးကို ကျရောက် စေနိုင်သည်။ ထို့ကြောင့် ကျန်းမာရေး ဌာန အနေဖြင့် ပြည်သူများ သဘောပေါက် ရှောင်ကြဉ်နိုင်ရန် ကျန်းမာရေး အသိပညာပေးခြင်း များကို အစဉ်တစိုက် ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက်အရ နှစ်စဉ် လူဦးရေ ခြောက်သန်းကျော် သည် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှလုံး သွေးကြော ပိတ်ခြင်း၊ ဦးနှောက် သွေးကြော ပိတ်ပြီး လေဖြတ်ခြင်း၊ ကင်ဆာ အမျိုးမျိုးနှင့် အဆုတ်ရောဂါ များဖြစ်ပွားကာ အချိန်မတိုင်မီ သေဆုံးလျက် ရှိကြကြောင်း၊ ထိုထဲတွင် လူဦးရေ ခြောက်သိန်းကျော် သည် သူတစ်ပါး သောက်သုံးသည့် ဆေးလိပ်ငွေ့ ကို ရှူရှိုက်ရ၍ ရောဂါဖြစ်ပွား သေဆုံးရပြီး၊ လေးပုံတစ်ပုံ ကျော်မှာ ကလေးငယ်များ ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ပြည်သူလူထု တစ်ရပ်လုံးနှင့် လူငယ်လူရွယ် များအကြား ဆေးလိပ် သောက်သုံးမှု လျော့နည်း ကျဆင်းရန် နှင့် သူတစ်ပါး သောက်သုံးသည့် ဆေးလိပ်ငွေ့ ရှူရှိုက်ရသည့် အန္တရာယ်မှ ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေး ဝန်ထမ်းများ နှင့်အတူ ပြည်သူများက ပူးပေါင်း ကာကွယ် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၆-၂၀၁၄) တနင်္လာနေ့



Download Links


Sunday, June 29, 2014

မှတ်သားဖွယ်ရာ ပညာရှိ သူတော်ကောင်းတို့ ဒေသနာ


မှတ်သားဖွယ်ရာ ပညာရှိ သူတော်ကောင်းတို့ ဒေသနာ

လူတို့၏ စိတ်ကို ဖြူစင် သန့်ရှင်းစွာ ထားအပ်ကြောင်း ပညာရှိ သူတော်ကောင်း များ သွန်သင် ကြရာ၌ ဆန်းကြယ်သော စိတ်သည် ရေထည့်သော ဖန်ခွက်နှင့် တူပေသည် ဟု ဥပမာ ပြုခဲ့ကြသည်။

စင်ကြယ် သန့်ရှင်းသော ဖန်ခွက် အတွင်းသို့ စင်ကြယ်သော ရေကို လောင်းထည့် လိုက်လျှင် ထိုရေသည် မူလ အရင်းအတိုင်း ကြည်လင် သန့်ပြန့်လျက် ရှိကြောင်း တွေ့ရသည်။ ထိုရေကိုပင် ဆေးကြော သန့်စင် မထားသော ဖန်ခွက် အတွင်းသို့ လောင်းထည့် လိုက်လျှင် သောက်ချင် ဖွယ်ရာ မဟုတ်အောင် မသန့်မစင် တည်ရှိ နေပေ လိမ့်မည်။ ထည့်လိုက်သော ရေသည် အတူတူ ဖြစ်ပါလျက် ဤသို့ ကွဲပြား ခြားနား ရသည်မှာ တစ်ခုသော ဖန်ခွက်က သန့်စင်၍ တစ်ခုသော ဖန်ခွက်မှာ မသန့်မစင် သောကြောင့် ဖြစ်သည်။

လူတို့၏ စိတ်မှာလည်း ဤသို့ ဖြစ်သည်။ ဖြူစင် သန့်ရှင်းနေသော စိတ်မှာ ကောင်းမွန်သော တရား ၊ ကောင်းမွန်သော စကား ၊ ကောင်းမွန်သော အရာများကို မြင်ရ ကြားရ ၊ ၀င်စား လက်ခံရတိုင်း ကောင်းမွန်သော လက္ခဏာ တို့ကို ထင်ထင်ရှားရှား သိရလျက် ကောင်းမွန်သော စိတ်တို့ ပေါ်ပေါက် လာမည် ဖြစ်သည်။ မသန့်မပြန့်သော စိတ်မှာ မူလကပင် မရှင်းလင်း သောကြောင့် မည်မျှ ကောင်းမွန်သော တရား ၊ ကောင်းမွန်သော စကား တို့နှင့် တွေ့ကြုံ ရသည်ဖြစ်စေ စိတ်တွင်းသို့ ရောက်လျှင် ရှုပ်ထွေး ဝေခွဲမရဘဲ တွေဝေခြင်း သာလျှင် ဖြစ်ပေါ်လျက် လမ်းမှန်ကို မမြင်နိုင် ဖြစ်ပေမည်။ ထို့ကြောင့် လောက၌ ကောင်းမြတ်သော အရာတို့ကို မည်မျှ တွေ့ကြုံရစေ ကာမူ မိမိတို့ စိတ်တွင်း အရင်းခံက မရှင်းလင်း ခဲ့သော် အကျိုးခံစားခွင့် မရှိ ဖြစ်တတ်သည်။ မိမိတို့ စိတ်ရင်းက ရှင်းလင်း သန့်ပြန့်မှ သာလျှင် အကျိုးခံစား ရမည်ကို သတိမူလျက် မည်သည့် အခါမဆို စိတ်ကို ရှင်းလင်းအောင် ထားအပ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ရှိရေး ဖော်ဆောင်လျက် ရှိရာ လုပ်ငန်း နှောင့်နှေး ကြန့်ကြာမှု မရှိစေရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အောက်ခြေ အဆင့်ဆင့်သို့ လုပ်ပိုင်ခွင့် ခွဲဝေ အပ်နှင်း ထားပြီး ဖြစ်သည်။ ကောင်းမွန်သည့် အုပ်ချုပ်မှု စနစ်ရှိ၊ မရှိ ကို တိုင်းတာ ကြရာ၌ ပွင့်လင်း မြင်သာမှု ရှိခြင်း၊ ပြည်သူတို့၏ ဆန္ဒရယူခြင်း၊ တာဝန်သိမှု နှင့် တာဝန်ယူမှု ရှိခြင်း၊ စွမ်းဆောင်ရည် ထိရောက်မှု ရှိခြင်း၊ လုပ်ငန်း လက်တွေ့ ဆောင်ရွက်ရန် ခိုင်မာ ကောင်းမွန်သည့် စည်းမျဉ်း ဥပဒေရှိခြင်း၊ စည်းမျဉ်း ဥပဒေများ နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ခြင်း၊ လာဘ်ပေး လာဘ်ယူ တားဆီး ထိန်းသိမ်းနိုင်ခြင်း စသည့် အချက်များနှင့် တိုင်းကြမည် ဖြစ်သည်။ 

ကောင်းမွန်သော အုပ်ချုပ်မှု စနစ် ဖော်ဆောင်ရေး အတွက် နိုင်ငံတော် နှင့် ၀န်ကြီးဌာန များမှ ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များကို အခြေခံ၍ အကြောင်းအကျိုး ဆီလျော်မှု၊ ဖြောင့်မတ် မှန်ကန်မှု၊ မူဘောင် နှင့်အညီ ဆောင်ရွက်မှု များအပြင် ကိုယ်ကျိုး ကင်းရှင်းပြီး လုပ်ငန်းအပေါ် ကောင်းမွန်သော စေတနာ ထားကာ စုပေါင်း ညီညွတ်မှု အင်အားဖြင့် ဆောင်ရွက် ကြရမည် ဖြစ်သည်။ မျက်မှောက် ကာလတွင် ရိုးသားမှုနှင့် သွေးသား တော်စပ်သူတို့ ပြောင်ပြောင် ရောင်ရောင် နွမ်းပါး တတ်သည် ဆိုသော စကားမှာ သိမ်ငယ်စရာမဟုတ်ပါ။

သို့ဖြစ်၍ မုံရွာမြို့ မဟာဗောဓိ တစ်ထောင် ကျောင်းတိုက် ဆရာတော်ကြီးက ''အရှုပ်ထဲမှာ ရှင်းအောင်နေ၊ အပူထဲမှာ အေးအောင်နေ၊ သူများအကျိုး ပျက်စီးစရာကို မကြံ၊ မပြော၊ မလုပ်နဲ့ '' ဟု ဘဝ တစ်သက်တာ မှတ်သား လိုက်နာဖွယ်ရာ ဒေသနာ အဖြစ် မိန့်မှာခဲ့ဖူး သည်ကို တစ်ဆင့် ဖြန့်ဝေ လိုက်ရ ပါကြောင်း။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

အုတ်ဖုတ်လုပ်ငန်း အတွက် မြေတူးဖော်ရာမှ ရှေးဟောင်းပစ္စည်းများ တွေ့ရှိ



ပွင့်ဖြူ ၊ ၂၉-၆-၂၀၁၄

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ် မင်းရွာကျေးရွာ တောင်ဘက် မုန်းချောင်းဘေး ရှိ အုတ်ဖုတ်လုပ်ငန်း တစ်ခုတွင် ဇွန် ၂၃ ရက်က အုတ်ဖုတ်ရန် အတွက် မြေကြီးတူးရာ မှ ရှေးဟောင်း ဘုရား ဆင်းတုတော်များ နှင့် နတ်ရုပ်များ (ပုံ) တွေ့ရှိခဲ့ သဖြင့် အုတ်ဖုတ် လုပ်ငန်းရှင် မငြိမ်းငြိမ်းအေး က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မှတစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိ သူများထံ အပ်နှံ ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ပစ္စည်းများ မှာ ဉာဏ်တော် ၃ လက်မခွဲရှိ ကြေးဆင်းတု အလေးချိန် ၁၁ ကျပ်သား နှင့် ၁၂ ကျပ်သား နှစ်ဆူ၊ အမြင့် ၆ လက်မ၊ အနံ ၃ လက်မရှိ ကြေး ဘုရားကျောင်းဆောင်၊ ၂၆ ကျပ်သား ကျောင်းဆောင် တစ်ဆောင်၊ ဉာဏ်တော် သုံးလက်မခွဲရှိ အလေးချိန် ၁၆ ကျပ်သား ညောင်ရွက်ပုံပါ ကြေးဆင်းတု နှစ်ဆူ၊ ဉာဏ်တော် သုံးလက်မခွဲ ၁၉ ကျပ်သားရှိ နဂါးရုပ်ပါ ကြေးဆင်းတုတော် တစ်ဆူ၊ ၂၆ ကျပ်သား ပလ္လင်ပါ ရပ်တော်မူ ကြေးဆင်းတုတော် တစ်ဆူ၊ ရှစ်ကျပ်သား ညောင်ရွက်ပြား ငါးလက်မခန့် နှစ်ခု၊ ၁၁ ကျပ်သား ကြေးဇွန်း၊ ကိုးလက်မခန့် တစ်ချောင်း၊ လေးလက်မခွဲ ပန်းကိုင် ကြေးနတ်ရုပ် ၁၆ ကျပ်သား ရုပ်တစ်ခု၊ လေးလက်မခွဲ ၁၈ ကျပ်သား ခရုရုပ်ကိုင် ကြေးနတ် ရုပ်တစ်ရုပ်၊ လေးလက်မ နှစ်ပါးတွဲ ကြေးနတ်ရုပ် ၂၃ ကျပ်သားတစ်ရုပ်၊ ဉာဏ်တော် သုံးလက်မခွဲ ကြေးဆင်းတု ဒူးထောက်လျက် လေးဆူတွဲ ၄၉ ကျပ်သား တစ်ဆူ၊ အချင်း လေးလက်မ ကြေးခွက်ထဲတွင်
လိပ်၊ ဖား၊ ကဏန်း၊ ငါး၊ ခရု၊ ဟင်္သာ ရုပ်လုံးပါ ၂၆ ကျပ်သား ခွက်တစ်ခု၊ နှစ်လက်မ ကြေးလင်ကွင်း ငါးကျပ်သား နှစ်ချပ်၊ ကြေးခြူငယ် နှစ်ကျပ်သား ခြောက်လုံး၊ သုံးလက်မခွဲ လည်ရစ်ပါ မြေအိုးကွဲ ငယ်တစ်ခု၊ လုံးပတ် ၂၂ လက်မ မြေအိုး တစ်လုံး၊ လုံးပတ် ခြောက်လက်မ ရေအိုးငယ် တစ်လုံး၊ ကြေးပြား၊ အကြေအစ ၃၆ ကျပ်သား၊ အလျားတစ်ပေ၊ အနံ ခြောက်လက်မ၊ ထု နှစ်လက်မ အုတ်တစ်ချပ် နှင့် အုတ်ချွန်း တစ်ချပ်တို့ ဖြစ်ကြောင်း သိရသည်။

'' အုတ်ဖုတ် လုပ်ငန်းအတွက် မြေကြီးတူးတဲ့ အခါ အနက် ၅ ပေခန့်လောက် အရောက်မှာ စတွေ့တာပါ။ အရုပ်တွေက အိုးထဲမှာ ထည့်လျက် ပါပဲ။ ရှေးဟောင်း ဆင်းတုတော် တွေဆိုတာ တိုင်းပြည် အတွက် တန်ဖိုးကြီးမှန်း သိလို့ ချက်ချင်း သတင်းပို့ ခဲ့တာပါ။ အခု ရှေးဟောင်း ဆင်းတု တော်တွေကို သက်ဆိုင်ရာ တာဝန် ရှိသူတွေထံ အပ်နှံလိုက် ပါတယ် ... '' ဟု အုတ်လုပ်ငန်း ပိုင်ရှင် မငြိမ်းငြိမ်းအေး က ပြောပြသည်။

ယခုအခါ အဆိုပါ အရုပ်များကို ရှေးဟောင်း သုတေသနဌာန မှ လာရောက် ကြည့်ရှု စစ်ဆေးနိုင်ရန် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။ 

ပိုင်ဇေ(မကွေး)

#Yadanarpondaily

မြန်မာ့ရိုးရာ ဆယ်ပွင့်ပန်း


မြန်မာ့ရိုးရာ ဆယ်ပွင့်ပန်း

မြန်မာ့ လက်မှုပညာ ဖြစ်သော ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး ဟု တင်စား ထားသည့် မြန်မာတို့၏ လက်မှု အနုပညာ ရပ်သည် ရှေးအခါမှစ၍ ယနေ့တိုင် ထင်ရှားလျက် ရှိပြီး အဆင့် မြင့်မားသည့် လက်မှု ပညာရပ် များဖြစ်သည့် အနုစိတ်သော လက်မှု ပညာရပ် ဖြစ်ပြီး အရည်အသွေး နှင့် စွမ်းရည်တို့မှာ အံ့သြဖွယ်ရာ ကောင်းမွန် လှသည်။

ပန်းဆယ်မျိုး လက်မှု အနုပညာကို ရှေးခေတ် မြန်မာလူမျိုး တို့ လေ့လာ လိုက်စား ခဲ့ကြသည်။ တန်ဖိုးထား၍ သင်ယူကြကာ တီထွင် ဆန်းသစ်ခဲ့ ကြသည်။ ပန်းဆယ်မျိုး ဖြစ်သည့် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့ စသည့် ပညာရပ် များကို လေ့လာ သင်ယူ လက်ဆင့်ကမ်း ခဲ့ကြသည်။

ပန်းပဲ ပညာသည် သံကို ကျိုချက် မီးဖုတ်၍ ပုံသဏ္ဌာန် အမျိုးမျိုး ပုံသွင်း ပြုလုပ်သည့် သံထည် လုပ်ငန်း ဖြစ်သည်။ ပန်းတဉ်းမှာ ကြေးနှင့် ပတ်သက်သည့် သတ္တုထည်များ ပြုလုပ်သော လုပ်ငန်း၊ ပန်းပုမှာ သစ်သား၊ တိရစ္ဆာန် အစွယ်၊ အရိုး၊ ရွှံ့စေး မြေစေး တို့ကို အနုစိတ်သော လက်ရာဖြင့် ခြူးပန်း၊ ခြူးနွယ် ရုပ်လုံး ရုပ်ကြွ အမျိုးမျိုး ထွင်းထုသော လုပ်ငန်း၊ ပန်းပွတ်မှာသစ်သား နှင့် သတ္တု အမျိုးမျိုး တို့ကို ပွတ်စင်တွင် တင်ပြီး ပွတ်လုံး အမျိုးမျိုး ပြုလုပ်သော လုပ်ငန်း၊ ပန်းယွန်းမှာ ပန်းနွယ် ပန်းခက် တို့ဖြင့် ခြယ်မှုန်းသည့် ယွန်းထည် လုပ်ငန်း၊ ပန်းတော့မှာ အင်္ဂတေ သရွတ် တို့ဖြင့် ခြူးနွယ် ပန်းခက် နှင့် ရုပ်လုံး ရုပ်ကြွ တို့ကို ပြုလုပ်သည့် လုပ်ငန်း၊ ပန်းတမော့သည် ကျောက်သား တို့ကို ပုံသဏ္ဌာန် အမျိုးမျိုး ဆစ်ထုသည့် လုပ်ငန်း ဖြစ်သည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ပုဂံဒေသ တွင် မြန်မာ လူမျိုးတို့ ယုံကြည် ကိုးကွယ်သည့် စေတီပုထိုး များတွင် မြန်မာတို့၏ ပန်းဆယ်မျိုး အနုပညာ လက်ရာ များကို အများဆုံး တွေ့မြင် နိုင်သည်။ ထိုဒေသရှိ စေတီပုထိုး၊ ဂူဘုရား များတွင် တန်ဆာဆင် ထားသည့် အင်္ဂတေ ပန်းလက်ရာ များ၊ စေတီပုထိုး များတွင် ရေးထိုး ထားသည့် နံရံပန်းချီ၊ မင်စာ၊ ကျောက်စာ၊ ခေါင်းလောင်းစာ စသည့် ရှေးဟောင်း လက်ရာများကို ကြည့်ခြင်းဖြင့် မြန်မာတို့၏ ဗိသုကာ အတတ်ပညာ နှင့် အနုပညာ လက်ရာ အဆင့်အတန်း မြင့်မားမှုကို သိနိုင်သည်။

ရခိုင်ပြည်နယ် တွင် မြို့ဟောင်း၊ နန်းရာကုန်း၊ မြောက်ဦးမြို့ တို့ရှိ အဆင့်မြင့် လက်ရာ အဆောက်အအုံ များ၊ ဗိဿနိုး၊ ဟန်လင်း စသည့်မြို့ တို့မှ အဆင့်မြင့် အဆောက်အအုံ များသည် ရှေးမြန်မာ တို့၏ အရည်အသွေး နှင့် ကျွမ်းကျင်မှု စွမ်းရည်ကို ဖော်ထုတ် ပြသလျက် ရှိပြီး ကမ္ဘာကပင် အသိအမှတ် ပြုခဲ့ရသည်။ ထိုမြန်မာတို့၏ လက်မှုပညာ ပန်းဆယ်မျိုးသည် ယနေ့ အချိန်အခါ ထိ မြန်မာနိုင်ငံ၌ ရိုးရာအမွေ အဖြစ် ကျန်ရှိ နေသည်ကို မြန်မာနိုင်ငံ အရပ်ရပ်မှ လက်မှု လုပ်ငန်းများ ကို ကြည့်၍ သိနိုင်သည်။

သို့ရာတွင် တိုးတက် လာသော ခေတ်၌ ရိုးရာအမွေ လက်မှု လုပ်ငန်း များသည် အခက်အခဲ အမျိုးမျိုးကြောင့် တချို့ တိမ်ကော၍ ပျောက်ကွယ်လု နီးဖြစ်နေသည် ကို တွေ့ရသည်။ ရိုးရာလက်မှု ပညာအမွေကို ဆက်ခံမည့် မျိုးဆက်သစ် တို့သည် စက်မှု လုပ်ငန်းများ နှင့် အခြား လုပ်ငန်းများ သို့ ပြောင်းရွှေ့လုပ်ကိုင် လာကြ၍ နောင်လာမည့် အနာဂတ်တွင် ရိုးရာလက်မှု ပညာရှင်များ ရှားပါး ပျောက်ကွယ်မည့် အနေအထား သို့ ရောက်နေကြောင်း သိရသည်။

သို့ဖြစ်ရာ ရှေး အစဉ်အဆက် ထိန်းသိမ်း လက်ဆင့်ကမ်း သယ်ဆောင် လာသည့် ရိုးရာလက်မှု ပညာ ပန်းဆယ်မျိုး မတိမ်ကော မပပျောက် စေရေးအတွက် နိုင်ငံတော် နှင့် ပြည်သူများ အနေဖြင့် ကြိုးပမ်း အားထုတ် ကြရမည် ဖြစ်သည်။ ရိုးရာလက်မှု ပညာ ပန်းဆယ်မျိုး မတိမ်ကောရေး အတွက် ပညာရှင်များ မွေးထုတ် ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လိုအပ်သည့် ငွေကြေး အရင်းအနှီး စိုက်ထုတ် ပေးခြင်း တို့ကို ဆောင်ရွက်၍ လက်ဆင့်ကမ်း ထိန်းသိမ်း သွားကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

နှစ်ပေါင်း ၁၁၀ က ကျဆုံးခဲ့သော မဟာမိတ်စစ်သည် များ၏ ကမ္ပည်းကျောက်စာ တွေ့ရှိ



မိတ္ထီလာ ၊ ၂၉-၆-၂၀၁၄

မိတ္ထီလာမြို့ တွင် ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် ပဋိပက္ခ အတွင်းက သီရိမင်္ဂလာ ရပ်ကွက်၌ မီးလောင် ခံခဲ့ရသည်။ ယခုအခါ သီရိမင်္ဂလာ ရပ်ကွက် မီးလောင်မြေ တွင် ဂရန် အရှုပ်အရှင်း ကင်းသူများကို နေရာ ပြန်လည် တည်ဆောက်ခွင့် ပေးလျက် ရှိသည်။ 

ဤကဲ့သို့ ပြန်လည် တည်ဆောက်ခွင့် ရသဖြင့် သီရိမင်္ဂလာ ရပ်ကွက်နေ ကိုမြတ်လွင် က ယခင် ဦးဖိုးအေး ပိုင် သီရိမင်္ဂလာ ရပ်ကွက် ၊ ရန်ကုန် - မန္တလေး ကားလမ်းဘေး ရှိ အလျား ၅၅ ပေ ၊ တောင် - မြောက် အနံပေ ၇၀ ရှိ မြေကွက်ကို ၀ယ်ယူပြီး တိုက်ဆောက် ခဲ့သည်။

ကိုမြတ်လွင် တိုက်ဆောက်ရန် အတွက် အုတ်ကန် တူးရာမှ မြေအနက် ၅ ပေခန့် အရောက်တွင် ထူးခြားသည့် စကျင်ကျောက်တုံး နှစ်တုံး (ပုံ) ကို တွေ့ရှိ ရသည်ဟု ဆိုသည်။ ၄င်း စကျင်ကျောက်တုံး နှစ်တုံးတွင် အင်္ဂလိပ်စာ များပါရှိပြီး အလျား ၁၃ လက် ၊ အနံ ၁၂ လက်မ ၊ အမြင့် ၁၀ လက်မရှိ စကျင်ကျောက်တုံး အသေးတွင် W- CHESNEY, 5901. H-THONPSON, 6630 B.C. BARNGS, 5901 T.cox 5th. J. BIRB 9th ဟု ပါရှိပြီး စကျင်ကျောက် တုံးကြီးတွင် READE 2 BOREGD WAS ACCIDENTELLY DROWN MEIKTILA, ON MARCH 31, 1904 ဟု ပါရှိသည်။

ထို စကျင်ကျောက် တုံးကြီး များမှာ အလျား လက်မ ၂၀ ၊ အမြင့် ၁၆ ဒသမ ၅ လက်မ ၊ အနံ ၉ လက်မရှိပြီး စကျက်ကျောက် တုံးပါ သက္ကရာဇ် အရ နှစ်ပေါင်း ၁၁၀ ရှိပြီဖြစ်သည်။ ထို စကျင်ကျောက် တုံးပါစာအရ မတော်တဆ ကျဆုံးခဲ့သည့် မဟာမိတ် စစ်သည်များ၏ ကမ္ပည်းမှတ်တမ်း ဖြစ်နိုင်သည်ဟု သိရသည်။

ဦးတင်လှိုင် (မိတ္ထီလာ)

#Yadanarpondaily

၂၀၁၁ ခုနှစ်မှစတင်ကာ လူကုန်ကူးမှု အမှုပေါင်း ၃၉၀ တွင် လူကုန်ကူးခံရသူ ၁၀၆၉ ဦးရှိခဲ့


ရန်ကုန် ၊ ၂၉-၆-၂၀၁၄

မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်မှ စတင်ကာ လူကုန်ကူးမှု အမှုပေါင်း ၃၉ဝ တွင် လူကုန်ကူး ခံရသူ ၁ဝ၆၉ ဦးရှိပြီး ၈၆၉ ဦး ကယ်တင် နိုင်ခဲ့ကာ လုံးဝ မကယ်တင် နိုင်သူမှာ ဦးရေ ၂ဝဝ ရှိကြောင်း သိရသည်။

ပြည်ပ နိုင်ငံများတွင် အဓမ္မ ထိမ်းမြား လက်ထပ်ခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ခြင်း နှင့် ရောင်းချ ခံရခြင်း စသည့်နည်း အမျိုးမျိုးဖြင့် လူကုန်ကူး ခံရသူများ ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များ နှင့်  ပူးပေါင်းကာ ပြန်လည် ကယ်တင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လူကုန်ကူး များသည် ပွဲစားများမှ ဖြားယောင်း သွေးဆောင် မှုများကြောင့် ပြည်ပနိုင်ငံ များထံ ရောင်းချ ခံရခြင်း ဖြစ်ပြီး အများစုမှာ ကျေးလက် ဒေသများတွင် နေထိုင်သူများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့(ဗဟို)မှ သိရသည်။

ပြန်လည် မကယ်တင် နိုင်သော သူများတွင် အများစုမှာ အမျိုးသမီးများ ဖြစ်ပြီး အနည်းစုသည် အမျိုးသားများ ဖြစ်ကြောင်း၊ အဆိုပါ သူများ မှာ အဆင့်ဆင့် ရောင်းချခံ ရသူများလည်း ပါဝင်ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုတွင် ရန်ကုန်၊ မန္တလေး၊ ကချင်၊ ပဲခူး စသည့်နေရာ တို့တွင် အများဆုံး ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး တို့တွင်လည်း အနည်းငယ်စီ ဖြစ်ပွား ခဲ့ကြောင်း  လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့(ဗဟို)မှ သိရသည်။

၂ဝ၁၁ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူကုန်ကူးမှု (၁၃၆) မှု ဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ခုနှစ် တွင် ၁၂ဝမှု၊ ၂ဝ၁၃ ခုနှစ်တွင် ၁ဝ၂ မှု နှင့်၂ဝ၁၄ ခုနှစ် မေလကုန်ထိ လူကုန်ကူးမှု ၃၂ မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၆-၂၀၁၄) တနင်္ဂနွေနေ့



Download Links
အချပ်ပို (၄) မျက်နှာ ပါရှိပါသည်။

Saturday, June 28, 2014

ပဲမျိုးစုံသီးနှံ တိုးမြှင့်စိုက်ပျိုး ပြည်ပ၀င်ငွေတိုး


ပဲမျိုးစုံသီးနှံ တိုးမြှင့်စိုက်ပျိုး ပြည်ပ၀င်ငွေတိုး

နိုင်ငံတော်၏ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ရာ၌ ဆန်စပါး တစ်မျိုးတည်း ကိုသာမက အခြားသီးနှံ များကိုလည်း တိုးမြှင့် စိုက်ပျိုးလျက် ရှိသည်။ ထို့ပြင် ယခင်က လယ်မြေများတွင် စပါး တစ်မျိုးတည်း ကိုသာ အားထား စိုက်ပျိုးခဲ့ရာမှ ယခုအခါ သီးထပ် သီးညှပ် များ စိုက်ပျိုး လာကြသည်။

ထို့နောက် လယ်မြေ များတွင် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးမှုများ ရှိလာပြီး သီးနှံ အထွက်နှုန်း တိုးတက်ရေး အတွက် စိုက်ပျိုးရေး နည်းပညာများ၊ မျိုးကောင်း မျိုးသန့်၊ ဓာတ်မြေသြဇာ ရရှိမှု၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်း စနစ်များ ကိုလည်း ဖြည့်ဆည်း ပေးလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ရေ၊မြေသဘာဝ နှင့် ကိုက်ညီသည့် ဒေသများ၌ ပဲမျိုးစုံ သီးနှံများကို တိုးမြှင့် စိုက်ပျိုးလျက် ရှိသည်။ ပဲမျိုးစုံ သီးနှံသည် ပြည်တွင်း စားသုံးရန် အတွက် သာမက ပြည်ပပို့ကုန် အဖြစ် အားထားရသော သီးနှံဖြစ်သည်။ ပဲမျိုးစုံ သီးနှံသည် စိုက်ပျိုးရန် လွယ်ကူခြင်း၊ သီးထပ် သီးညှပ် စိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုး ကုန်ကျစရိတ် သက်သာခြင်း တို့ကြောင့် တိုင်းဒေသကြီး များနှင့် ပြည်နယ် ဒေသအနှံ့ တွင် စိုက်ပျိုး လာခဲ့ကြ သည်။

ပဲမျိုးစုံ သီးနှံများတွင် မတ်ပဲသည် နိုင်ငံခြား ဝင်ငွေ အများဆုံး ရောင်းချနိုင်သော သီးနှံဖြစ် သောကြောင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး တို့တွင် အဓိကထား စိုက်ပျိုးသော သီးနှံဖြစ်သည်။ နိုင်ငံခြားပို့ကုန် ဖြစ်သော အရည်အသွေး ကောင်းမွန်သည့် မတ်ပဲကို တောင်သူများက မိုးစပါးအပြီး သီးထပ် သီးနှံအဖြစ် စိုက်ပျိုး ကြသည်။ မျိုးကောင်း မျိုးသန့် ဖြစ်စေရန်နှင့် အရည်အသွေး ကောင်းပြီး အထွက်များသော ထွက်ကုန် ဖြစ်စေရန် အတွက် ပဲမျိုးစုံ တို့ကို သုတေသနပြု ဖော်ထုတ်ပြီး တစ်ဧက အထွက်နှုန်း များသည့် ပဲမျိုးကို တိုးချဲ့ စိုက်ပျိုး ကြသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် အခြေအနေ ပေးလျက်ရှိခြင်း၊ ရာသီဥတု ကောင်းမွန်ခြင်း၊ ရေ၊ မြေ သယံဇာတ ကြွယ်ဝမှု ရှိခြင်းတို့ကြောင့် တောင်သူ လယ်သမား တို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ ထက်သန်ပြီး ကြိုးပမ်းခြင်း တို့ဖြင့် လယ်ယာ ထွက်ကုန်များ ပိုမို ထွက်ရှိလာကာ တောင်သူ လယ်သမား တို့၏ တစ်ဦးချင်း ဝင်ငွေ တိုးတက်လာပြီး ကျေးလက်ဒေသ လူမှုဘဝ ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူ ပြုမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ မှုများ တိုးမြှင့် လာကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ပဲမျိုးစုံ စိုက်ပျိုးခြင်း၊ နှစ်သီးစား၊ သုံးသီးစား သီးနှံ စိုက်ပျိုးခြင်းသည် တောင်သူများ အတွက် အရင်းအနှီး ငွေနည်းခြင်း၊ ပြည်တွင်း စားသုံးရန် သာမက ပြည်ပပို့ကုန် အဖြစ် တင်ပို့ရာ တွင် ဈေးကောင်း ရရှိခြင်း၊ အကျိုးအမြတ် ဖြစ်ထွန်း၍ ဝင်ငွေလည်း တိုးစေခြင်း တို့ကြောင့် စပါး ရိတ်သိမ်းပြီး ချိန်တွင် ပဲမျိုးစုံ သီးနှံကို တိုးမြှင့် စိုက်ပျိုးခြင်းဖြင့် ထွက်ကုန်လည်း တိုးမြှင့်၊ ပြည်ပ ဝင်ငွေလည်း တိုးတက် လာမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။ 

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

ASEAN Business Award ( ABA ) လျှောက်ထားနိုင်သည့်ရက် တိုးမြှင့်



ရန်ကုန် ၊ ၂၈-၆-၂၀၁၄

အာဆီယံ ၁ဝ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များသာ ဝင်ရောက် ယှဉ်ပြိုင် နိုင်သည့် အာဆီယံ ဒေသတွင်း စီးပွားရေး ဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်သော ASEAN Business Award 2014 ( ABA ) အတွက် ဝင်ရောက် လျှောက်ထား နိုင်သည့် ရက်ကို ဇူလိုင် ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ် လိုက်ကြောင်း ASEAN Business Advisory Council ( ABAC ) အာဆီယံ စီးပွားရေး ဆိုင်ရာ အကြံပေး ကောင်စီထံမှ သိရသည်။

ASEAN Business Award 2014 တွင် ယခင်နှစ် များနှင့်မတူဘဲ ကဏ္ဍ အသစ်များ ထပ်မံ တိုးမြှင့်ထားပြီး အဓိက ကဏ္ဍကြီးနှစ်ခု အဖြစ် Large Category နှင့် MSME Category နှစ်ခု ခွဲခြားထားရာ Large Category ကဏ္ဍ အောက်တွင် Corporate Excellence, Innovation နှင့် ASEAN Centricity  ခေါင်းစဉ်သုံးခုဖြင့် ယှဉ်ပြိုင်နိုင် ကြောင်း၊ MSME ကဏ္ဍအောက်တွင် Micro, Small and Medium Size ကုမ္ပဏီများ၊ လူငယ်စွန့်ဦး တီထွင်သူများ နှင့် အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ လျှောက်ထား နိုင်ကြောင်း သိရသည်။

ယခုနှစ်တွင် ကဏ္ဍအသစ်များ တိုးချဲ့ထား ခြင်းကြောင့် အာဆီယံ နိုင်ငံများရှိ စီးပွားရေး လုပ်ငန်းရှင်များမှ လျှောက်ထားရန် စိတ်ဝင်စားမှု မြင့်တက်လျက် ရှိပြီး မြန်မာ နိုင်ငံမှလည်း ဇွန်လ တတိယပတ် အထိ ကုမ္ပဏီ ၄ဝ ကျော် ဝင်ရောက် လျှောက်ထားပြီး ဖြစ်သည်။ 

ထို့ကြောင့် ASEAN Business Award ( ABA ) ကို လျှောက်ထား လိုသည့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဇူလိုင် ၁၅ ရက်အထိ www.asean-bac.org တွင် Online Registration စနစ်ဖြင့် လျှောက်ထား နိုင်ကြောင်း သိရသည်။

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၆-၂၀၁၄) စနေနေ့



Downlod Links

၂၀၁၄ ခုနှစ်အတွက် ပထမပြန်စာမေးပွဲ အောင်စာရင်းများ ထွက်ရှိ


နေပြည်တော် ၊ ၂၈-၆-၂၀၁၄

သာသနာရေး ဝန်ကြီးဌာန သာသနာရေး ဦးစီးဌာန က ၂ဝ၁၄ ခုနှစ် အတွက် ကျင်းပ ပြီးစီးခဲ့သော ပထမပြန် စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များ နှင့် လူပုဂ္ဂိုလ်များ ဝင်ရောက် ဖြေဆို ခဲ့ကြရာ ပထမကြီးတန်း တွင် ၁၂၇၁ ပါး၊ ပထမလတ်တန်း တွင် ၂၁၃၃ ပါး၊ ပထမငယ်တန်း တွင် ၃၄၂၅ ပါး အောင်မြင် ခဲ့ကြောင်း သိရသည်။

ထိုသို့ အောင်မြင်ခဲ့ ကြသော သံဃာတော်များ နှင့် သာသနာ့ နွယ်ဝင် သီလရှင်များ အနက် အထူးအောင် ပုဂ္ဂိုလ်များမှာ ပထမကြီးတန်း တွင် ခုံအမှတ်- စက/၁၁၉ အရှင် ကဝိနန္ဒာ လင်္ကာရ မြစကြာကျောင်းတိုက် စစ်ကိုင်းမြို့ စစ်ကိုင်းတိုင်း ဒေသကြီးက ပထမ (ပထမကျော်ဘွဲ့ရ)၊ ခုံအမှတ်- မဟမ/၄၈ အရှင် သောပါက ဓမ္မဝိနယရံ သီကျောင်း မစိုးရိမ် တိုက်သစ် မဟာအောင်မြေ မြို့နယ် မန္တလေးတိုင်း ဒေသကြီး က ဒုတိယ၊ ခုံအမှတ် -စိန်/၁၉ အရှင် ဝိလာသာ ဇညာ လင်္ကာရ ရွာမပရိယတ္တိစာသင် တိုက် အင်းစိန်မြို့ ရန်ကုန်တိုင်း ဒေသကြီးက တတိယ နှင့် ခုံအမှတ် -အမဇ/၂၄ဝ မနန္ဒထေရီ ဓမ္မဝိဟာရီ သီလရှင် စာသင်တိုက် အောင်မြေသာစံ မြို့နယ် မန္တလေးတိုင်း ဒေသကြီးက သီလရှင် ပထမတို့ ဖြစ်သည်။ ထို့ပြင် ပထမလတ်တန်း တွင် ခုံအမှတ် -မဟမ/ ၂၃၄ ဦးဝါယာမာ လင်္ကာရ စည်ရှင်ကျောင်း မဟာ ဝိသုဒ္ဓါရုံ တိုက်သစ် မဟာအောင်မြေ မြို့ မန္တလေးတိုင်း ဒေသကြီးက ပထမ၊ ခုံအမှတ် -မဟမ/၁ဝ ရှင်ပဝရ ဓမ္မဂါရဝ ကျောင်း မစိုးရိမ် တိုက်သစ် မဟာအောင်မြေမြို့ မန္တလေးတိုင်း ဒေသကြီးက ဒုတိယ၊ ခုံအမှတ် -စက/ ၁၂၅ ဦးပညာ သာမီ လင်္ကာရ မြစကြာ ကျောင်းတိုက် စစ်ကိုင်းမြို့ စစ်ကိုင်းတိုင်း ဒေသကြီးက တတိယ နှင့် ခုံအမှတ်- မြစ်/၅၆ မကမလဉဏီ သမိဒ္ဓေါဒယ သီလရှင်ကျောင်း မြစ်ကြီးနားမြို့ ကချင်ပြည်နယ် က သီလရှင် ပထမတို့ ဖြစ်သည်။

အလားတူ ပထမငယ်တန်း တွင် ခုံအမှတ်- မုံ/၂၁၄ အရှင် ဣန္ဒကိတ္တိ အုတ်ကန်တောရ စာသင်တိုက် မုံရွာမြို့ စစ်ကိုင်းတိုင်း ဒေသကြီးက ပထမ၊ ခုံအမှတ်- တက/ ၃ဝ၇ ရှင်ခေမာစာရ သိမ်တောင် ပရိယတ္တိ စာသင်တိုက် တောင်ကြီးမြို့ ရှမ်းပြည်နယ် က ဒုတိယ၊ ခုံအမှတ်ကွေး/ ၂၆ ဦးဆန္ဒာဓိက ရတနာသိဒ္ဓိကျောင်း မကွေးမြို့ မကွေးတိုင်းဒေသကြီးက တတိယနှင့် ခုံအမှတ်- စက/ ၇၅၂ မသုမန စာရီ သကျဓီတာချောင် စစ်ကိုင်းမြို့ စစ်ကိုင်းတိုင်း ဒေသကြီးက သီလရှင် ပထမ တို့ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ပထမပြန် စာမေးပွဲ အောင်စာရင်းများ ကို တိုင်းဒေသကြီး / ပြည်နယ် သံဃနာယက အဖွဲ့များ၌ လည်းကောင်း၊ တိုင်းဒေသကြီး / ပြည်နယ် သာသနာ ရေးမှူးရုံး များ၌ လည်းကောင်း၊ သက်ဆိုင်ရာ စာဖြေဌာန ရှိ မြို့နယ် သံဃနာယက အဖွဲ့ရုံးများနှင့် မြို့နယ် သာသနာ ရေးမှူးရုံး များ၌ လည်းကောင်း ကြည့်ရှုနိုင် ပါကြောင်း သာသနာရေး ဦးစီးဌာနမှ သိရှိရသည်။

ရှင်းသန့်ထွန်း

#Themyawadydaily

Friday, June 27, 2014

မြန်မာ - အိန္ဒိယ နယ်စပ်ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ်ပြေးဆွဲရေး လာမည့် အောက်တိုဘာလတွင် စတင်မည်ဟု မျှော်မှန်း



တမူး ၊ ၂၇-၆-၂၀၁၄

မြန်မာ - အိန္ဒိယ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲရေး နှစ်နိုင်ငံ သဘောတူညီမှု လက်မှတ် ရေးထိုးခြင်း နောက်ဆုံး အဆင့် ရောက်ရှိနေပြီး မကြာခင် ပြေးဆွဲ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ - အိန္ဒိယ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲရေး အတွက် အိန္ဒိယနိုင်ငံ ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာန နှင့် မြန်မာနိုင်ငံ ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန တို့အကြား သဘောတူညီ မှုများ ရရှိခဲ့ပြီ ဖြစ်ကြောင်း လည်း အိန္ဒိယ ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာန က ကြေညာချက် ကို ကိုးကားကာ ဘနားမား သတင်းတွင် ဖော်ပြ ထားသည်။

အဆိုပါ မြန်မာ - အိန္ဒိယ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲမှုသည် မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေး ဒေသကြီး မန္တလေးမြို့ နှင့် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ် မြို့တော် အင်ဖာ တို့အကြား ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် လိုင်းသည် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ အကြား ဆက်ဆံရေး ပိုမို ကောင်းမွန် စေရန် ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ နယ်စပ် ဖြတ်ကျော် ဘတ်စ်ကား ပြေးဆွဲမည့် အစီအစဉ် အတွက် နားလည်မှု စာချွန်လွှာ ကို နောက်ဆုံး အဆင့် သဘောတူ လက်မှတ်ထိုးပြီး ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာ - အိန္ဒိယ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲမှုသည် ၅၇၉ ကီလိုမီတာ ကွာဝေးသည့် အင်ဖာ နှင့် မန္တလေး မြို့တို့ကို ၁၄ နာရီကြာ မောင်းနှင် ပြေးဆွဲမည့် ဘတ်စ်ကားလိုင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ - အိန္ဒိယ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲမှုကို လာမည့် အောက်တိုဘာလ တွင် စတင်မည်ဟု မျှော်မှန်း ထားပြီး ၄င်းအပြင် နှစ်နိုင်ငံ ခရီးသည်များ အတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးရေး ကိုလည်း နှစ်နိုင်ငံ အနေဖြင့် ဆက်လက် ဆောင်ရွက် ကြမည် ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

ဆင်းရဲမှုလျော့ချရေး


ဆင်းရဲမှုလျော့ချရေး

လူသားတိုင်း အတွက် ဘဝတွင် အဓိက လိုအပ်ချက် ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံ လိုအပ်ချက်များ အနက် နေ့စဉ်နှင့် အမျှ မရှိမဖြစ် လိုအပ်ချက်သည် စားရေး ဖြစ်သည်။ နေ့စဉ် တိုးတက်လျက် ရှိသည့် လူဦးရေ အတွက် စားနပ်ရိက္ခာ ဖူလုံရေးသည် အရေးကြီးသော အချက် ဖြစ်သည်။ လက်ရှိ ကမ္ဘာ့ လူဦးရေ သန်းပေါင်း ၇ဝဝဝ ကျော်သည် လာမည့် ၂ဝ၅ဝ ပြည့်နှစ်ကာလ တွင် သန်းပေါင်း ၉ဝဝဝ ကျော် ရှိလာမည် ဖြစ်သည်။ တိုးတက် လာသည့် လူဦးရေ အတွက် စားနပ်ရိက္ခာ လိုအပ်ချက်ကို နှစ်ဆ၊ သုံးဆ ပိုမို ထုတ်လုပ် နိုင်ရန် ဆောင်ရွက် ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝ ရေမြေ သယံဇာတ ပေါကြွယ်ဝပြီး စိုက်ပျိုးရေး အတွက်လည်း သင့်တင့် ကောင်းမွန်သော ရာသီဥတု အခြေအနေ ရှိသည်။ သီးနှံ ထုတ်လုပ်မှု များကို တိုးမြှင့်ပြီး တိုးတက်အောင် ထုတ်လုပ် သကဲ့သို့ မွေးမြူရေး ကဏ္ဍတွင်လည်း တိုးမြှင့် ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက် ဒေသတွင် နေထိုင်လျက် ရှိကြရာ ကျေးလက်နေ ပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေ တိုးရေးအတွက် စိုက်ပျိုးရေး နှင့်အတူ မွေးမြူရေး ကိုလည်း တွဲဖက်ပြီး ပေါင်းစည်း လယ်ယာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် ကြသည်။

မွေးမြူရေး လုပ်ငန်းသည် တောင်သူများ အတွက် နေ့စဉ်ဝင်ငွေ ရရှိစေပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းမှ စီးပွားဖြစ် မွေးမြူသည် အထိ တိုးမြှင့် ဆောင်ရွက် သွားသင့်သည့် လုပ်ငန်း ဖြစ်သည်။ ကျေးလက်နေ ပြည်သူများ နှင့် မြို့ပြ အခြေခံ ပြည်သူများ လိုအပ်သော ငွေကြေး အရင်းအနှီး ပံ့ပိုးပေးရေး အတွက် အသေးစား ငွေရေးကြေးရေး လုပ်ငန်းများက ဆောင်ရွက် ပေးလျက်ရှိသည်။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကလည်း မွေးမြူရေး နည်းပညာများ၊ အထောက်အပံ့ များ ပံ့ပိုးပေးလျက် ရှိသည်။

မွေးမြူရေး လုပ်ကိုင် သူများသည် တိရစ္ဆာန် ကောင်ရေ တိုးပွားရန်၊ မျိုးကောင်း မျိုးသန့်များကို ခေတ်မီ နည်းစနစ် များဖြင့် မွေးမြူကြရန်၊ ထုတ်လုပ်မှု တိုးတက် ထုတ်လုပ် နိုင်ရန်၊ ကူးစက်ရောဂါ ကင်းရှင်းစွာဖြင့် မွေးမြူ ထုတ်လုပ်ရန်၊ သဘာဝ အခြေခံ မွေးမြူ ထုတ်လုပ် ကြရန် အရေးကြီးသည်။

ရေထွက်ကုန် နှင့် ပတ်သက်၍ သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် သာမက တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့ များသည် ငါး၊ ပုစွန်၊ ကဏန်း နှင့် ငါးရှဥ့်တို့ကို မွေးမြူ ထုတ်လုပ်လျက် ရှိသည်။ ကဏန်းနှင့် ငါးရှဥ့်သည် ပြည်ပ တင်ပို့ရာတွင် ဈေးကောင်းရပြီး ဝယ်လိုအား မြင့်တက်လျက် ရှိရာ ခေတ်မီနည်း စနစ်များဖြင့် တိုးချဲ့ မွေးမြူရန် လိုသည်။ ငါးလုပ်ငန်း ဦးစီးဌာန ကလည်း ငါးမွေးမြူရေး နည်းစနစ်များ၊ ငါးမျိုးကောင်း မျိုးသန့် သားပေါက်များ ထုတ်လုပ် ပံ့ပိုးပေးလျက် ပြည်တွင်း စားသုံးမှု သာမက ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရန် စီစဉ် ဆောင်ရွက် ပေးလျက် ရှိနေသည်။

ထိုသို့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ကျေးလက် ဒေသနေ ပြည်သူများ နှင့် မြို့ပြ အခြေခံ ပြည်သူများက ဆောင်ရွက်၍ ပြည်တွင်း စားသုံးမှု သာမက ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ခြင်းဖြင့် ဝင်ငွေများ တိုးတက်လာပြီး ဆင်းရဲမှု လျော့ကျ လာမည် ဖြစ်သည်။ ထို့ကြောင့် စားနပ်ရိက္ခာ ကြွယ်ဝစေရန်၊ ပြည်သူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် လာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ကို နည်းစနစ် မှန်ကန်စွာဖြင့် တိုးမြှင့် ထုတ်လုပ် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

တာဝန်သိသော နိုင်ငံသားကောင်းများ ပြုစုပျိုးထောင်ရေး အလေးပေးဆောင်ရွက်


တာဝန်သိသော နိုင်ငံသားကောင်းများ ပြုစုပျိုးထောင်ရေး အလေးပေးဆောင်ရွက်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ကင်းထောက် အဖွဲ့ငယ်များ ဖွဲ့စည်း လေ့ကျင့် ပျိုးထောင် ပေးနေပြီ ဖြစ်သည်။ ကင်းထောက် လုပ်ငန်း၏ ရည်ရွယ်ချက် များမှာ လူငယ်များကို တာဝန်သိသော နိုင်ငံသားများ ဖြစ်စေရန်၊ အကျင့် စာရိတ္တ ကောင်းမွန် ဖွံ့ဖြိုး တိုးတက် စေရန်၊ ကျောင်းခန်းတွင်း နှင့် ကျောင်းပြင်ပ ဖွံ့ဖြိုးမှု လုပ်ငန်းများ အတွက် ပညာပေး အစီအစဉ် များတွင် ပါဝင်ရန်၊ အရွယ် ရောက်လာ သည့်အခါ အလုပ်အကိုင် အခြေပြု ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် လူထု အဖွဲ့အစည်း များနှင့် ပူးပေါင်း ပါဝင်ရင်း ကိုယ့်ကိုယ်ကိုယ် အားကိုး ယုံကြည်စိတ် ရှိအောင် လေ့ကျင့် မွေးမြူရန် တို့ ဖြစ်သည်။ 

ကမ္ဘာ့ ကင်းထောက် လုပ်ငန်းကို ၁၉ဝ၈ ခုနှစ်တွင် အင်္ဂလန် နိုင်ငံ၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရောဘတ်ဘေဒင် ပါဝဲလ် က စတင် ခဲ့သည်။ မြန်မာနိုင်ငံ၌ ကင်းထောက် လုပ်ငန်းကို ၁၉၁ဝ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၁၉၂၂ ခုနှစ် တွင် အိန္ဒိယနိုင်ငံ နှင့် တွဲဖက်၍ ကင်းထောက် လုပ်ငန်း လုပ်ကိုင် ခဲ့သည်။ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ၁၉၄၈ ခုနှစ်မှ ၁၉၆၄ ခုနှစ် အထိ ကင်းထောက် အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက် ခဲ့သည်။

ကင်းထောက် လုလင်တို့၏ သစ္စာ အဓိဋ္ဌာန်မှာ တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာ ကို စောင့်ရှောက်ရန်၊ သူတစ်ပါးကို အမြဲ ကူညီရန်နှင့် ကင်းထောက် ကျင့်ဝတ် စည်းကမ်းတို့ကို လိုက်နာရန် ဖြစ်သည်။ ကင်းထောက် ကျင့်ဝတ် စည်းကမ်း များမှာ ယုံကြည် ခံထိုက်ခြင်း၊ သစ္စာရှိခြင်း၊ ကူညီခြင်း၊ ခင်မင်ခြင်း၊ ယဉ်ကျေးခြင်း၊ ကြင်နာခြင်း၊ အမိန့် နာခံခြင်း၊ ပျူငှာခြင်း၊ ခြိုးခြံ ချွေတာခြင်းနှင့် ရဲရင့်ခြင်း တို့ဖြစ်သည်။

ယနေ့ နိုင်ငံတော်တွင် ကင်းထောက် ဖွဲ့စည်းရာ၌ ကင်းထောက် မောင်များသာ ပါဝင်ခွင့် ရသည် မဟုတ်ဘဲ ကင်းထောက်မယ် များကိုပါ အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ပြု ထားသည်။ ကင်းထောက်သည် အတန်းစာ ထူးချွန်သူ ဖြစ်စေ၊ အတန်းစာ မထူးချွန်သူ ဖြစ်စေ အားလုံး ပါဝင်နိုင်သည့် အခွင့်အလမ်း ရှိသည်။ ကင်းထောက် ဆောင်ပုဒ် မှာ ''အစဉ်အသင့်'' ဟူ၍ ဖြစ်သည်။ ကင်းထောက်သည် သူတစ်ပါးကို အမြဲ ကူညီရန် သစ္စာ အဓိဋ္ဌာန် ပြုထားသူ ဖြစ်သဖြင့် မီးသတ်၊ အသက်ကယ်၊ ရေကူး၊ တောင်တက်၊ စခန်းချ၊ သစ်ခုတ်၊ တံတားထိုး၊ တောတောင် အတွင်း ခြေရာကောက်၊ အချက်ပြ သတင်းပို့ခြင်း နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့အတွက် အစဉ်အသင့် ရှိနေရမည် ဖြစ်သည်။

ကင်းထောက် လုလင် တစ်ဦးသည် လူမှု အသိုင်းအဝိုင်း တွင် ဘက်စုံနှံ့စပ် ကျွမ်းကျင်သူ ဖြစ်၍ ကင်းထောက် လုပ်ငန်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သော တာဝန်သိသူ၊ နိုင်ငံသားကောင်း ပီသသူ၊ ကျန်းမာ ကြံ့ခိုင်သူ၊ အကျင့် စာရိတ္တ ကောင်းမွန်သူ၊ အများအကျိုး လိုလား ထမ်းဆောင်သူ အဖြစ် အသိအမှတ် ပြုခံရသည်မှာ ဂုဏ်ယူဖွယ် ဖြစ်သည်။ ကင်းထောက် ကြွေးကြော်သံမှာ နေ့စဉ်ပြုဖွယ် တစ်ခု ကောင်းစွာပြု ရန် ဆိုသည်မှာ ကင်းထောက် လုလင်တို့ အတွက်သာ မဟုတ်ဘဲ အသက်အရွယ် မရွေး လူတိုင်း လက်တွေ့ လိုက်နာ အပ်သည့် ကြွေးကြော်သံ ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံတော်တွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ရည်ရွယ်ချက် ကောင်းများဖြင့် ဖွဲ့စည်း ထားသော ကင်းထောက် အဖွဲ့များ ကျယ်ကျယ် ပြန့်ပြန့် တိုးချဲ့ ဖွဲ့စည်းကာ တာဝန်သိသော နိုင်ငံ သားကောင်းများ ပြုစု ပျိုးထောင်ရေး အလေးပေး ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခွင့်ရရန် တင်ပြရသည့် ထောက်ခံချက်အချို့ကို သက်ဆိုင်ရာမှ ဖြေလျှော့ပေး



ရန်ကုန် ၊ ၂၇-၆-၂၀၁၄

ပြည်တွင်း၌ စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ် လုပ်ကိုင်ခွင့် လျှောက်ထားခြင်း ၊ စက်သုံးဆီ သိုလှောင်ကန်များ ဆောက်လုပ်ခွင့် လျှောက်ထားခြင်း လုပ်ဆောင်ရာတွင် လုပ်ကိုင် ဆောင်ရွက် ကြမည့် လုပ်ငန်းရှင်များ အဆင်ပြေ စေရန်အတွက် သက်ဆိုင်ရာ ဌာနများသို့ တင်ပြရသည့် ထောက်ခံချက် အချို့ကို ဖြေလျှော့ ပေးလိုက်ကြောင်း စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းချရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ဖြေလျှော့ ပေးလိုက်သော ထောက်ခံချက် အချို့သည် စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များ အတွက် အခက်အခဲ ဖြစ်စေနိုင်သည့် အတွက် သက်ဆိုင်ရာမှ ယခုကဲ့သို့ ဖြေလျှော့ ပေးရခြင်း ဖြစ်သည်။ ယင်း အချက်အလက် များထဲတွင် ၀ယ်ယူ အသုံးပြုမည့် စက်သုံးဆီ ကုမ္ပဏီ၏ ထောက်ခံချက် ၊ မြေ ပိုင်ဆိုင်ကြောင်း ထောက်ခံချက် ၊ ဆိုင်ဖွင့်မည့် နေရာ နှင့် အနီး ပတ်ဝန်းကျင် တွင် နေထိုင် သူများ၏ ထောက်ခံချက် စသည့် အချက်အလက်များ ပါဝင်သည်။

ထို့အပြင် စက်သုံးဆီ အရောင်းဆိုင် တရားဝင် ဖွင့်လှစ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ ထောက်ခံချက်များ ရရှိစေရန် လိုက်လံ ဆောင်ရွက်ရာတွင် အချိန် ကြန့်ကြာမှု ရှိသည့်အပြင် စက်သုံးဆီ အရောင်းဆိုင် များအတွက် စက်သုံးဆီများ ကို ပြန်လည် ၀ယ်ယူ ဖြည့်တင်း ရာတွင်လည်း လွတ်လပ်စွာ ၀ယ်ယူနိုင်ခြင်း မရှိဘဲ ကန့်သတ်ထားသည့် သဘောမျိုး သက်ရောက် နေသည့် အတွက် စွမ်းအင် ၀န်ကြီးဌာန မှ ဖြေလျှော့ ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု လက်ရှိတွင် နိုင်ငံတစ်ဝန်း လုံး၌ တရားဝင် ဖွင့်လှစ် လုပ်ကိုင် ခွင့်ပြုထားသော စက်သုံးဆီ အရောင်းဆိုင် ပေါင်း ၁၂၀၀ နီးပါး ရှိပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

ဇူလိုင်လ ၁ ရက်မှစ၍ နိုင်ငံခြားသုံးငွေ လိုင်စင်ကြေးနှုန်းထားများ ပြင်ဆင် သတ်မှတ်မည်


ရန်ကုန် ၊ ၂၇-၆-၂၀၁၄

ဇူလိုင်လ ၁ ရက်မှစ၍ နိုင်ငံခြား သုံးငွေ လိုင်စင်များ အတွက် လိုင်စင်ကြေး နှုန်းထားများ ပြင်ဆင် သတ်မှတ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ နိုင်ငံခြားသုံးငွေ လိုင်စင်ကြေး နှုန်းထားများ ပြင်ဆင် သတ်မှတ်ခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ထုတ်ပြန်ချက် ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း ထုတ်ပြန်မှုတွင် နိုင်ငံခြားသုံးငွေ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ( A/D ) သို့မဟုတ် နိုင်ငံခြား ငွေများ ၀ယ်ယူ ရောင်းချ လဲလှယ်ပေးခွင့် လိုင်စင် ( Money Changer M/C ) ကိုင်ဆောင် ထားသော နိုင်ငံပိုင် ဘဏ်များ ၊ ပုဂ္ဂလိကပိုင် ဘဏ်များ ၊ ဟိုတယ် နှင့် ဘဏ်မဟုတ်သော အဖွဲ့အစည်းများ အားလုံး အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း အဖွဲ့အစည်းများ အနေဖြင့် လိုင်စင်ဆိုင်ရာ ကနဦး လျှောက်ထားခြင်း ၊ သက်တမ်းတိုးခြင်း ၊ သက်တမ်းတိုး နောက်ကျ လျှောက်ထားခြင်း ၊ လုပ်ငန်း တိုးချဲ့ ဆောင်ရွက်ခြင်း များအတွက် ပြင်ဆင် သတ်မှတ် ခဲ့ခြင်းများ ဖြစ်သည်။ ထို့အပြင် ယခင် သက်တမ်းတိုး ကင်းလွတ်ခွင့် ရရှိထားသည့် ( M/C ) လိုင်စင် ရရှိ ကိုင်ဆောင်ထားသော ဘဏ် မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်း များသည် ဟိုတယ်များ ၊ ပုဂ္ဂလိကဘဏ်များ နည်းတူ ၅ နှစ်တစ်ကြိမ် သက်တမ်းတိုး ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြင်ဆင် သတ်မှတ် လိုက်သည့် နှုန်းထားများမှာ A/D လိုင်စင်အတွက် ကနဦး လိုင်စင်ကြေး ငွေကျပ် သိန်း ၂၀ ၊ ၅ နှစ်တစ်ကြိမ် သက်တမ်းတိုးခြင်း ကို ငွေကျပ် ၃ သိန်း ၊ သက်တမ်းတိုး နောက်ကျကြေး ၊ ဒဏ်ကြေး တစ်လျှင် ငွေကျပ် ၅ သောင်း ၊ လုပ်ငန်း တိုးချဲ့ခြင်းများ အတွက် ငွေကျပ် ၁၀ သိန်း အဖြစ် ပြင်ဆင် သတ်မှတ် ခဲ့ကြောင်း ၊ M/C လိုင်စင်များ အတွက် ကနဦး လိုင်စင်ကြေး ငွေကျပ် ၄ သိန်းမှ ယခု ငွေကျပ် ၅ သိန်း ၊ M/C လိုင်စင် ( ဘဏ်မဟုတ်သော အဖွဲ့အစည်းများ ) အတွက် ကနဦး လိုင်စင်ကြေး ငွေကျပ် ၁၀ သိန်း ဖြစ်သည်။ A/D လိုင်စင်များ အတွက် ယခင်က ကနဦး လိုင်စင်ကြေး အနေဖြင့် ငွေကျပ် ၅ သိန်းသာ ရှိခဲ့ကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

ပုဂံဒေသရှိ ရှေးဟောင်းအမွေအနှစ်များစာရင်း ပြန်လည်ကောက်ယူ



ရန်ကုန် ၊ ၂၇-၆-၂၀၁၄

မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ တည်ရှိရာ နိုင်ငံတကာ ခရီးသွားများ အထူး စိတ်ဝင်တစား သွားရောက် လေ့လာမှု ရှိသည့် ပုဂံဒေသရှိ ရှေးဟောင်း ဘုရား ၊ စေတီပုထိုး နှင့် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ တို့ကို စာရင်းဇယား အတိအကျ သိရှိနိုင်ရန် စတင် ကောက်ယူလျက် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမျိုးသား စီမံကိန်း မှ သိရသည်။

" ပုဂံဒေသဟာ ဘုရား ၊ စေတီပုထိုး နဲ့ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ စာရင်းကို နောက်ဆုံး အခြေအနေ စာရင်းပြုစုဖို့ ပုဂံပြတိုက် မှာ စည်းဝေး ညှိနှိုင်းပြီး စာရင်း ကောက်ယူမှုကို ယူနက်စကို နဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန ဌာနတို့ ပူးပေါင်းပြီး ယူနက်စကို က လိုအပ်တာကို ကူညီ ပံ့ပိုး ပေးမှာပါ ၊ အခု ဇွန်လထဲမှာ စာရင်း စတင် ကောက်ယူ နေပါပြီ ...  " ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမျိုးသား စီမံကိန်း အရာရှိ ( ယူနက်စကို ) မှ ဒေါ်ဥမ္မာမျိုး က ရှင်းပြ ခဲ့သည်။

ပုဂံဒေသရှိ ဘုရား ၊ စေတီပုထိုး နှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံ များနှင့် ပတ်သက်၍ စာရင်းဇယား ဖြင့် မှတ်တမ်း ပြုစုခြင်းကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ၀န်းကျင်က လုပ်ဆောင်ခဲ့ရာ ယခု ၂၀၁၄ ခုနှစ်တွင် ကောက်ယူမှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။ ထိုသို့ စာရင်း ကောက်ယူရာတွင် ခေတ်တစ်ခုချင်းစီ အလိုက် ဘုရား ၊ စေတီပုထိုး ၊ အဆောက်အအုံ ၊ ရေတွင်း ၊ ရေကန် စသည်ဖြင့် ရှေးဟောင်း အမွေအနှစ် များကို သေချာစွာ မှတ်တမ်းပြုစု သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပုဂံယဉ်ကျေးမှု ဒေသ၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်း တူးဖော်တွေ့ရှိမှု များသည် တိုးမြင့် လာသည့် အတွက် နောက်ဆုံး အခြေအနေ စာရင်းဖြင့် မှတ်တမ်းတင် နိုင်ရန် လုပ်ဆောင် ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယောသူလေး

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၆-၂၀၁၄) သောကြာနေ့



Download Links


မြန်မာနိုင်ငံ သဘာဝအခြေခံ ခရီးသွား တိုးတက်ရေး သဘာဝအခြေခံ ခရီးသွားဒေသ ၂၀ ကျော်သတ်မှတ်


ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သို့ လာရောက်လေ့လာကြသော
 နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၇-၆-၂၀၁၄

မြန်မာနိုင်ငံ အတွင်း သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း တိုးတက် ဖွံ့ဖြိုးရေး အတွက် သဘာဝ အခြေခံ ခရီးသွားဒေသ ၂၀ ကျော် အထိ သတ်မှတ် ထားကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဒေသများအနက် ခရီးသွား အများစု စိတ်ဝင်တစား သွားရောက်သော ခါကာဘိုရာဇီ အမျိုးသား ဥယျဉ် ၊ ဟူးကောင်း ချိုင့်ဝှမ်း ဘေးမဲ့တော ၊ ပုပ္ပားတောင် ဥယျာဉ် ၊ အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ် ၊ လန်ပိကျွန်း အဏ္ဏ၀ါ အမျိုးသား ဥယျာဉ် နှင့် ဇွဲကပင်တောင် ဒေသများလည်း ပါဝင်ကြောင်း ၊ ပုပ္ပားတောင် ဥယျာဉ်မှ လွဲ၍ ကျန် သဘာဝ အခြေခံ ဒေသများမှာ မိုးရာသီ ကာလအတွင်း သွားရောက်မှု နည်းပါးလေ့ ရှိကြောင်း နှင့် ယင်းအတွက် မိုးရာသီ ကာလများ တွင်လည်း တိုးတက်မှု ရှိလာစေရေး အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခု အချိန်တွင် ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန အနေဖြင့် ၂၀၁၃ - ၂၀၂၀ ပြည့်နှစ် ခရီးသွား လုပ်ငန်းဆိုင်ရာ အကောင် အထည်ဖော် ဆောင်ရွက်ရေး စီမံကိန်းကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် ပေးလျက် ရှိကြောင်း ၊ အလားတူ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီမံ အုပ်ချုပ်မှု နှင့် မဟာဗျူဟာများ ရေးဆွဲရာတွင် ပြည်သူလူထု ၏ အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည့် စည်းမျဉ်း ၊ စည်းကမ်း များကို ICIMOD နီပေါနိုင်ငံ အခြေစိုက် အပြည်ပြည် ဆိုင်ရာ တောင်တန်းဒေသ ဖွံ့ဖြိုးရေး အဖွဲ့မှ နည်းပညာများ ကူညီမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပ ခရီးသွား ၀င်ရောက်မှုများ အနက် အာရှ နိုင်ငံများမှ ၇၀ ရာခိုင်နှုန်းခန့် ရှိပြီး ဥရောပ ၊ အမေရိက ၊ အာဖရိက ၊ အရှေ့ အလယ်ပိုင်း နှင့် သမုဒ္ဒရာ ပိုင်းများမှ လူမျိုးများလည်း ၀င်ရောက်မှု မြင့်တက်လျက် ရှိနေကြောင်း နှင့် ယခုနှစ် မေလအထိ ပြည်ပ ခရီးသွား ၀င်ရောက်မှုမှာ ၁ ဒသမ ၂ သန်းအထိ ရှိကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily


Thursday, June 26, 2014

ကွမ်းစားနှပ်ဆေးရည် များသည် ကျန်းမာရေးကို ထိခိုက်စေနိုင်



ကွမ်းစားနှပ်ဆေးရည် များသည် ကျန်းမာရေးကို ထိခိုက်စေနိုင်

မြန်မာ့ရိုးရာ ဧည့်ခံ အစားအသောက် များတွင် ကွမ်း ၊ ဆေး ၊ လက်ဖက် ဟူ၍ ဆိုစကား ရှိသည်။ ကွမ်းယာသည် မြန်မာမှုတွင် ဧည့်ခံ ပစ္စည်း ဖြစ်သော်လည်း ယနေ့ ကာလတွင် စီးပွားဖြစ် ရောင်းချလျက် ရှိသော ရောင်းကုန် တစ်ခု ဖြစ်လာသည်။ ကွမ်းယာ ကို နှစ်ခြိုက် ခုံမင်စွာ စားသုံးလေ့ ရှိသော ခေတ်လူငယ် များသည် နှပ်ဆေးရည် များဖြင့် စားသုံးလေ့ ရှိရာ ၄င်း နှပ်ဆေးရည်အား ရေရှည်စွဲ၍ စားသုံး မိပါက အစာအိမ် အူလမ်းကြောင်း ကင်ဆာ ဖြစ်ပေါ် စေနိုင်ကြောင်း အစာအိမ် နှင့် အူလမ်းကြောင်း ဆိုင်ရာ အထူးကု ဆရာဝန် တစ်ဦးက ပြောပြသည်။

" ကွမ်းစား နှပ်ဆေးရည် တွေက အစားအသောက် နဲ့ ဆေးဝါးဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှု ရဲ့ ခွင့်ပြုချက် ရယူပြီး ထုတ်လုပ် ထားတဲ့ စားသောက် ကုန်စည် မဟုတ်သလို ဓာတုဗေဒ ဒြပ်ပေါင်း ပစ္စည်း အချို့နဲ့ ရောစပ် ထုတ်လုပ် ထားတာကြောင့် စားသုံးမိပါက ကျန်းမာရေး ထိခိုက် စေနိုင် ပါတယ် ... " ဟု အဆိုပါ အထူးကု ဆရာဝန်ကြီး က ဆက်လက်၍ ပြောပြသည်။

ကွမ်းစား နှပ်ဆေးရည် များအား ရေရှည် စားသုံးခြင်းကြောင့် အစာအိမ် အူလမ်းကြောင်း အတွင်း ကင်ဆာဖြစ်၍ ဆေးဝါး ကုသမှု ခံယူသူ များစွာ ရှိခဲ့ရာ ၁၅ ရာခိုင်နှုန်း သာလျှင် အသက်ရှင် ကျန်းမာပြီး ကျန် ၆၅ ရာခိုင်နှုန်း မှာ လူ့သက်တမ်းစေ့ နေထိုင် နိုင်ခြင်း မရှိကြောင်း စောင့်ကြည့် လေ့လာ နေသူများ၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ ကွမ်းစား နှပ်ဆေးရည် များသည် သဘာဝ မဟုတ်သော အနံ့အသက် များနှင့် သဘာဝ မဟုတ်သော အချို အရသာ ဓာတ်များအား ရောစပ် ထုတ်လုပ်ထားရာ ဓာတုဗေဒ ဒြပ်ပေါင်းအချို့ ပါဝင်လျက် ရှိသည်ကို စမ်းသပ် တွေ့ရှိရကြောင်း ၊ ၄င်း ဒြပ်ပေါင်းစု များတွင် လူ၏ ကိုယ်ခန္ဓာ အတွင်းပိုင်းရှိ အစိတ်အပိုင်း များအား ချေဖျက်နိုင်သည့် ဒြပ်ပေါင်းစု များလည်း ပါဝင်ကြောင်း ၊ ယင်းကြောင့် ပါးစောင် ကင်ဆာ နှင့် လည်ချောင်း ကင်ဆာ များ ဖြစ်ပွား ရသည်ဟု သုတေသန စာတမ်းများက ဆိုသည်။

ကွမ်းစား နှပ်ဆေးရည် ဖော်စပ်ရာတွင် အဓိက မရှိမဖြစ် လိုအပ်သည်မှာ ဆေးရွက်ကြီး ဖြစ်သည်။ ၄င်း ဆေးရွက်ကြီး ၏ ရုက္ခဗေဒ အမည်ရင်းမှာ နီကိုရှားနား တေဗကန် ( Nicotianna Tabaccum ) ဟု ခေါ်ထွင်၍ ဆိုလင်းနေးစီး ( Solanaceae ) ခရမ်းမျိုးရင်းဝင် အပင် တစ်မျိုးဖြစ်သည်။ ၄င်း၏ မူလ သဘောအရ အဆိပ်အတောက် များကို ပယ်စေနိုင်သော သတ္တိ ရှိသော်လည်း ဓာတုဗေဒ ဒြပ်ပေါင်းများ နှင့် ရောစပ် သုံးစွဲခြင်းကြောင့် လူ၏ ကျန်းမာရေး ကို ထိခိုက် စေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကိုတိုး (ချင်းတွင်း)

#Themyawadydaily

ဝန်မလေးမိပါစေနဲ့ . . .


ဝန်မလေးမိပါစေနဲ့ . . . 

ကြယ်စင်စိုး ( မန္တလေး )

ဘရာဇီးနိုင်ငံ မှာ ကျင်းပနေဆဲ ဖြစ်တဲ့ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မှာ နာမည်ကြီး အင်္ဂလန်အသင်း ဟာ ဥရုဂွေး အသင်းကို ရှုံးနိမ့် ပြီးတော့ အုပ်စုအဆင့် မှာပဲ နိုင်ပွဲတစ်ပွဲမှ မရရှိ သေးဘဲ ပြိုင်ပွဲမှ ထွက်ခွာခဲ့ ရပါတယ်။ လက်ကျန် တစ်ပွဲ ကျန်နေ သေးသော်လည်း ပထမပွဲစဉ် နှစ်ပွဲ ကတည်းက ရှုံးပွဲတွေ့ကြုံ ထားတာမို့ အုပ်စုတွင်း နောက်ဆုံး ပွဲစဉ်ရဲ့ ရလဒ် က မည်သို့ပင် ထွက်ပေါ် လာပါစေ အလိုအလျောက် အိမ်ပြန် ရပြီးသားဖြစ်နေပါတယ်။ လေးနှစ်မှ တစ်ကြိမ် ကျင်းပခွင့် ရတဲ့ ဘောလုံးပွဲမို့ သတိ ထားကာ စောင့်ကြည့် ဖြစ်ပေမယ့်လဲ ညဥ့်နက်ပိုင်းမှာ ကန်သွားခဲ့တဲ့ အင်္ဂလန် အသင်းရဲ့ ပွဲကိုတော့ မကြည့်ဖြစ် ခဲ့ဘူး။ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲမို့  စိတ်ဝင်စား တာလဲ ပါသလို၊ နာမည်ကြီး ပရီးမီးယားလိဂ် က စားနေကြတဲ့ ကစားသမား အများစု ပါဝင်တဲ့ အင်္ဂလန် အသင်းကို စာရေးသူတို့ မြန်မာ ဘောလုံး ပရိသတ်တွေ ပို၍ စိတ်ဝင်စား ကြတယ်။ အထူးသဖြင့် သူသူ ကိုယ်ကိုယ် အင်္ဂလန် အသင်းကိုတော့ ဒီပြိုင်ပွဲမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှု ရစေချင် ကြပါတယ်။

အခုတော့ ရွှေမြန်မာတွေ အားပေးတဲ့ အင်္ဂလန် အသင်းက အဲဒီလို မဟုတ် အုပ်စုအဖွင့်ပွဲ မှာပဲ အီတလီကို ရှုံးခဲ့ပါတယ်။ ဒုတိယပွဲ အဖြစ် ဥရုဂွေး အသင်းကို ထပ်မံ ရှုံးနိမ့် လိုက်ချိန် မှာတော့ ကမ္ဘာ့ဖလား လမ်းကြောင်း ပေါ်ကနေ လက်ပြ နှုတ်ဆက် ခဲ့ရပါတယ်။ အင်္ဂလန် ဘောလုံး သမားတွေ နည်းတူ မြန်မာပြည်က ဘောလုံး ဝါသနာအိုးတွေ ကပါ အင်္ဂလန်အသင်း ပြိုင်ပွဲကနေ ထွက်ခွာရမှု အပေါ် တဒင်္ဂ ခံစား နေကြတာကို တွေ့ရ ပါတယ်။ 

ကိုယ်ကိုယ်တိုင် တောင်မှ ကိုယ်ကြိုက်တဲ့ ကစားသမားလေး ပါနေတော့ အင်္ဂလန် အသင်းအတွက် စိတ်မကောင်း ဖြစ်မိ ပါသေးတယ်။ အင်္ဂလန်အသင်း ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရမှု ဂယက်က မြန်မာနိုင်ငံ ကိုပါ ကူးစက် ပျံ့နှံ့ လာပါတယ်။ မနက်မိုးလင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်တော့ လက်ဖက်ရည် ဆိုင်စားပွဲဝိုင်း တွေမှာ စုတ်တသပ်သပ်၊ တောက် တခေါက်ခေါက် နဲ့ ညည်းတွား သူတွေ ရှိနေကြသလို၊ ကွမ်းယာဆိုင် တွေနဲ့ ဆိုက်ကား၊ ကယ်ရီ ဆိုင်ကယ်ဂိတ် တွေမှာလဲ ညပိုင်းက ကန်သွားတဲ့ အင်္ဂလန် အသင်းရဲ့ ရှုံးနိမ့်မှု အကြောင်း တွေကိုပဲ ပြောကာ အချို့က ကစားသမား တွေကို အပြစ်ဖို့ ကြသလို၊ အချို့ကလဲ နည်းပြ ဖြစ်သူကို အမနာပ မေတ္တာပို့ ကြတယ်။ ဘယ်လိုပင် မြန်မာနိုင်ငံက ဘောလုံး ပရိသတ်တွေ စိတ်ပျက် နေကြ ပေမယ့်လဲ အင်္ဂလန်အသင်း ကတော့ အိမ်အပြန် စောခဲ့ ရပါတယ်။

အင်တာနက် သတင်း စာမျက်နှာတွေ ထက်မှာလဲ အင်္ဂလန်အသင်း ရှုံးနိမ့်ကာ ပြိုင်ပွဲမှာ ထွက်ခဲ့ရတဲ့ အကြောင်းတွေကို ဖတ်လိုက်ရသလို၊ တစ်ဆက်တည်းမှာပဲ အင်္ဂလန် တိုက်စစ်မှူး ဖြစ်သူ နာမည်ကြီး ကစားသမား တစ်ဦးကလဲ သူ့ရဲ့ ဖေ့ဘွတ် စာမျက်နှာကနေ အင်္ဂလန်အသင်း အုပ်စုတွင်း နှစ်ပွဲ ကန်ရာမှာ နိုင်ပွဲတစ်ပွဲမှ မရရှိဘဲ ပြိုင်ပွဲမှ ထွက်ခွာရမှု အပေါ် အသင်း အားပေးသူ ပရိသတ် အားလုံးကို အသင်းရဲ့ ကိုယ်စား တောင်းပန် စကား ဆိုလိုက်ခြင်း ဖြစ်ပါတယ်။ တကယ်တော့ တောင်းပန်တယ် ဆိုတဲ့စကားဟာ အမှားတစ်ခုကို ကျူးလွန်မိ သူကမှ တောင်းပန် စကား ဆိုရခြင်း ဖြစ်ပါတယ်။ အဲဒီ ကစားသမား ဖြစ်သူကတော့ တစ်သင်းလုံး အပေါ်မှာ တာဝန်ရှိတဲ့ အမှားကို သူကိုယ်တိုင်ပဲ အမှားတစ်ခုကို ကျူးလွန် သလိုမျိုး အပြစ်လို့ သဘောထားကာ ပရိသတ်တွေကို တောင်းပန်စကား ဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဘောလုံး ကစားနည်း ဆိုတာ အသင်း အဖွဲ့နဲ့ ကစားရတဲ့ အားကစားနည်း ဖြစ်တာမို့ နိုင်သည်ပဲ ဖြစ်စေ၊ ရှုံးသည်ပဲ ဖြစ်စေ အုပ်ချုပ်သူက စပြီး ကစားသမား အားလုံးမှာ တာဝန်ရှိ ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန် အားကြီးတဲ့ အခုလို အားကစားနည်း တွေမှာ ဘယ် ကစားသမား ကိုမှ အမှား လုပ်တယ်လို့ ယူဆလို့ မရ။ အခု ဒီ ကစားသမား ကတော့ ရှုံးနိမ့်မှု အားလုံးအတွက် အားလုံးရဲ့ ကိုယ်စား တောင်းပန် လိုက်ခြင်း ဖြစ်ပါတယ်။ တောင်းပန်မှု စကားကြောင့် သူ့အတွက် ဘာမှ ဖြစ်မသွား ပေမယ့်လဲ သူတို့အသင်း ပရိသတ်တွေ အတွက်တော့ အနည်းငယ် ဒေါသ ထွက်မှုတွေ ဖြေလျော့ စေခဲ့တာတော့ အမှန်ပင် ဖြစ်ပါတယ်။

ဒါလေးတွေကို ကြည့်ခြင်း အားဖြင့် စာဖတ်သူတွေ အားလုံးကို နားလည် သဘောပေါက် အတုယူ စေချင်ပါတယ်။ စာရေးသူတို့ လူမှုဝန်းကျင် နယ်ပယ် အသီးသီးမှာလဲ တစ်ဦးနဲ့ တစ်ဦး တွေ့ကြုံ ဆက်ဆံရတဲ့ အခါမှာ အမှားလေး တွေနဲ့ ကြုံတွေ့ရတတ် ပါတယ်။ တမင် ရည်ရွယ်ကာ ပြုလုပ်တဲ့ အမှားမျိုး ရှိသလို၊ မမျှော်လင့်ဘဲ ဖြစ်သွားတတ်တဲ့ အသေးအဖွဲ အမှားမျိုးလေး တွေလဲ ရှိနေတတ် ပါတယ်။ တမင်တကာ ရည်ရွယ်တာပဲ ဖြစ်ဖြစ် ၊ မမျှော်လင့်ဘဲ ဖြစ်ဖြစ် တစ်ဖက်သား အပေါ်မှာ အမှားရယ်လို့ ကျူးလွန်မိ ပါက အမှားအတွက် ပြန်လည် တောင်းပန်စကား ဆိုရမှာက လူ့လောကရဲ့ ယဉ်ကျေးမှု တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဘတ်စကားစီး တဲ့အခါမှာ တစ်စုံ တစ်ယောက်ကို တိုက်မိတဲ့ အခါမျိုး၊ လူတစ်ဦး တစ်ယောက်ရဲ့ မျက်နှာရှေ့မှာ မမျှော်လင့်ဘဲ ကွမ်းတံတွေး ထွေးမိတာမျိုး လေးတွေနဲ့ ကြုံတွေ့ရတဲ့ အခါမျိုးတွေမှာ ကာယကံရှင် အနေနဲ့ တစ်ဖက်လူ အပေါ်မှာေ တာင်းပန်စကား ဆိုဖို့ နှုတ်ဆိတ်ဝန်လေး မနေသင့်ပါဘူး။ တစ်ခါတစ်ရံမှာ အချို့တွေဟာ မှားမှန်း သိနေပါလျက် နဲ့ အမှားကို ဝန်ခံတာမျိုး မရှိဘဲ ဥပေက္ခာပြုရှောင်လွဲသွားနေကြတာကိုတွေ့ရပါတယ်။ ''ဆောရီးပါနော်၊ မတော်လို့ ဖြစ်သွားရတာပါ တောင်းပန် ပါတယ် '' ဆိုတဲ့ စကားလေး လောက်တော့ တစ်ဖက်လူ စိတ်ကျေနပ်အောင် ပြောဆိုသင့် ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ တစ်ဦးနဲ့ တစ်ဦးကြားမှာ အမုန်း တရားတွေ ရှိလာနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေ ပါ ပေါ်ပေါက် လာနိုင်ပါတယ်။

ဗုဒ္ဓဘာသာ ထွန်းကားတဲ့ တိုင်းပြည် တစ်ပြည်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အောက်မှာ နေထိုင်ကြတဲ့ စာရေးသူတို့ တစ်တွေ အားလုံး အမှားကို အမှားလို့ မြင်နိုင်အောင် ရှုမြင်ကြဖို့ နဲ့ မိမိရဲ့ အမှားကိုလဲ ပြန်လည် တောင်းပန်မှု ပြုဖို့ ဝန်မလေး သင့်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပါတယ်။ 

#Yadanarpondaily

မူးယစ်ဆေးဝါးအန္တရာယ် ၀ိုင်းဝန်းကာကွယ်


မူးယစ်ဆေးဝါးအန္တရာယ် ၀ိုင်းဝန်းကာကွယ်

ယနေ့သည် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို လူညွန့်တုံး ပျက်သုဉ်း စေနိုင်သည့် မူးယစ်ဆေးဝါး အန္တရာယ်သည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း သာမက ကမ္ဘာ တစ်ဝန်းလုံးကို ခြိမ်းခြောက်လျက် ရှိရာ ကမ္ဘာ့လူသား အားလုံး အဆိုပါ မူးယစ်ဆေးဝါး များကို ဝိုင်းဝန်း တိုက်ဖျက်ကြ ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက် နှိမ်နင်းလျက် ရှိသော်လည်း မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ် ဖောက်ကားသူ များကို မကြာခဏ ဖမ်းဆီး ရမိလျက် ရှိသည်ကို တွေ့ရသည်။

ထို့ကြောင့် လက်စ မတုံးသေးသည့် မူးယစ်ဆေးဝါး အန္တရာယ်များကို အမြစ်ပါ မကျန် မျိုးတုံး ပျောက်ကွယ် သွားအောင် သုံးစွဲသူများကို အသိပညာပေး တားဆီးရေးနှင့် ရောင်းချသူ များကို ဖမ်းဆီးရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများ သာမက ပြည်သူ အားလုံးက အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြရမည် ဖြစ်သည်။

ယခင်က မူးယစ်ဆေးဝါး အန္တရာယ်တွင် ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ အရက်ဟူသည့် ယစ်မျိုးတို့သာ ရှိခဲ့ပြီး ဘိန်းစိမ်းမှ ဘိန်းဖြူ ထုတ်လုပ် ခဲ့သည်။ ယခုအခါ ဓာတုပစ္စည်း များကို အသုံးပြု ကာ စိတ်ကြွ ရူးသွပ် ဆေးပြားများ အထိ ထုတ်လုပ် လာသည်ကို တွေ့ရသည်။

မြန်မာ့သမိုင်း၌ ရှေးမြန်မာ မင်းများ လက်ထက်က ယစ်မျိုးသုံးစွဲမှု မကျယ်ပြန့် သေးခင်ကပင် ယစ်မျိုး သုံးစွဲမှုကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့သည်။ မျက်မှောက် ကာလ၌ ကမ္ဘာနှင့် ချီကာ မူးယစ်ဆေးဝါး သုံးစွဲမှု ကျယ်ပြန့် လာသော အခါတွင် မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးကို ဘက်ပေါင်းစုံမှ တိုက်ဖျက်လျက် ရှိသည့်အပြင် ရှေး အစဉ်အလာ အတိုင်း ပြင်းထန်စွာ ရှာဖွေနှိပ်ကွပ် တိုက်ဖျက် သွားကြရမည် ဖြစ်သည်။

မူးယစ်ဆေးဝါး သည် လူငယ်အလွှာ မျိုးစုံအတွင်း စိမ့်ဝင်ပျံ့နှံ့ နိုင်ရာ တိုင်းပြည် အနာဂတ် အတွက် အားထားရမည့် သားကောင်း ရတနာများ မူးယစ်ဆေးဝါး ၏ သားကောင် ဘဝသို့ မရောက်ရှိ နိုင်ရေးအတွက် ကြိုတင် အသိပညာ ပေးခြင်း၊ ရောင်းဝယ် သုံးစွဲမှု တိုက်ဖျက်ခြင်း တို့ကို မျက်ခြည်မပြတ် ဆောင်ရွက် သွားကြရမည် ဖြစ်သည်။

မူးယစ်ဆေးဝါး ဆိုးကျိုးများသည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။ ဘိန်းဖြူ ထိုးသွင်း သုံးစွဲခြင်းကြောင့် ဘေးထွက် ရောဂါဆိုးကျိုးများ ထူပြော လာသည့်အပြင် အသက်ပင် ရုတ်တရက် သေဆုံးနိုင်သည်။ စိတ်ကြွဆေး သုံးစွဲ သူများသည် ရာဇဝတ်မှု အားလုံးကို ကျူးလွန် တတ်ကြသည်။

ထို့ကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ချမှတ်ထားသည့် မဟာဗျူဟာ နှင့် နည်းဗျူဟာ သုံးရပ်ဖြစ်သည့် ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှု ပပျောက်ရေး၊ တားဆီး နှိမ်နင်းရေး လုပ်ငန်း များကို အပြင်းအထန် ဝိုင်းဝန်း လုပ်ဆောင် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မိဘပြည်သူများ အနေဖြင့်လည်း မိမိ မိသားစုနှင့် မိမိ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး အန္တရာယ်ကို သတိပြု စောင့်ကြည့်၍ တာဝန်ရှိ သူများကို အသိပေး ကြရမည် ဖြစ်သကဲ့သို့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ လက်တွဲ ပူးပေါင်း၍ ဝိုင်းဝန်း ကာကွယ် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

မြောက်ကိုရီးယား ခေါင်းဆောင်အား လုပ်ကြံသည့်ရုပ်ရှင်ကို ပြသလျှင် အမေရိကန်အား စစ်ရေးအရ တုံ့ပြန်မည်ဟု မြောက်ကိုရီးယားဆို



ပြုံယမ်း ၊ ၂၆-၆-၂၀၁၄

မြောက်ကိုရီးယား ခေါင်းဆောင်အား လုပ်ကြံ သတ်ဖြတ်သည့် ဇာတ်လမ်းကို ရိုက်ကူးထားသော ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားကို ပြသခွင့် ပြုမည် ဆိုလျှင် မြောက်ကိုရီးယား က အမေရိကန် ပြည်ထောင်စု ကို " သနား ညှာတာခြင်း ကင်းမဲ့စွာ " ဖြင့် စစ်ရေးအရ တုံ့ပြန် သွားရလိမ့်မည် ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက နိုင်ငံပိုင် မီဒီယာမှ တစ်ဆင့် ယမန်နေ့တွင် ထုတ်ပြန် ကြေညာ လိုက်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စုက အဆိုပါ ဇာတ်ကားကို ပြသခွင့် ပြုလိုက်ခြင်းဖြင့် မြောက်ကိုရီးယား က စစ်ကြေညာ သည်ဟု သတ်မှတ်မည် ဖြစ်ပြီး ၄င်း ဇာတ်ကား အမည်ကို တိကျစွာ ဖော်ပြ ထားခြင်း မရှိသော်လည်း လာမည့် အောက်တိုဘာလ တွင် မြောက်ကိုရီးယား ခေါင်းဆောင်ကို လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားပုံကို ရိုက်ကူးထားသော The Interview ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားကို ကမ္ဘာ့အနှံ့ ဖြန့်ချိ ပြသသွားရန် စီစဉ် ထားရှိကြောင်း သိရသည်။

The Interview တွင် ဟောလိဝုဒ် သရုပ်ဆောင်များ ဖြစ်ကြသော James Franco နှင့် Seth Rogen တို့က ခေါင်းဆောင် မင်းသား ၊ မင်းသမီးများ အဖြစ် ပါဝင် သရုပ်ဆောင် ထားပြီး အဆိုပါ ဇာတ်ကားမှာ လှုပ်ရှားမှု ဟာသဇာတ်ကား ဖြစ်ကြောင်းလည်း သိရသည်။

Kim Jon Un ကို အင်တာဗျူးရန် ဖိတ်ခေါ်ခြင်း ခံရသော ရုပ်သံ သတင်းထောက် ကို CIA က ထပ်ဆင့် ငှားရမ်းကာ ခေါင်းဆောင်ကြီး ကို လုပ်ကြံ သတ်ဖြတ် စေသော ဇာတ်လမ်းကို ရိုက်ကူး ထားသည့် ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး You Tube ပေါ်တွင် ခေါင်းဆောင်ကြီး အဖြစ် သရုပ်ဆောင် ထားသူ၏ ပုံရိပ်များ ၊ တင့်ကား ၊ ဟယ်လီ ကော်ပတာ တို့ဖြင့် မြောက်ကိုရီးယား က တိုက်ခိုက် နေပုံများ ၊ နျူကလီးယား လက်နက်ကိုပင် အသုံးပြုပုံ များကို ကြော်ငြာ ရုပ်ရှင် အဖြစ် လွှင့်တင် ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

https://www.youtube.com/watch?v=Mj3uHftd5FQ&feature=kp

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၂၅)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၂၅)

၂၆-၆-၂၀၁၄ ရက်နေ့ထုတ် ဂျာနယ်အား Download ရယူနိုင်ပါသည်။

Download Links

အဆင့်မြင့်ပညာရေးကဏ္ဍ နှီးနှောဖလှယ်ပွဲ ကို ဇွန်လကုန်ပိုင်းတွင် ကျင်းပမည်


ရန်ကုန် ၊ ၂၆-၆-၂၀၁၄

နိုင်ငံတော် ၏ ပညာရေးကဏ္ဍ တွင် ပိုမို တိုးတက်ဖွံ့ဖြိုး လာစေရန် ရည်ရွယ်ချက် ဖြင့် ပြည်တွင်းရှိ တက္ကသိုလ်များ နှင့် ကောလိပ်များ စုပေါင်း၍ အဆင့်မြင့် ပညာရေးကဏ္ဍ နှီးနှော ဖလှယ်ပွဲကို နှစ်စဉ် ကျင်းပလေ့ ရှိရာ ၂၀၁၄ ခုနှစ်အတွက် နှီးနှော ဖလှယ်ပွဲကို ဇွန်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ၌ ကျင်းပရန် စီစဉ် ထားကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန ( အောက် မြန်မာပြည် ) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အဆင့်မြင့် ပညာရေးကဏ္ဍ နှီးနှော ဖလှယ်ပွဲသို့ ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးရှိ တက္ကသိုလ်များ နှင့် ကောလိပ် များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ပါမောက္ခကြီး များနှင့် ကထိကများ တက်ရောက်ကာ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သည်။

ထို့အပြင် ယခုနှစ် နှီးနှော ဖလှယ်ပွဲတွင် ပညာရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ စာတမ်း တင်သွင်းခြင်း နှင့် ဖတ်ကြားခြင်း တို့ကိုလည်း ထည့်သွင်း ကျင်းပရန် စီစဉ်ထားပြီး တက္ကသိုလ် များနှင့် ကောလိပ် များတွင် ဖွဲ့စည်း ထားသည့် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင် အထည် ဖော်ရေး ကော်မတီများ ပူးပေါင်း၍ စာတမ်း ၇ စောင် တင်သွင်း ဖတ်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။

ထို စာတမ်းများမှာ အဆင့်မြင့် ပညာရေးကဏ္ဍ နှင့် သက်ဆိုင်သည့် တက္ကသိုလ်များ စုဖွဲ့ရေး ၊ စီမံခန့်ခွဲရေး နှင့် ဘဏ္ဍာရေး ၊ စီမံခန့်ခွဲရေး ဆိုင်ရာ အရည်အသွေး မြှင့်တင်ရေး ၊ ၀န်ထမ်း စွမ်းရည် မြှင့်တင်ရေး နှင့် စွမ်းဆောင်ရည် အကဲဖြတ်ရေး ၊ လက်တွေ့ အသုံးချသော သုတေသန လုပ်ငန်းများ မြှင့်တင် ဆောင်ရွက်ရေး ၊ ပညာရေး ဆိုင်ရာ အဆင့်မြင့် ပတ်ဝန်းကျင်များ ဖန်တီးရေး ၊ သင်ရိုး ညွှန်းတမ်း အဆင့်မြှင့်တင် ရေးနှင့် သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ မြှင့်တင်ရေး စသည့် ကဏ္ဍ ၇ ခုအတွက် တင်သွင်း ထားသော စာတမ်းများ ဖြစ်ကြပြီး ၄င်းတို့ အပေါ်တွင် အခြေခံကာ ဆွေးနွေးမှုများ ကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

မူးယစ်ဆေးဝါးပပျောက်ရေး ပြည်သူ့အင်အားဖြင့် ဆန့်ကျင်တိုက်ဖျက်


မူးယစ်ဆေးဝါးပပျောက်ရေး ပြည်သူ့အင်အားဖြင့် ဆန့်ကျင်တိုက်ဖျက်

ယနေ့ ဇွန် ၂၆ ရက်သည် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်သည်။ မူးယစ်ဆေးဝါး အန္တရာယ်သည် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ နှင့် မဖွံ့ဖြိုး သေးသော နိုင်ငံများ အားလုံး ကြုံတွေ့နေသော ပြဿနာ ဖြစ်သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် မဟာဗျူဟာ နှစ်ရပ်နှင့် နည်းဗျူဟာ သုံးရပ်ချမှတ်၍ ၂ဝ၁၅ ခုနှစ်တွင် မူးယစ်ဆေးဝါး ပပျောက်ရေး အန္တိမ ရည်မှန်းချက် ချမှတ် ဆောင်ရွက် ခဲ့သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဥပဒေကို ၁၉၉၃ ခုနှစ်တွင် နိုင်ငံတော် အစိုးရက ပြဋ္ဌာန်း၍ ကာကွယ် တားဆီးရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် ခဲ့သဖြင့် ဘိန်းအခြေခံ ထုတ်လုပ်သော မူးယစ်ဆေးဝါး ထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားသည်။ သို့သော် ဓာတုပစ္စည်း များကို အခြေခံ ထုတ်လုပ်သော မူးယစ်ဆေးဝါး ထုတ်လုပ်မှု များက နေရာယူ လာကြခြင်း ကြောင့် တားဆီး နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် အချိန်ကာလ ကို နောက်ထပ် လေးနှစ် ထပ်မံရွှေ့ဆိုင်း ဆောင်ရွက် နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းများကို ခေတ်အဆက်ဆက် ဆောင်ရွက် ခဲ့ကြရာ ယခင် အစိုးရ လက်ထက်တွင် ကျန်းမာရေး ဝန်ကြီးဌာန သည် ၂ဝဝ၂ ခုနှစ် ဇွန် ၅ ရက်တွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ထုတ်လုပ်သည့် လုပ်ငန်း၌ အသုံးပြုသော ဓာတုပစ္စည်း ၂၅ မျိုးကိုလည်း ကောင်း၊ ဇွန် ၂၁ ရက်တွင် ဓာတုပစ္စည်း ၁၁၃ မျိုးကို လည်းကောင်း၊ ဇူလိုင် ၂၉ ရက်တွင် ဓာတုပစ္စည်း ၁၂၄ မျိုးကို လည်းကောင်း အမိန့် ကြော်ငြာစာများ ထုတ်ပြန် ကြေညာ ထိန်းချုပ် ခဲ့သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက်ရာ၌ ဘိန်းစိုက်ပျိုး ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း၊ သိုလှောင်ခြင်း၊ သုံးစွဲခြင်းတို့ကို တားမြစ် ဟန့်တား နိုင်လောက်သည့် ပြစ်ဒဏ်များ ချမှတ်ခြင်း၊ ဘိန်းခင်းများ ဖျက်ဆီးခြင်း၊ ဖမ်းဆီး ရမိသော မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအား မီးရှို့ ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် နိုင်ငံတော် အစိုးရက စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက် ရှိပြီး မူးယစ်ဆေးဝါး သုံးစွဲသူ ပပျောက်ရေး အတွက် ကုသရေး ဆေးရုံများနှင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး များ၏ အဆိုအရ စိတ်ရောဂါသည် တစ်မျိုးတည်း မဟုတ်သလို ရောဂါ ဖြစ်ရခြင်း အကြောင်း အမျိုးမျိုး ရှိကြရာ မျိုးရိုးဗီဇ နှင့် အခြေခံ ဇီဝကမ္မ၊ ကိုယ်ရည် ကိုယ်သွေး၊ လောကဓံ အကြောင်း တရား၊ ခန္ဓာကိုယ် ရောဂါ၊ အရက်နှင့် မူးယစ်ဆေးဝါး၊ လူမှုစီးပွား ပြဿနာ စသည်တို့ ဖြစ်ကြောင်း သိရသည်။

ဇီဝကမ္မ မမှန်မှုများကို ဆေးဝါးများဖြင့် ကုသပေး ရသည် မှန်သော်လည်း စိတ်ပိုင်း ဆိုင်ရာနှင့် လူမှုရေးပိုင်း ဆိုင်ရာ အကြောင်းများ ကိုမူ စိတ်လူမှု ပညာရှင်များ အပြင် မိသားစု ဆွေမျိုး သားချင်းနှင့် လူ့ အဖွဲ့အစည်းကြီး တစ်ခုလုံး ကပါ ကူညီ စောင့်ရှောက် ဖြေရှင်း ပေးကြရန် လိုအပ်ကြောင်း စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး များက အကြံပြု ထားကြသည်။ ဆေးပညာ ဝေါဟာရ အားဖြင့် ဒီလူးရှင်း ( Delution ) ခေါ်သော တစ်ဖက်သတ် အထင်မှား နေခြင်းကြောင့် ပတ်ဝန်းကျင်ကို ဒုက္ခ ပေးတတ်သည့် စိတ်ရောဂါ သည် အရက်စွဲ လူနာများ၊ မူးယစ်ဆေးစွဲ လူနာများတွင် ဖြစ်တတ်ကြောင်း ပညာရှင်များ လေ့လာ တွေ့ရှိ ထားသည်။

သို့ဖြစ်၍ ကမ္ဘာ့ပြည်သူ တစ်ရပ်လုံး အတွက် ကျန်းမာရေး၊ ပညာရေး၊ လူနေမှုဘဝ တိုးတက်ရေး နှင့် အသိဉာဏ် ဗဟုသုတ တို့ကို ပျက်စီး စေရုံမျှမက ဆင်းရဲမှု အပေါင်းကို ဖြစ်စေသော မူးယစ်ဆေးဝါးများ ပပျောက်ရေး ပြည်သူ့ အင်အားဖြင့် ဆန့်ကျင် တိုက်ဖျက် ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၆-၂၀၁၄) ကြာသပတေးနေ့



Download Links


ထိုင်းနိုင်ငံသား လူသတ်တရားခံ သုံးဦးအား ပြန်လည် လွှဲပြောင်းပေးအပ်


တရားခံ သုံးဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်စဉ်

နေပြည်တော် ၊ ၂၆-၆-၂၀၁၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် လူသတ်ပြီး မြန်မာနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင် နေသည့် ထိုင်းနိုင်ငံသား ပါကွေ့ယူဒရ ၂၆ နှစ် (ဘ) ဦးပွန်းထိုး ၊ မွန်ထယ် ၂၈ နှစ် (ဘ) ဦးချိုင်းဝတ် နှင့် ထိုင်းနိုင်ငံသူ မနွန်းစပါး ၂၀ နှစ် (ဘ) ဦးစိုးလန်း တို့ သုံးဦးအား ဖမ်းဆီးပေးရန် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ အကူအညီ တောင်းခံမှု အရ တပ်မတော် စစ်ကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်း၍ ရှာဖွေ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ ရက်တွင် တာချီလိတ် မြို့နယ် ၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု နာကျဲကျေးရွာ ၌ အဆိုပါ တရားခံ သုံးဦးအား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ တရားခံ သုံးဦးကို ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့ ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ၀င်းထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးမှူး ရဲမှူးကြီး စစ်စီလ်ကန်ဝတ်ကွန်း ဦးစီး အဖွဲ့ထဲသို့ စနစ်တကျ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

၁၀၀ ကျပ်တန် နှင့် ၅၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် နှစ်မျိုး နှင့် တံဆိပ်ခေါင်းပါစာအိတ်များ ရောင်းချမည်




နေပြည်တော် ၊ ၂၆-၆-၂၀၁၄

ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ ၊ တရုတ် ၊ အိန္ဒိယ နိုင်ငံတို့မှ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ် ချမှတ် နိုင်ခဲ့သည့် နှစ် (၆၀) ပြည့် အထိမ်းအမှတ် အနေဖြင့် ထုတ်ဝေသည့် ၁၀၀ ကျပ်တန် နှင့် ၅၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် နှစ်မျိုး နှင့် တံဆိပ်ခေါင်းပါ စာအိတ်များကို ဇွန်လ ၂၈ ရက် ( စနေနေ့ ) နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး / ပြည်နယ် / ခရိုင် / မြို့နယ် ဆက်သွယ်ရေး စခန်း ( စာတိုက် ) များ၌ ရောင်းချမည် ဖြစ်သည်။

အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး ၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီး တို့တွင် ဇွန်လ ၂၈ ရက် ၀ယ်ယူသော စာပို့ တံဆိပ်ခေါင်းများ ပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

Wednesday, June 25, 2014

တာလီဘန် အကြမ်းဖက်သမားများနှင့် ငြိမ်းချမ်းရေးလည်း မလုပ်နိုင် ထိန်းလည်း မထိန်းချုပ်နိုင်သေးသော ပါကစ္စတန်နိုင်ငံ


ကိုကိုဟန်

ပါကစ္စတန် အစိုးရသည် တာလီဘန် အကြမ်းဖက် သမားများ ပုန်းအောင်းရာ နေရာများကို လေတပ်မှ ဗုံးကြဲတိုက်ခိုက် ခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်သည်။ အစိုးရတပ်များ စစ်ဆင်ရေး လုပ်သည့်အခါ တာလီဘန် တို့သည် ပို၍ တောနက်ရာသို့ ခိုလှုံခဲ့ကြပြီး ပြောက်ကျား နည်းစနစ်ဖြင့် ပြန်လည် တုံ့ပြန် တိုက်ခိုက်မြဲ ဖြစ်သည်။ အစိုးရတပ်များ ပြန်လည် ဆုတ်ခွာ သွားသည့် အချိန်တွင် တာလီဘန် တို့သည် မူလအတိုင်း ကျေးရွာ၊ မြို့များကို သိမ်းပိုက်မြဲ သိမ်းပိုက် ထားခဲ့ ကြသည်။

တာလီဘန် တို့သည် တရားမဝင် သတ္တု တူးဖော်ခြင်း၊ မူးယစ်ဆေးဝါး လုပ်ငန်း၊ ပြန်ပေးဆွဲခြင်း နှင့် ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ ကို လုပ်ဆောင် လာသောကြောင့် ၄င်းအဖွဲ့၏ ရပ်တည်မှုသည် ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်း တစ်ခုအဖြစ်မှ အကျိုးအမြတ် အတွက် ဆောင်ရွက် နေသော ရာဇဝတ်မှု အဖွဲ့အစည်း တစ်ခုသို့ ပြောင်းလဲ လာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူ မှုဆိုင်ရာ စောင့်ကြည့် လေ့လာသူ များက ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် မေလက ပါကစ္စတန် နိုင်ငံ၌ အလုပ်အရှုပ်ဆုံး နှင့် အကြီးမားဆုံး လေဆိပ်ကြီး ဖြစ်သည့် ကရာချိမြို့ ဂျင်နား နိုင်ငံတကာ လေဆိပ်၌ လူ ၂၉ ဦး သေစေခဲ့သော တိုက်ခိုက်မှုကို ပြုလုပ်သူမှာ ပါကစ္စတန် တာလီဘန် အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း ၄င်းအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ရှာဟီဒူလာရှာဟစ် က ပြောကြား ခဲ့သည်။

၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ က အမေရိကန် ဒရုန်း မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှုကြောင့် သေဆုံး သွားရသော တာလီဘန် အကြီးအကဲ ဟာကီမူလာ မဲဆွတ် ( Hakimullah Mehsud ) အတွက် လက်စားချေ လိုသည့်  အတွက် ယင်း လေဆိပ်ကို တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း AP သတင်းဌာနသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားသည့် အပြင် ထာဝရ အပစ်အခတ် ရပ်စဲရေး မရမချင်း အဆိုပါ တိုက်ခိုက်မှုမျိုး ကို ဆက်လက် ပြုလုပ် သွားဦးမည် ဖြစ်ကြောင်း သတိပေး ပြောကြား ခဲ့သည်။

တာလီဘန် အကြမ်းဖက်သမား လက်နက်ကိုင် ၁ဝ ဦးသည် လေဆိပ် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ကဲ့သို့ ရဲယူနီဖောင်းများ ဝတ်ဆင်၍ ရဲ အယောင်ဆောင် ကာ လေဆိပ် ကို စက်သေနတ်များ၊ ရော့ကက် လောင်ချာ များဖြင့် စတင် ပစ်ခတ်၍ လုံခြုံရေး ရဲတပ် ဖွဲ့ဝင်များ နှင့် ၅ နာရီကြာ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း တွင် ရဲတပ်ဖွဲ့များက ပြန်လည် ထိန်းချုပ် နိုင်ခဲ့သည်။

''သူတို့ဟာ စနစ်တကျ လေ့ကျင့်ထား သူတွေ ဖြစ်ပါတယ်။ ဒီ အကြမ်းဖက် တိုက်ခိုက်မှုကို စနစ်တကျ ပြင်ဆင်ပြီးမှ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ စစ်သွေးကြွ အကြမ်းဖက် သမားတွေဟာ လေယာဉ်တွေ၊ အဆောက်အအုံ အချို့ကို ဖျက်ဆီးရန် ကြံရွယ်ခဲ့ သော်လည်း မအောင်မြင် ခဲ့ပါ'' ဟု ဆင်းဒ် ပြည်နယ် ဝန်ကြီးချုပ် အိမ်အလီရှား က သတင်းထောက် များကို ပြောကြား ခဲ့သည်။

ပါကစ္စတန် စစ်တပ် အကြီးအကဲ Rizwan Akhter က ''လေဆိပ်ကို တိုက်တဲ့ အကြမ်းဖက် သမား ၁ဝ ဦးစလုံး သေတဲ့အပြင် အခြား သေတဲ့ သူတွေက လေဆိပ် လုံခြုံရေးနဲ့ လေဆိပ် ဝန်ထမ်း အများဆုံး ဖြစ်ပါတယ်'' ဟု ပြောကြား ခဲ့သည်။ လေဆိပ်ကို တိုက်ခိုက်ခြင်း အပြင် ဘလူးချစ္စတန် ပြည်နယ်၌ အသေခံ ဗုံးခွဲခြင်းကြောင့် အနည်းဆုံး ၂၄ ဦး သေဆုံး ခဲ့သည်။ ပါကစ္စတန် အစိုးရနှင့် တာလီဘန် တို့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
ကျင်းပရန် အစောပိုင်းက သဘောတူ ခဲ့သော်လည်း မကြာသေးမီ ရက်သတ္တပတ် ကမှ ပျက်ပြား သွားခဲ့သည်။

ပါကစ္စတန် တပ်များက အနောက်မြောက် ဒေသတွင် အကြမ်းဖက်အဖွဲ့၏ ပုန်းခိုရာ နေရာများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်သွေးကြွ ဟု သံသယရှိသူ ဒါဇင်နှင့် ချီ၍ သေခဲ့ရသည့် အပြင် အရပ်သူ၊ အရပ်သား များပါ လေယာဉ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ရသည်။

ပြီးခဲ့သည့် တနင်္လာနေ့ က အိမ်ဖြူတော် ပြန်ကြားရေး ဒုတိယ ဝန်ကြီး Josh Eamest က ''အမေရိကန် ပြည်ထောင်စု ဟာ ဒီလို တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချကြောင်းနဲ့ သေဆုံးသူ ဒဏ်ရာရ သူတို့၏ မိသားစုများနဲ့ အတူ စိတ်မကောင်း ဖြစ်ရပါတယ်။ တာလီဘန် တို့နဲ့ ပါကစ္စတန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှောင့်နှေး နေမှုကို ပြစ်တင်ရှုတ်ချ ပါတယ်'' ဟု ပြောကြား ခဲ့သည်။ ယင်းသို့ တာလီဘန် များ၏ အကြမ်းဖက် မှုများသည် နျူကလီးယား လက်နက်ပိုင် နိုင်ငံဖြစ်သော ပါကစ္စတန်နိုင်ငံ ၏ တည်ငြိမ်မှုကို လှုပ်ယမ်းပစ် လိုက်ခြင်း ဖြစ်ကြောင်း၊ ကရာချိမြို့သည် ပါကစ္စတန် နိုင်ငံ၏ စီးပွားရေး အချက်အချာ မြို့ကြီးဖြစ်၍ လေဆိပ် ကို တိုက်ခိုက်ခြင်း သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကို ထိုးနှက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ရှာရစ် သည် ၂ဝ၁၃ ခုနှစ် မေလတွင် တက်ခဲ့ပြီး ယခု လေဆိပ် တိုက်ခိုက်မှု သည် သူ့အတွက် ပထမဆုံး အကြိမ် တိုက်ခိုက် ခံရမှုဖြစ်၍ နောက်ထပ် လုပ်လာ နိုင်သေးကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် မေလက ကရာချိမြို့ရှိ Mehran Naval Base ရေတပ် စခန်းကြီးကို တာလီဘန် များက ဝင်တိုက် ခဲ့စဉ်က လူအများအပြား သေဆုံး ခဲ့ရပြီး လေယာဉ်များပါ ဖျက်ဆီးခံ ခဲ့ရ၍ ရူပီး ဘီလီယံ များစွာ ပျက်စီး ဆုံးရှုံးခဲ့ ရသည်။

ပြီးခဲ့သည့် တနင်္ဂနွေ ညက လေဆိပ် တိုက်ခိုက်မှု ကြောင့် လေဆိပ် ကုန်လှောင်ရုံ မီးလောင် ပေါက်ကွဲခဲ့သည်။ ထိုညက တိုက်ပွဲ များကြောင့် လေဆိပ် လုပ်ငန်းများ ရပ်ဆိုင်း သွားခဲ့ပြီး ဂျင်နား လေဆိပ်သို့ ပျံသန်းဝင် လာမည့် လေယာဉ်များကို လမ်းလွှဲခဲ့ ရကာ တနင်္လာနေ့ နေ့လယ်ပိုင်း ကျမှ လေဆိပ်ကို ပြန်လည် ဖွင့်လှစ် ပေးနိုင် ခဲ့သည်။

အကြမ်းဖက် သမား ၁ဝ ဦး သေရာတွင် ခုနစ်ဦးသည် လေဆိပ် လုံခြုံရေး တပ်ဖွဲ့က တိုက်ခိုက်၍ သေရခြင်း ဖြစ်ပြီး သုံးဦးက မိမိကိုယ်ကို အသေခံ ဗုံးခွဲ သွားခြင်း ဖြစ်သည်။ တာလီဘန် များသည် သူတို့ လိုလားသော မည်သည့် နေရာကို မဆို တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း၊ လူအများကို ချောက်ချား၍ ကြောက်အောင် လုပ်ကာ အစိုးရ၏ အဓိက လုံခြုံရေး ယန္တရားကို ချိုးဖောက် ပစ်နိုင်ကြောင်း နှင့် လုံခြုံရေး တင်းကျပ် ထားသော နေရာ၊ အစောင့် အရှောက် ထူထပ်သော မည်သည့် နေရာများကို မဆို ဝင်တိုက်ခိုက် နိုင်စွမ်းရှိကြောင်း ပြသ လိုက်ခြင်း ဖြစ်သည်။ 

''ကျွန်တော့်အထင် ပြောရရင် အစိုးရစစ်တပ် က အခု တာလီဘန်တွေ လုပ်သလိုမျိုး တကယ့် ပြောင်မြောက်တဲ့ နည်းဗျူဟာမျိုး နှင့် မလုပ်နိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါတယ်'' ဟု ကာကွယ်ရေး နှင့် လုံခြုံရေး စာရေးဆရာ Ayesha Siddiqa ကပြောသည်။

''စဉ်းစားကြည့် ပါဗျာ။ လေဆိပ်ဆိုတာ လုံခြုံရေး စိတ်ချရတဲ့ နေရာလို့ သတ်မှတ် ခံယူထားတာ။ အခုလို ဆိုတော့ ကရာချိမြို့ လမ်းပေါ်မှာ လိုပဲ လုံခြုံမှု မရှိဘူး။ ယုတ်စွအဆုံး ကိုယ့်အိမ်မှာ တောင်မှ လုံခြုံ ဘေးကင်းပါ တော့မလား၊ ကျွန်တော်တို့ အားလုံးဟာ ယနေ့ တိုက်ခိုက်သော တာလီဘန် တို့ရဲ့သားကောင် လေးတွေပါ။ ရင်းနှီးသူတွေ သေသွားတယ် ဗျာ။ မိသားစုတွေ၊ သူငယ်ချင်း တွေ ပါသွား တယ်ဗျာ'' ဟု ပါကစ္စတန် ပြည်သူတစ်ဦး ဖြစ်သူ အုဆမာအာမက် ဆိုသော လူငယ် တစ်ဦးက ကြေကွဲ ဝမ်းနည်းစွာ ပြောလေသည်။

သို့သော် ပါကစ္စတန် အစိုးရ စစ်တပ်များ သည် တင့်ကားများ၊ မြေပြင် စစ်တပ်များ နှင့် ဂျက် တိုက်လေယာဉ် များဖြင့်ပါ တာလီဘန် တို့ အဓိက ခိုအောင်းရာ ဝါဇီရစ္စတန် မြောက်ပိုင်းသို့ စေလွှတ် ထိုးစစ်ဆင်လျက် ရှိသည်။ ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ရှာရစ် က ''လက်ရှိ ပြုလုပ်နေသော ထိုးစစ်မှာ ပါကစ္စတန် နယ်မြေကို ငြိမ်းချမ်းတဲ့ နယ်မြေဖြစ်သွား မယ့်အပြင် တာလီဘန် တို့အား ငြိမ်းချမ်းရေး ကို တွန်းပို့ ပါလိမ့်မယ်။ ဒီ စစ်ဆင်ရေး က ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ကို သေချာပေါက် ဆောင်ကြဉ်း ပေးပါလိမ့်မယ်။ ပါကစ္စတန် နယ်မြေကို အကြမ်းဖက် သမားတွေ အတွက် ခိုအောင်းဖို့ နေရာ မပေးနိုင် တော့ပါဘူး'' ဟု ပြောကြား ခဲ့သည်။

သို့ဖြစ်၍ နိုင်ငံ တစ်နိုင်ငံ၌ ပြည်သူများ၏ လုံခြုံ ဘေးကင်းရေး သည် အလွန်တရာမှ အရေးကြီး ပါသည်။ ယခုလည်း လုံခြုံရေး ကျိုးပေါက် နေသော ပါကစ္စတန် နိုင်ငံ၌ ပြည်သူ လူထုမှာလည်း ဘယ်သွားသွား ဗုံးကွဲမလား ဆိုသည့် ကြောက်စိတ်တွေ ဝင်နေ ကြရသည့် အခြေအနေ မျိုးရှိ နေသည်။ ထို့ကြောင့် ပါကစ္စတန် နိုင်ငံ အနေဖြင့် ထို မပြီးဆုံး နိုင်သော ပြဿနာများကို ဖြေရှင်းရန် စစ်ရေး အရထက် နိုင်ငံရေးအရ ဖြေရှင်းရေး ကသာ
ရေရှည်တွင် ပို၍ အကျိုးရှိမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။ ။ 

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger