www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, May 25, 2014

ရင်သွေးငယ်တို့ အနာဂတ်အရေး ပညာရေးကို ဦးစားပေး


ရင်သွေးငယ်တို့ အနာဂတ်အရေး ပညာရေးကို ဦးစားပေး

နိုင်ငံတော်တွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး၏ အခြေခံ ဖြစ်သော ပညာ သင်ယူကြရန် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်ကို ၂ဝ၁၄ ခုနှစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ပညာရေးဝန်ကြီး
ဌာနက သတ်မှတ် ဆောင်ရွက် နေပြီ ဖြစ်သည်။

ပညာဟူသည် အထူးထူး အပြားပြား ကို ပိုင်းခြား သိမြင် တတ်သော သတ္တိစွမ်း ဟူ၍ လည်းကောင်း၊ ပညာ ဟူသည် အပြစ်နှင့် အကျိုးတို့ကို ခွဲခြား သိမြင်သော ဉာဏ်ဟူ၍ လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ ပညာ အလင်းရောင်သည် လောကကြီး တစ်ခုလုံးကို မှန်မှန်ကန်ကန် သိမြင် စေနိုင်သည် အထိ စွမ်းဆောင် နိုင်ခြင်း ကြောင့် ပညာနှင့် တူသော အလင်းရောင်သည် မရှိ ( ပညာသမာ အာဘာနတ္ထိ) ဟူ၍ ဗုဒ္ဓရှင် တော်မြတ် ဘုရားက
ဟောကြား တော်မူခဲ့ သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံတော်တွင် ဆောင်ရွက် နေသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ၌ ပညာရေးကဏ္ဍ မြှင့်တင်ရေး ကိုလည်း အလေးထား ဆောင်ရွက်လျက် ရှိရာ ယခင် ပညာသင်နှစ် များက မူလတန်း အခမဲ့ အပ်နှံရေး စနစ်ကို အကောင် အထည်ဖော် ခဲ့ပြီး ယခု ၂ဝ၁၄- ၂ဝ၁၅ ပညာသင် နှစ်တွင် အလယ်တန်း အခမဲ့ အပ်နှံရေး စနစ်ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး သည် လူ့စွမ်းအား အရင်းအမြစ် ပေါ်တွင် များစွာ မူတည် နေခြင်းကြောင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ပညာရေး ဝန်ကြီးဌာနက အဓိက တာဝန်ယူ၍ အခြား ဝန်ကြီးဌာန များနှင့် ပုဂ္ဂလိက အခန်းကဏ္ဍ များကလည်း အသီးသီး ပါဝင် ဆောင်ရွက် နေကြသည်။

လူတို့သည် အမိ ဝမ်းကြာတိုက်မှ မွေးဖွား လာစဉ်ကပင် ပညာတတ် လာကြသည် မဟုတ်ဘဲ ငယ်စဉ်အခါ ပညာရှာ ဆိုသော စကားအတိုင်း ငယ်စဉ်မှာ အသိပညာ နှင့် အတတ်ပညာ တို့ကို ကြိုးစား သင်ယူကြ ရမည် ဖြစ်သည်။ ငယ်စဉ်က ပညာ မသင်ခဲ့သော် လူ့လောက အလယ် မျက်နှာငယ် ရကြောင်း ရှေးခေတ် စာဆို ရှင်မဟာရဋ္ဌသာရ လမ်းညွှန် ခဲ့သည်မှာ ''ဝိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို၊ ငယ်ကမသင်၊ ပျော်ပါးလွင်မူ၊ အကြင်သူအား၊ စကား ချေတင်၊ သဘင်မပြဲ့၊ ခံတွင်းမဲ့သို့၊ ချို့တဲ့ပညာ၊ ညှိုးမျက်နှာနှင့်၊ ရွံရှာလန့်ထိတ်၊ အသံဆိတ်၏ ''ဟူ၍ စပ်ဆိုခဲ့ သည်။ ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး သည် မြန်မာမှု နယ်ပယ်တွင် မူလကပင် ရှိခဲ့သော မိဘကျင့်ဝတ် ငါးပါးတွင် ငယ်စဉ်ကပင် အသက်မွေးမှု ပညာကို သင်ကြားပေးရန် အတတ်သင် စေဆိုသော တာဝန် ပါဝင်ပြီး ဖြစ်ပါသည်။ ထို့အပြင် ဆရာ့ကျင့်ဝတ်၊ သားသမီး ကျင့်ဝတ်နှင့် တပည့် ကျင့်ဝတ် ဟူ၍ရှိခဲ့ပြီး ဖြစ်သည်။

သို့ဖြစ်၍ ပညာမြင့်မှ လူမျိုးတင့်မည် ဆိုသည့်အတိုင်း နိုင်ငံတော် အစိုးရက နိုင်ငံတော်တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ပညာရေး ကဏ္ဍမြှင့်တင် ဆောင်ရွက်လျက် ရှိရာ မိဘပြည်သူ အပေါင်းတို့ ကလည်း မိမိတို့ရင်သွေး များအား နွားလယ် ခြင်္သေ့၊ ကျီးလယ် ဟင်္သာ တင့်တယ် စေခြင်းငှာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး မပျက်မကွက် ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၅-၅-၂၀၁၄) တနင်္ဂနွေနေ့



Download Links


Friday, May 23, 2014

လမ်းခရီးသာယာရေး အားလုံးဝိုင်းကူ ဆောင်ရွက်ပေး


လမ်းခရီးသာယာရေး အားလုံးဝိုင်းကူ ဆောင်ရွက်ပေး

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးသည် နေပြည်တော် ကို ဗဟိုပြု၍ တိုင်းဒေသကြီး များနှင့် ပြည်နယ်များ သို့ လွယ်ကူစွာ ဆက်သွယ် လာနိုင်စေပြီး စီမံခန့်ခွဲမှု ကိစ္စရပ်များ လျင်မြန်စွာ ဆောင်ရွက် နိုင်ရန် ရည်ရွယ်ချက် များနှင့် ၂ဝဝ၅ ခုနှစ် အောက်တိုဘာ တွင် စတင် ဖောက်လုပ် ခဲ့သော လမ်းမကြီး ဖြစ်သည်။

ရန်ကုန် - နေပြည်တော် လမ်းပိုင်းကို ၂ဝဝ၉ ခုနှစ် မတ် ၂၅ ရက်တွင် ဖွင့်လှစ် ပေးခဲ့ပြီး နေပြည်တော် - မန္တလေး လမ်းပိုင်းကို ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ဖွင့်လှစ် ပေးခဲ့သည်။ အမြန် လမ်းမကြီး အသုံးပြု သည့် ယာဉ်များ အန္တရာယ် ကင်းစွာ သွားလာ နိုင်ရေးအတွက် လမ်းကွေ့ ဒီဂရီ၊ ကုန်းဆင်း၊ ကုန်းတက် လျှောစောက်၊ လမ်းကွေ့ မျက်နှာပြင် အစောင်း ရာခိုင်နှုန်း တို့ကို စနစ်တကျ ဖောက်လုပ် တည်ဆောက် ထားသည်။ ထို့အပြင် သတိပေး အမှတ်အသား၊ လမ်းညွှန် အမှတ်အသား နှင့် လမ်းဘေး အကာအကွယ် တိုင်များ ကိုလည်း လိုအပ်ချက် ရှိသည့် နေရာ တိုင်း၌ ပြုလုပ်ထားပြီး လမ်းမျက်နှာပြင် ပေါ်၌လည်း လမ်း အလယ်ယာဉ် ကြောလိုင်း နှင့် အနားသတ် မျဉ်းများ ရေးဆွဲထားသည်။ ညအချိန်တွင် ယာဉ်မောင်းများ ကောင်းစွာ မောင်းနှင် နိုင်ရေးအတွက် လမ်းကွေ့၊ ကုန်းဆင်း၊ ကုန်းတက် နှင့် လိုအပ်ချက် ရှိသည့် နေရာတိုင်း၌ ရောင်ပြန် မီးလုံးများ တပ်ဆင် ပေးထားပြီး တံတား များပေါ်၌ မြင်ကွင်း ကောင်းသည့် ဆိုလာမီးတိုင်များ တပ်ဆင် ပေးထားသည်။

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးကို လမ်းနယ် အကျယ်ပေ ၄ဝဝ၊ လမ်းလယ်ကျွန်း အကျယ် ပေ ၃ဝ၊ အောက်ခံ အလွှာ ကွန်ကရစ်ထု ၆ လက်မ၊ အပေါ် မျက်နှာပြင်လွှာ ကွန်ကရစ်ထု ၁၂ လက်မ၊ ခံနိုင်ဝန် တန် ၈ဝ၊ တစ်ဖက်လျှင် နှစ်လမ်းသွား ဖြင့် လေးလမ်းသွား လမ်းမကြီး အဖြစ် မော်တော်ယာဉ်များ သွားလာလျက် ရှိသည်။

ရန်ကုန်မှ မန္တလေးအထိ ပေ ၁၈ဝ အထက်တံတား ၇၂ ခု၊ ပေ ၅ဝ နှင့် ပေ ၁၈ဝ အောက်တံတား ၂ဝ၂ ခု၊ ပေ ၅ဝ အောက်တံတား ၁၆၄ ခုတို့ ထည့်သွင်း တည်ဆောက် ထားသည်။ လမ်းမကြီး တစ်လျှောက် မြို့များနှင့်  ဆက်သွယ် ဖောက်လုပ် ထားသော လမ်းပေါင်း ၂၆ လမ်းမှတစ်ဆင့် လမ်းမကြီး ပေါ်သို့ ဝင်ရောက် သွားလာ နိုင်ကြသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန သည် ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး အဆင့်မြှင့် တင်ရန် နည်းပညာ အကူအညီ တောင်းခံခဲ့ရာ ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့မှ Nippon Hiway ကုမ္ပဏီက လာရောက် တိုင်းတာ လေ့လာခဲ့ရာ ရန်ကုန်မှ မန္တလေးအထိ ၃၆၆ မိုင် ၃ ဖာလုံ အကွာအဝေးတွင် ၇၅ ရာခိုင်နှုန်း မှာ တည်ဆောက်မှု ပုံစံ ကောင်းမွန်ကြောင်း၊ လမ်းပိုင်း ၆ ရာခိုင်နှုန်းကို အမြန်ပြုပြင် ပေးရန် လိုအပ်ပြီး ၁၉ ရာခိုင်နှုန်းကို ထိန်းသိမ်း ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း အစီရင်ခံစာ တင်သွင်း ခဲ့သည်။

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးကို အသုံးပြု သွားလာ နေသော မော်တော်ယာဉ် များသည် တစ်နေ့ပျမ်းမျှ ယာဉ်စီးရေ ၁၂၅ဝဝ ခန့် ဖြတ်သန်း သွားလာ နေကြရာ ယာဉ် သွားလာမှု များပြားသည် နှင့်အမျှ ယာဉ် မတော်တဆမှု များလည်း ဖြစ်ပွားလျက် ရှိသည်။ ယာဉ် မတော်တဆမှု များ ဖြစ်ပွားရသည့် အကြောင်းအရင်း များမှာ ယာဉ်မောင်း သူ၏ ပေါ့ဆမှုနှင့် ယာဉ်စည်းကမ်း မလိုက်နာမှု၊ မော်တော်ယာဉ် များ၏ ကြံ့ခိုင်မှု အားနည်းချက်၊ လမ်း၏ ချွတ်ယွင်းမှု နှင့် ရာသီဥတု အခြေအနေ တို့ကြောင့် ဖြစ်ပွားရာတွင် ရာခိုင်နှုန်း ၆ဝ ကျော်မှာ ယာဉ်မောင်းသူ တို့ကြောင့် ဖြစ်ရပြီး ၃ဝ ရာခိုင်နှုန်း ကျော်မှာ ယာဉ်ကြံ့ခိုင်မှု ချွတ်ယွင်းချက် ကြောင့် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး တွင် ခရီးသွား ပြည်သူများ လုံခြုံချောမွေ့ စိတ်ချမ်းသာစွာ သွားလာ နိုင်ရေး အတွက် အမြန် လမ်းမကြီး ရဲတပ်ဖွဲ့စခန်း ၁၅ ခု တည်ဆောက် စောင့်ရှောက်လျက် ရှိသကဲ့သို့ လမ်းနှင့် တံတားဌာန ကလည်း တည်ဆောက်ပြီး လုပ်ငန်းများကို အဆင့် မြှင့်တင် ပြုပြင် နေစဉ်မှာပင် ရှစ်လမ်းသွား လမ်းမကြီး အဖြစ် တိုးချဲ့ တည်ဆောက်ရန် စတင် ဆောင်ရွက် နေပြီဖြစ်ရာ ယာဉ်မောင်း သူများက သတ်မှတ်မိုင်နှုန်း အတိုင်း မောင်းနှင်၍ ယာဉ်ကြံ့ခိုင်ရေး အတွက် ယာဉ်ပိုင်ရှင် များက မျက်ခြည်မပြတ် ကြည့်ရှု ပြင်ဆင်ကြရန် လိုအပ် သကဲ့သို့ လမ်းမကြီး တစ်လျှောက် နေထိုင်ကြသော ပြည်သူများ ကလည်း ယာဉ် အန္တရာယ် ကင်းရှင်းရေး ဝိုင်းဝန်း စောင့်ထိန်း ကူညီ ပေးကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၃-၅-၂၀၁၄) သောကြာနေ့



Download Links

Thursday, May 22, 2014

တစ်ပိုင်တစ်နိုင် အလုပ်ဖြင့် ဘ၀ကို စိန်ခေါ်ပါ


တစ်ပိုင်တစ်နိုင် အလုပ်ဖြင့် ဘ၀ကို စိန်ခေါ်ပါ

ရွှေရည်ဦး (မြစ်သား)

ယနေ့ခေတ် လူငယ်အချို့ ကြိုးစား ကြသည်ကို မြင်ရသဖြင့် အားတက်မိ ပါသည်။ ထိုကဲ့သို့သော လူငယ်လေး များကို လူကြီးများက ဝိုင်းဝန်း ကူညီပံ့ပိုး မြှင့်တင်ပေးမည် ဆိုလျှင် အနာဂတ် မျိုးဆက် စီးပွားရေး အတွက် စိတ်ချရမည်။

လူငယ်အချို့မှာ အတန်းပညာ ပြီးသွားသည့် နောက် အတတ် ပညာများ ထပ်မံဆည်းပူး လေ့လာ နေကြရသည်။ လုပ်ငန်းခွင် တစ်ခုကို ဝင်လိုလျှင် အခြေခံ အနေဖြင့် အင်္ဂလိပ်စာ ရေး၊ဖတ် ပြောတတ် ရမည်။ တရုတ်စာ၊ တရုတ်စကား တတ်ရမည်။ ကွန်ပျူတာ အခြေခံ ရှိရမည်။ အနိမ့်ဆုံး LCCI အခြေခံ အောင်လက်မှတ်လေး တစ်စောင်တော့ ရှိရမည်။ အခြေခံ စက်မှုလက်မှု သင်တန်း တစ်ခုခုမှ အောင်လက်မှတ် တစ်စောင်လောက် ရှိရမည်။ ထို့ကြောင့် အစရှိသည့် သင်တန်းပေါင်းစုံ ကို တက်ရောက် သင်ကြား နေကြ ရသည်။ ထို အခြေခံတွေမှ မရှိလျှင် လုပ်ငန်းရှင် များကလည်း (ကိုယ်သာ မတတ်ချင်နေ) မရွေးချယ် ကြပါ။

သည်လိုနှင့်ပဲ အင်ဂျင်နီယာ များက ပွဲစားဖြစ်၊ ဆရာဝန်များ က ဈေးရောင်း၊ ကွန်ပျူတာနှင့် နည်းပညာ ကျောင်းဆင်း တွေက ဘဏ်၊ ပွဲရုံတို့တွင် ဝင်ရောက် အလုပ်လုပ် ကြရသည်။ (တစ်လောက ရတနာပုံသတင်းစာ မှာ ဖတ်လိုက် ရသည်။ နေ့စားလပေး ကျောင်းဆရာ အလုပ်ကို ပါရဂူ ဘွဲ့ရ တစ်ဦး လျှောက်ထား ဆိုသည့်သတင်း) ထို့ကြောင့် အချို့လူငယ် များ စားဝတ်နေရေး အဆင်ပြေ သွားကြ သော်လည်း အချို့ ကမောက်ကမ ဖြစ်နေ ကြသည်။ ဘွဲ့ရရုံနှင့် အထွေထွေ လုပ်သားတောင် မသေချာ သလောက် ဖြစ်သည်။ ထိုအခြေအနေ များကြောင့် လူငယ်အချို့ ဂိမ်းဆိုင်ရောက်၊ လက်ဖက်ရည်ဆိုင် မှာ အချိန်ဖြုန်း ကျူခုံ၊ လက်တောက်ခုံ၊ လောင်းကစား အစုံ လောကထဲ ရောက်သွား ကြရသည်ကို နေ့စဉ်နှင့် အမျှ ဝမ်းနည်းဖွယ် တွေ့မြင် နေရသည်။ ဘဝကို အရှုံးပေး သူများ ကျဆုံးဖို့ရာ အလွန်လွယ်ကူ ပါသည်။ သို့သော် ဘဝကို အရှုံးမပေး လိုသူများ အတွက်တော့ အစပိုင်းမှာ တင်ပြခဲ့သလို ကြိုးစား၊ ကြံစည်၊ တီထွင်လို့ အောင်မြင် သွားသည့် လုပ်ငန်းရှင် များကိုလည်း တွေ့မြင် နိုင်သည်။

ကျွန်မ တွေ့ခဲ့သော လူငယ်လေး တစ်ဦးအကြောင်း ပြောပါရစေ။ ထိုကလေးမှာ ဘဝပေး အခြေနေအရ ရိုးရိုးသားသား ကြိုးစားရင်း မိတ္တူဆိုင်လေး တစ်ဆိုင် ထောင်ခဲ့သည်။ ထို့နောက် စာရိုက် စာကူးပါ တွဲလုပ်သည်။ အမြင်ကျယ် လာတော့ ဒီဇိုင်း၊ တံဆိပ်ရိုက်၊ ဖိတ်စာ၊ ယပ်တောင် အဆုံး လုပ်ငန်းကြီး အဖြစ် အောင်မြင် လာသည်ကို တွေ့မြင် ခဲ့ဖူးသည်။ အချို့ လူငယ်များ ဆိုလျှင် ကွန်ပျူတာ ဆက်စပ်လုပ်ငန်း တစ်ခုဖြစ်သော ကွန်ပျူတာ ဆင့်ပွား သင်တန်းများ ဖွင့်လှစ် သင်ကြားရင်း အောင်မြင် လာသောအခါ မတတ်နိုင်သည့် လူငယ်များကိုပါ ကုသိုလ်ဖြစ် သင်ကြား ပေးနေသည် ကိုလည်း တွေ့မြင် ရသဖြင့် မုဒိတာပွား ရပါသည်။

အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဟူသည့်အတိုင်း ရိုးရိုးသားသား မရှက် မကြောက် အလုပ်ကြိုးစား ကြမည်ဆိုလျှင် အလုပ်မရှားပါ။ တချို့ဖိတ်စာ လုပ်ငန်းများကို တမူ ဆန်းသစ်အောင် တီထွင်နေတာ တွေ့ခဲ့ ရပါသည်။ ဖိတ်စာပေါ်မှာ ပန်းဒီဇိုင်း ရေးဆွဲပြီး ပန်းပေါ်မှာ ပုလဲ၊ ကျောက်၊ ဖန်ချောင်း ရောင်စုံလေးများ နဲ့ အလှဆင် နေသည်ကို မြင်ခဲ့ရသည်။ ရိုးရိုး ဖိတ်စာအတိုင်း ဆိုလျှင် တစ်စောင်ကို ငွေကျပ် ၁၅ဝ နှုန်းယူပြီး ကျောက်နှင့် ပုလဲ ဒီဇိုင်းဆန်းရင် ဆန်းသလို ငွေကျပ် ၂ဝဝ မှ ၂၅ဝ အထိ ရသည်ဟု သိရသည်။ တချို့ဆို LED မီးသီးလေး တွေကို ဒီဇိုင်း အမျိုးမျိုးနဲ့ တီထွင်ပြီး မီးအိမ် မီးချောင်း အဖြစ်ဆင်ကာ လက်လီဆိုင် များမှာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ဖြန့်ရာက အလုပ်ဖြစ် နေသည် ကိုလည်း တွေ့နေ ရသည်။ ထိုလူငယ်လေးကို မေးကြည့်ရာ''ကျွန်တော်က ရူပဗေဒနဲ့ ကျောင်းပြီး တာပါ။ အစကတော့ ကျွန်တော်တို့ မိသားစုလေး နဲ့ပဲ ဒီအလုပ်ကို လုပ်တာပါ။ အခုဆို လုပ်သား ငါးယောက် ထပ်ခေါ်ပြီး လုပ်နေတယ်။ ဒါတောင် နိုင်အောင် မဖြန့်နိုင် သေးဘူး။ အချို့ လုပ်သား တွေက ဒီနေ့စားစရာ ပြည့်စုံသွားရင် မနက်ဖြန် အတွက် မပူတော့ဘူး ... '' ဟု ၄င်းက ပြောပြခဲ့သည်။ ဤစကားအရ လုပ်သား ရှားပါး ပြဿနာ ရင်းမြစ် တစ်ခုကို သိရှိ နိုင်သည်။

အခြေခံ လူတန်းစားတွေ အတွက် လိုအပ်တဲ့ေ ဈးကွက်ဝင် ပစ္စည်းများ ရှိပါသည်။ လိုလျှင် ကြံဆက၊ နည်းလမ်းရ ပါမည်။ အချိန်သည် အလွန် တန်ဖိုးရှိသည်။ သူများခန့်မည့် အလုပ်ကို ထိုင်စောင့် နေမည့်အစား ရိုးရိုးသားသား ကြိုးစားပြီး အခြေခံ အလုပ်များမှ စတင် လုပ်သင့် ပါသည်။ ဖြတ်လမ်း နည်းဖြင့် ငွေမရှာသင့်ပါ။ အလွန် အန္တရာယ်များပြီး နောက်ဆုံး ဘဝပါ ဆုံးပါး သွားနိုင်သည်။ ကြိုးစားပြီး အောင်မြင်သွား သူများကို အတုယူ သင့်သည်။ လက်တွေ့ လုပ်ကြည့်ပါက အလုပ်က သင်သွား သည်ကို တဖြည်းဖြည်း သဘောပေါက် လာမည်။ အလုပ် လုပ်စမှာ အခက်အခဲ အမျိုးမျိုး ကိုတော့ သေချာပေါက် ရင်ဆိုင်ရမှာ မလွဲပါ။ လဲရာမှ ပြန်ပြန်ထပြီး ဇွဲရှိရှိနှင့် ကြိုးစားပါက ဘဝကို စိန်ခေါ်နိုင်မည့် လူငယ်များ ဖြစ်လာကြမှာ မြေကြီး လက်ခတ် မလွဲပါ။ 

ယနေ့ မြန်မာလူငယ် များသည် သူများနိုင်ငံက မလုပ်နိုင်သော အလုပ်များကို အောင်မြင်စွာ လုပ်ကိုင် နိုင်ကြသည်ကို မီဒီယာ အသီးသီး မှ ထုတ်ဖော် ပြသဖြင့် သိမြင်ဖတ်ရှု ရသည်။ ထို့ကြောင့် အလုပ်အပေါ် တန်ဖိုးထား စေတနာ ထားပြီး ရိုးသားစွာ ကြိုးစား ချင်ကြသည့် လူငယ်များကို အရင်းနှီးများ အတိုးမဲ့ (သို့) အတိုး နည်းနည်းဖြင့် နိုင်ငံတော် မှ ကူညီပံ့ပိုး ပေးမည် ဆိုပါက ''ဆင်းရဲမှု လျှော့ချရေး'' လုပ်ငန်း တစ်ရပ်ကို တစ်ဖက် တစ်လမ်းမှ အကောင် အထည်ဖော်ရာ ရောက်မည်ဟု ယူဆ ပါသည်။ 

နိဂုံးအနေဖြင့် ယနေ့ လူငယ်များ အနေဖြင့် မိဘနှင့် နိုင်ငံတော် ၏ အားကိုး အားထား ပြုရသော သားကောင်း သမီးကောင်းများ၊ ဘဝကို စိန်ခေါ် နိုင်ကြသူများ ဖြစ်အောင် ကြိုးစား ကြပါဟု အားပေး တိုက်တွန်းရင်း မေတ္တာဖြင့် ဆန္ဒပြုလျက် ရေးသား လိုက်ရ ပါသည်။ 

#Themyawadydaily

ဇီဝမျိုးစုံမျိုးကွဲများ မပျောက်မပျက်ဖို့ ၀ိုင်းဝန်း ထိန်းသိမ်းစို့




ဇီဝမျိုးစုံမျိုးကွဲများ မပျောက်မပျက်ဖို့ ၀ိုင်းဝန်း ထိန်းသိမ်းစို့

တက္ကသိုလ် ပွင့်သူအောင်

နှစ်စဉ် မေ ၂၂ ရက် ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် '' အပြည်ပြည် ဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲနေ့ '' International Day for Biological Deversity 2014 အခမ်းအနား များကို စည်ကား သိုက်မြိုက်စွာ အလေးထား ကျင်းပကြသည်။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးသည် ကမ္ဘာပေါ် တွင် မျိုးသုဉ်းရန် အန္တရာယ် ရှိနေသည့် ဇီဝ မျိုးစုံမျိုးကွဲများ ဖြစ်ကြသော နို့တိုက် သတ္တဝါများ၊ ငှက်များ၊ တွားသွား သတ္တဝါများ၊ ကျောရိုးမဲ့ သတ္တဝါများ နှင့် အပင်များ မပျောက်ကွယ် စေရန်အလို့ငှာ အပြည်ပြည် ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့ ကို ကမ္ဘာ့ အထိမ်းအမှတ်နေ့ တစ်ခုအဖြစ် ထည့်သွင်း သတ်မှတ် ပေးခဲ့သည်။ ဇီဝ မျိုးစုံမျိုးကွဲနေ့ ဆိုသည်မှာ အပင်နှင့် တိရစ္ဆာန် မျိုးရင်း မျိုးစိတ်များ၊ ဇီဝ မျိုးရိုး အရင်းအမြစ်များ၊ ယင်းတို့ အချင်းချင်း အပြန်အလှန် ဆက်စပ်မှု များပင် ဖြစ်ကြပြီး ကမ္ဘာပေါ်ရှိ အပင်နှင့် သတ္တဝါ အားလုံး ပါဝင်သည့် သက်ရှိအားလုံး ( All Life on Earth ) ပင်ဖြစ်သည်။

ယခုအခါ ကမ္ဘာ့ လူဦးရေမှာ သန်းပေါင်း ၇ဝဝဝ ကျော်ခဲ့ပြီ ဖြစ်ရာ ကမ္ဘာကြီးနှင့် သဘာဝ ပတ်ဝန်းကျင်တို့ ရေရှည် တည်တံ့ ခိုင်မြဲရေး၊ လူသားများ အပါအဝင် သက်ရှိ သတ္တဝါများ အားလုံး ဘဝရှင်သန် ရပ်တည်ရေး တို့အတွက် ဇီဝ မျိုးစုံမျိုးကွဲ များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ ဇီဝ မျိုးစုံမျိုးကွဲ များသည် လူသားများ အသက်ရှင် နေထိုင်ရေး အတွက် အစားအစာ၊ ရေချို ရေကောင်းရေသန့်၊ သစ်နှင့် သစ်တောထွက် ပစ္စည်း၊ ရေသယံဇာတ ပစ္စည်း စသည်တို့ကို တိုက်ရိုက် ထောက်ပံ့ ပေးသည်။

ကမ္ဘာ့ ရာသီဥတု ပြုပြင် ပြောင်းလဲမှု များကြောင့် သဘာဝ ပတ်ဝန်းကျင် သည်လည်း ကမ္ဘာတစ်ဝန်း ၌ ပျက်ယွင်း မှုများ ဖြစ်ပေါ်လျက် ရှိသည်။ ကမ္ဘာ့ အပူချိန် မြင့်တက် လာမှုမှာ နှစ်ပေါင်း ၃ဝ အတွင်း ၃ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက် လာခဲ့၍ ကမ္ဘာ့ ဝင်ရိုးစွန်း ဒေသများရှိ ရေခဲပြင်များ အရည်ပျော်မှု လျင်မြန် လာခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ပင်လယ် နှင့် သမုဒ္ဒရာကြီးများ ရှိ ရေမျက်နှာပြင် မှာ နှစ်စဉ် ၂ မီလီမီတာခန့် မြင့်တက် နေပြီ ဖြစ်သည်။ အဏ္ဏဝါ သုတေသန ပညာရှင်များက ပင်လယ် ရေမျက်နှာပြင် မြင့်တက်နှုန်းသည် လာမည့် ဆယ်စုနှစ် ကာလအတွင်း အနည်းဆုံး ၃ မီလီမီတာ အထိ မြင့်တက်နိုင်ပြီး ပင်လယ် သမုဒ္ဒရာ ရေပြင်များ၏ အပူချိန် မှာလည်း မြင့်တက် လာမည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ပင်လယ် သမုဒ္ဒရာ မျက်နှာပြင် မြင့်တက် လာမှုကြောင့် သမုဒ္ဒရာကြီးများ အတွင်း တည်ရှိနေသော ကျွန်းနိုင်ငံငယ် လေးများ အတွက် အကာအကွယ်မဲ့ နေပြီ ဖြစ်ကြောင်း ဆိုထားသည်။ အထူးသဖြင့် ကမ္ဘာ့ ပင်လယ် ကမ်းရိုးတန်း ဒေသများတွင် ပင်လယ် မျက်နှာပြင် မြင့်တက် လာမှုကြောင့် ရေနေ သတ္တဝါများ အသက်ရှင် နေထိုင် နိုင်သော အပူချိန်ထက် မြင့်မားခဲ့၍ ၂ဝ၁ဝ ပြည့်နှစ်က အဏ္ဏဝါဇီဝ မျိုးစုံ မျိုးစိတ်ပေါင်း ၁၃၇ စိတ် မျိုးသုဉ်း ပျောက်ကွယ် ခဲ့ကြောင်း တရုတ်နိုင်ငံ အဏ္ဏဝါဗေဒ အုပ်ချုပ်ရေး အဖွဲ့၏ ၂ဝ၁၁ ခုနှစ် ဧပြီ ၂ဝ ရက်တွင် ထုတ်ပြန် ခဲ့သော စာတမ်း၌ ဖော်ပြခဲ့သည်။

ထို့အတူ " ကမ္ဘာ့ တောရိုင်း တိရစ္ဆာန် နှင့် သဘာဝ အပင်များ ရန်ပုံငွေ အဖွဲ့ " ( World Wildlife Fun - WWF ) က ၂၀၁၂ ခုနှစ် မေလတွင် ထုတ်ပြန် ခဲ့သော " သက်ရှိ ဂြိုဟ်ကမ္ဘာ အစီရင်ခံစာ ( Living Planet Report ) " ၌ တိုးပွားလာသော လူဦးရေ အတွက် သဘာဝ အရင်းအမြစ်များကို အစဉ်အမြဲ ပိုမို လိုအပ် နေခြင်းသည် ကျွန်ုပ်တို့ ကမ္ဘာတွင် ရှိနေသော ဇီဝ မျိုးစုံမျိုးကွဲ များအား အလွန် ထိခိုက်လျက် ရှိပြီး ကျွန်ုပ်တို့ အနာဂတ်၏ လုံခြုံရေး ၊ ကျန်းမာရေး နှင့် ရှင်သန် ရပ်တည်မှု များကို ခြိမ်းခြောက်လျက် ရှိနေကြောင်း ဖော်ပြ ခဲ့သည်။ ယင်း ကမ္ဘာ့တောရိုင်း တိရစ္ဆာန် နှင့် သဘာဝအပင်များ ရန်ပုံငွေအဖွဲ့ (WWF) သည် လန်ဒန် သတ္တဗေဒ အသင်း ( Zoological Society of London ) နှင့် ကမ္ဘာလုံးဆိုင်ရာ ခြေရာ ကွန်ရက်အဖွဲ့ ( Global Foot-print Network ) တို့နှင့် ပူးပေါင်း၍ ကမ္ဘာဂြိဟ်အပေါ် လူသားများ၏ ရောက်မှုများကို သတ်မှတ် နိုင်ရန်နှင့် ဆုံးရှုံးလျက် ရှိသည့် ဇီဝ မျိုးစုံမျိုးကွဲ တို့ကို အချိန်မီ စောင့်ရှောက် နိုင်သော နည်းလမ်းများကို ထုတ်ဖော် နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များ ရန်ပုံငွေအဖွဲ့ ( WWF ) ၏ ထုတ်ပြန်ခဲ့သော အစီရင်ခံစာ ( Linving Planet Report ) တွင် ကမ္ဘာ၏ ဂေဟစနစ် များသည် ၁၉၇၀ ပြည့်နှစ်ကပင် ၃၀ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ၊ အထူးသဖြင့် အပူပိုင်း ဒေသများ၌ နှစ်ပေါင်း ၄၀ ကာလအတွင်း ၆၀ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ကြောင်း၊ ကမ္ဘာ၏ ဂေဟခြေရာများ အရ သဘာဝ အရင်းအမြစ် များကို ထုတ်ယူ သုံးစွဲမှု များပြား ခဲ့ခြင်းကြောင့် သဘာဝ အရင်းအမြစ် များကို စဉ်ဆက် မရနိုင်တော့ကြောင်း ဆက်လက် ဖော်ပြ ထားသည်။ ယင်း အစီရင်ခံစာ ကို  " ဂေဟခြေရာ " မြစ်များကို စဉ်ဆက် မရနိုင် တော့ကြောင်း ဆက်လက် ဖော်ပြ ထားသည်။ ယင်း အစီရင်ခံစာပါ''ဂေဟခြေရာ'' ဆိုသည်မှာ ဇီဝ မျိုးစုံမျိုးကွဲ များ၏ ဂေဟစနစ်များ လေ့လာခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဂေဟခြေရာ ဆိုသည်မှာ ဇီဝ မျိုးစုံမျိုးကွဲ များ၏ ပေါက်ဖွားမှု၊ ရှင်သန် ကြီးထွားမှု၊ သေဆုံးမှု၊ နေရာဒေသ ပြောင်းရွှေ့ နေထိုင်မှု၊ မျိုးသုဉ်း ပျောက်ကွယ်မှု စသော ဖြစ်စဉ်များကို လေ့လာခြင်းပင် ဖြစ်သည်။ ဇီဝမျိုးစုံ မျိုးကွဲများကို လေ့လာခြင်း အားဖြင့် ဂေဟစနစ် များ၏ ကောင်းမွန်သော အခြေအနေများကို သိရှိနိုင်သည်။ အထူးသဖြင့် ဇီဝ မျိုးစုံမျိုးကွဲ များသည် ရေ အရင်းအမြစ်၊ သစ်သား၊ စက္ကူ၊ အမျှင် ( Fiber ) နှင့် အစားအစာ စသော အရင်းအမြစ် များ၏ လုံခြုံစိတ်ချမှု များ၌ အလွန် အရေးပါ လှသည်။ ထို့ကြောင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ဇီဝ မျိုးစုံမျိုးကွဲ များ၏ အရေးပါမှုကို မီးမောင်း ထိုးပြသော အားဖြင့် ယခုဆယ်စုနှစ် (၂ဝ၁၁ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်) ကို " United Nations Decade on Biodiversity " ဟု သတ်မှတ်ခဲ့သည်။ 

ယနေ့ မျက်မှောက် ကာလ၌ ကမ္ဘာ့ အပူချိန် မြင့်တက် လာခဲ့မှုကြောင့် ကမ္ဘာ့ ဝင်ရိုးစွန်း၌ တည်ရှိ နေသည့် ရေခဲများ အရည်ပျော်၍ ပင်လယ် သမုဒ္ဒရာ ရေမျက်နှာပြင် များ မြင့်တက် ခဲ့သည်။ ထို့အတူ ပင်လယ် သမုဒ္ဒရာ ရေများ ပူနွေး လာသောကြောင့် ပင်လယ်ရေ ထဲရှိ အောက်ဆီဂျင် ဓာတ်ငွေ့များ လျော့နည်း လာသဖြင့် ရေနေ သတ္တ၀ါများ သေဆုံးခဲ့သည်။ ကိုလံဘီယာ ၊ ပီရူး ၊ အမေရိကန် ပြည်ထောင်စု ၊ သြစတြေးလျ နိုင်ငံတို့တွင် ငါးများ အစုလိုက် အပြုံလိုက် ကမ်းခြေများ၌ သေဆုံး ကြသည်။ အဏ္ဏ၀ါ ဇီဝမျိုးစုံများ၌ ပါဝင်သော ဝေလငါး၊ လင်းပိုင်နှင့် အခြားငါးမျိုးစိတ်ပေါင်းများစွာတို့သည် နေ့စဉ် အကောင်ရေ သန်းချီ သေဆုံးလျက် ရှိသည်။ ယင်းကဲ့သို့ အဏ္ဏါ ဇီဝမျိုးစုံမျိုးကွဲ များ သေဆုံး ပျောက်ကွယ် လာသည်နှင့် အမျှ ၄င်းတို့အပေါ် အမှီပြု ရသော စားသောက်ကုန် လုပ်ငန်းများစွာ တို့မှာ အမေရိကန် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ဆုံးရှုံး ခဲ့သည်။ ကမ္ဘာ့ ပြည်သူများသည် ကမ္ဘာ့ စားနပ် ရိက္ခာ၏ ၅၀ ရာခိုင်နှုန်း ကျော်ကို ပင်လယ် သမုဒ္ဒရာ များက ရရှိခဲ့ကြရာ အဏ္ဏဝါဇီဝ မျိုးစုံမျိုးကွဲများ ပျောက်ကွယ် မပျက်စီးရန် ဝိုင်းဝန်း ထိန်းသိမ်းရေး လုပ်ငန်းများ ပိုမို ဆောင်ရွက် ရမည် ဖြစ်သည်။ ထို့အပြင် အပူပိုင်းဒေသ များရှိ ရေချို ဂေဟစနစ်များ ဆုံးရှုံးမှုမှာ ၇ဝ ရာခိုင်နှုန်း မြင့်မား နေမှုကြောင့် ကျားကောင်ရေ မှာလည်း ၇ဝ ရာခိုင်နှုန်းခန့် ကျဆင်း ခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ ယန်ဇီမြစ်မှ ရေချိုလင်းပိုင် များသည် မကြာမီနှစ်များ အတွင်း မျိုးသုဉ်း ပျောက်ကွယ် နိုင်ကြောင်း သိရသည်။

ရေတိမ် ဒေသများ ( Wetlands ) သည် ကမ္ဘာတွင် ထုတ်လုပ်မှု အားကောင်းသော သဘာဝ ဝန်းကျင်များ ဖြစ်ရာ၊ ယင်းတို့သည် ဇီဝ မျိုးစုံမျိုးကွဲများ ပေါက်ဖွားရာ၊ ရေရရှိရာ နှင့် ယင်းတို့ကြောင့် အသက်ရှင် နေကြသော မရေတွက် နိုင်သည့် အပင်နှင့် သတ္တဝါ မျိုးစိတ်များ ဖြစ်ထွန်းရာ နေရာများပင် ဖြစ်သည်။ မြန်မာနိုင်ငံ သည် ရမ်ဆာ ရေတိမ် ဒေသများ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင် နိုင်ငံအဖြစ် ၂ဝဝ၅ ခုနှစ် မတ် ၁၇ ရက်က လက်မှတ် ရေးထိုး ခဲ့သည်။ ယင်း ကွန်ဗင်းရှင်း ၏ မူလ ရည်ရွယ်ချက် မှာ ရေဝေရေလဲ များ၏ မူရင်းဒေသ ဖြစ်သော ရေတိမ်ဒေသ များကို ရေရှည် ထိန်းသိမ်းရန် နှင့် အသုံးချရန် ပင် ဖြစ်သည်။

ထို့ကြောင့် ရေတိမ်ဒေသ များကို ဇီဝ မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန် အရေးကြီးသည့် ဂေဟစနစ် များအဖြစ် စုစုစည်းစည်း ကာကွယ်မှု ပေးရန် အဆိုပါ ကွန်ဗင်းရှင်းက သတ်မှတ် ပေးခဲ့သည်။ ရေတိမ် ဒေသ ဆိုသည်မှာ သဘာဝ ပတ်ဝန်းကျင် နှင့် ဆက်စပ် နေသော အပင်နှင့် သတ္တဝါတို့၏ ဘဝများကို ထိန်းသိမ်းရာ၌ အဓိက အချက်အချာ ကျသော ရေဧရိယာပင် ဖြစ်သည်။

ထို့အပြင် ဇီဝ မျိုးစုံမျိုးကွဲ များသည်ပင်လျှင် သဘာဝတွင် တည်ရှိနေသာ အပင်များ၊ တောရိုင်း တိရစ္ဆာန်များ၊ သေးငယ်သော အဏုဇီဝများ နှင့် သက်ရှိများ ပါဝင်နေသည့် ဂေဟဗေဒ ဖွဲ့စည်းမှု စနစ်များ ဖြစ်သည့် အလျောက် ၁၉၉၂ ခုနှစ်တွင် စာချုပ် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံတို့သည် ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး သဘောတူ စာချုပ် ( Convention on Biodiversity - CBD ) ကို ချုပ်ဆိုခဲ့သည်။ ယင်း အဖွဲ့ချုပ်မှာ ကနေဒါနိုင်ငံ မွန်ထရီယယ် မြို့တွင် တည်ရှိသည်။ ယင်း ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး သဘောတူ စာချုပ်၏ အဓိက ရည်ရွယ်ချက် သုံးခုမှာ - ဇီဝမျိုးစုံမျိုးကွဲများ မပျောက်မပျက် စေရန်အတွက် ထိန်းသိမ်း ကာကွယ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ များ၏ အကျိုးေ ကျးဇူးများစွာ တို့ကို စဉ်ဆက်မပြတ် အသုံးပြု သွားနိုင်ရေး နှင့် ဇီဝ မျိုးစုံမျိုးကွဲများ မျိုးရိုး ထိန်းသိမ်းခြင်း မှရရှိလာ သည့် အကျိုး ကျေးဇူးများစွာ တို့ကို တူညီမျှတစွာ ခွဲဝေ သုံးစွဲနိုင်ရေး တို့ပင် ဖြစ်သည်။

ထို့ကြောင့် လူသတ္တဝါ တို့၏ အသက်ရှင် ရပ်တည်မှုကို အကျိုးပြု နေသော ဇီဝမျိုးစုံမျိုးကွဲများ မပျောက်မပျက် စေရန် ဂေဟစနစ် ပြန်လည် ထူထောင်ခြင်း၊ ဒီရေတော နှင့် ရေတိမ်ဒေသများ ထိန်းသိမ်းခြင်း တို့ကို ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြ ပါရန် တိုက်တွန်း ရေးသား အပ်ပါသည်။ ။

#Themyawadydaily

အာဆီယံလုပ်ငန်းရှင်ဆု အတွက် စာရင်းပေးသည့် မြန်မာကုမ္ပဏီ ၇ ခုအထိရှိ



ရန်ကုန် ၊ ၂၂-၅-၂၀၁၄

မင်းသော်တာလွင်

အာဆီယံနိုင်ငံတိုင်းရှိ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ ပါဝင် ယှဉ်ပြိုင် နိုင်မည့် ASEAN Business & Investment Summit and Asean Business Awards 2014 ကို ၀င်ရောက် ယှဉ်ပြိုင်မည့် သူများ အနေဖြင့် နိုင်ငံတိုင်း၌ ဇူလိုင်လ ၃၀ ရက် နောက်ဆုံးထား စာရင်း ပေးသွင်း နိုင်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် ပြိုင်ပွဲ၌ National Champion ဆုတံဆိပ်ကို ပထမဆုံး အကြိမ်အဖြစ် ထည့်သွင်း သွားမည် ဖြစ်ကြောင်း ASEAN Business Advisory Council (ABC) မှ သိရသည်။

ထို့ပြင် စက်တင်ဘာ ၁၅ ရက်တွင် National Champion ဆုကို ရွေးချယ် သွားမည်ဖြစ်ပြီး ASEAN Business Awards ဆုရွေးချယ်ရန် အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်မြို့၌ ဆွေးနွေးပွဲ ကျင်းပ သွားမည် ဖြစ်ကြောင်း လည်း သိရသည်။ 

အဆိုပါ ပြိုင်ပွဲကို ၂၀၀၇ ခုနှစ်မှ စတင်ခဲ့ပြီး ယခုနှစ်မှ စ၍ အာဆီယံ နိုင်ငံတိုင်း National Champion ဆုတံဆိပ် ရရှိမည် ဖြစ်ပြီး ဆုများကို နိုဝင်ဘာ ၁၄ ရက်တွင် ပေးအပ် ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်၌ အာဆီယံ ၇ နိုင်ငံမှ လုပ်ငန်းရှင် ၂၇ ဦးနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၇ ခုတို့လည်း ၀င်ရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးထားကြောင်း ABC အာဆီယံ စီးပွားရေး အကြံပေး ကော်မတီ ထံမှ သိရှိရသည်။ 

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၂-၅-၂၀၁၄) ကြာသပတေးနေ့



Download Links

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၂၀)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၂၀)

(၂၂-၅-၂၀၁၄ ရက် အပတ်စဉ် ကြာသပတေးနေ့ထုတ် )

Download Links

Wednesday, May 21, 2014

မျိုးစေ့လောင်းများ ကို ပြည်သူ့နီတိဖြင့် ပျိုးထောင်ပေး


မျိုးစေ့လောင်းများ ကို ပြည်သူ့နီတိဖြင့် ပျိုးထောင်ပေး

ပြည်သူ့နီတိ ဆိုသည်မှာ ပြည်သူများ လိုက်နာ ကျင့်သုံး အပ်သည့် ကျင့်ဝတ်များ ဖြစ်သည်။ တစ်နည်း ဆိုရပါမူ မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ များနှင့် ကိုက်ညီသည့် မင်္ဂလာ ကျင့်ဝတ်များ ဖြစ်သည်။

လွန်ခဲ့သော နှစ်များစွာက ပြည်သူ့နီတိ ကို ကျောင်း သင်ခန်းစာ ဘာသာရပ် တစ်ခုအဖြစ် ပြဋ္ဌာန်း ခဲ့ဖူးသည်ဟု သိရသည်။ ယနေ့ ကာလတွင် ထိုဘာသာရပ်ကို သင်ကြား ပေးခြင်း မတွေ့ရ တော့ဘဲ ပြင်ပတွင် ယဉ်ကျေးလိမ္မာ သင်တန်းများ၌ သင်ကြား ပေးလာသည်ကို တွေ့ရသည်။

ယနေ့လူငယ် နောင်ဝယ်လူကြီး ဖြစ်ကာ ဝန်းကျင်သစ်ကို လက်ဆင့်ကမ်း တည်ဆောက် ကြရာတွင် ပြည်သူ့နီတိကို သင်ကြား နားလည် သိထား ကြသူတို့၏ ဝန်းကျင်သစ် နှင့် ပြည်သူ့နီတိ ကို နားမလည် ကြသော ဝန်းကျင်သစ်တို့ ကွာခြား ကြသည်ကို တွေ့ရသည်။

ပြည်သူ့နီတိ၏ အနှစ်ချုပ်မှာ လူ့စည်းကမ်း၊ ပတ်ဝန်းကျင် စည်းကမ်း၊ အလုပ်ရှင် စည်းကမ်း၊ ကျောင်း စည်းကမ်း၊ မိသားစု စည်းကမ်း တို့ အပါအဝင် ဂါရဝတရား၊ နိဝါတတရား၊ ကိုယ်ကျင့်တရား၊ မေတ္တာတရား တို့ လွှမ်းခြုံ ထားခြင်း ဖြစ်သည်။

ယနေ့ကာလ ၌ ဖော်ပြပါ စည်းကမ်းချက် များနှင့် ကျင့်သုံးသင့်သည့် တရားများ ခေါင်းပါးလာခြင်း၊ နည်းပါးလာခြင်း တို့ကို တွေ့ကြ ရသည်။ လောကကြီးကို မဆိုထားနှင့် မိသားစု၊ ဆွေမျိုးစုတို့ အတွင်းမှာပင် မေတ္တာ၊ ကရုဏာ ပျက်ယွင်းသည့် အခြေအနေများကို မြင်တွေ့ ကြရသည်။ မေတ္တာတရား ပျက်ယွင်း သောကြောင့် ကိုယ်ချင်းစာ တရား ခေါင်းပါးပြီး အတ္တစိတ်များ တစ်နေ့တခြား ကြီးမားလာကာ အမြင် မတင့်ဖွယ်ရာ တို့ကို မြင်တွေ့ လာကြရသည်။ ဝတ္တရား၊ ကိုယ်ကျင့် တရား၊ ကိုယ်ချင်းစာ တရားများ ပျက်ယွင်း သောကြောင့် မေတ္တာတရားများ ပျောက်ကွယ် လာရခြင်း ဖြစ်သည်။

အခြေခံအားဖြင့် အတိတ်က မျိုးစေ့များတွင် ပြည်သူ့နီတိ ဓာတ်မြေသြဇာ များ မပက်ဖျန်းခဲ့ သောကြောင့် ဖြစ်သည်။ ပြည်သူ့နီတိ ကွယ်ပျောက်၍ မေတ္တာတရား များ ခန်းခြောက် ရသည်။ မေတ္တာ တရားများ ကွယ်ပျောက်၍ အတ္တဒိဋ္ဌိ ကြီးပြီး လူစိတ်ပျောက် လာကြ ရသည်။

ရခဲလှသော လူ့ဘဝ၏ မင်္ဂလာတရား နှင့် မေတ္တာပျိုးခင်း သည် ဒိဋ္ဌိတည်း ဟူသော ပေါင်းမြက်က အမြဲဖုံးအုပ်ရန် ကြိုးပမ်း နေလေရာ စိုက်ပျိုးမြေ ဘယ်လောက် ကောင်းကောင်း၊ မျိုးစေ့ ဘယ်လောက် မှန်မှန် နီတိကျင့်ဝတ် နှင့် မေတ္တာမိုးခေါင် နေသရွေ့ အပင်ရှင်သန် ဖြစ်ထွန်း လာမည် မဟုတ်ချေ။

ယနေ့ လူငယ်များကို ကိုယ်ကျင့်တရား ကောင်းမွန်စေရန် ပြည်သူ့နီတိ ကို မျိုးစေ့ မရှင်သန်ခင် ကတည်းက ညွှန်ပြ ပြောဆိုပေးဖို့၊ လိုက်နာ ကျင့်ကြံ တတ်ဖို့ အနီးကပ် သွန်သင် ပေးနေရမည် ဖြစ်သည်။ ထို့ကြောင့် အမိ အဖ ဆရာသမား များနှင့် လက်ပွန်းတတီး နေထိုင်ကြရမည် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူ့နီတိသည် လူ့ဘဝ ပျိုးခင်း၏ အခြေခံ မြေသြဇာ ကောင်းများဖြစ်၍ အပင် မသန်သေးသည့် မျိုးစေ့လောင်း များကို ပြည်သူ့နီတိ ဖြင့် ပျိုးထောင် ပေးကြရန် တိုက်တွန်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

တေဇရုပ်စုံစာစောင် အတွဲ(၂၆) အမှတ်(၁)



တေဇရုပ်စုံစာစောင် အတွဲ(၂၆) အမှတ်(၁)

( ၂၀၁၄ ခုနှစ် ဇွန်လထုတ် )

Download Links

ခရီးသွားစဉ် ကြုံရဆုံရတတ်သော စိတ်အနှောင့်အယှက် ဖြစ်မှုများ


ခရီးသွားစဉ် ကြုံရဆုံရတတ်သော စိတ်အနှောင့်အယှက် ဖြစ်မှုများ

ကြယ်စင်စိုး (မန္တလေး)

အဝေးပြေး ကားပေါ်ကနေ မြေကြီးပေါ် ခြေချလိုက် တာနဲ့ အသားစိုင် တစ်ခုကို ကျီးကန်းတွေ ဝိုင်းအုံသလိုမျိုး လူတွေ အနားကို ဝိုင်းအုံ လာကြတယ်။ ခေါင်းရမ်းပြလို့ လဲမရ၊ လက်ခါပြလို့ လဲမယုံ၊ လက်ကိုစွဲသူက စွဲနဲ့ ဒီကြားထဲ အဆိုးဆုံး ကတော့ ပါလာတဲ့ ခရီးဆောင် အိတ်ကို အတင်းဆွဲယူကာ ဆိုင်ကယ် နောက်ထိုင်ခုံပေါ် သွားတင် နေလို့ မျက်နှာထား တင်းတင်းနဲ့ မနည်း ပြန်တောင်းယူ လိုက်ရတယ်။

စိတ်ညစ်ရ ပါတယ်။ ဒီလူတွေနဲ့တော့ တစ်လမ်းလုံး စီးလာရတဲ့ ကားကလဲ ကျပ်သပ်ပြီး ဖက်နဲ့ထုပ် ထားသလိုမျိုး စီးလာရ တာမို့ ခြေထောက်တွေ လမ်းမလျှောက် ချင်တော့ လောက်အောင် ပင်ပန်းရတဲ့ အထဲ...။ ဒီလူတွေနဲ့တော့ တော်တော်ပဲ ခက်ပါတယ်လို့ စိတ်ထဲမှာ ညည်းညူရင်း အဲဒီလူတွေ ကြားကနေ အတင်း ရုန်းထွက် လာခဲ့ရတယ်။

ဒီယုန်မြင်လို့ ဒီချုံကို ကြိုထွင်ထား သလိုမျိုး အကြိုစောင့် နေဖို့အတွက် မှာထား ပေမယ့်လဲ ကားအဝင်စော နေတာမို့ ချိန်းထားတဲ့ သူနဲ့ လွဲချော်မှု ဖြစ်ရပြီပေါ့။ နားလည် ပေးနိုင်ပါ တယ်လေ။ အဲ...နားမလည် ပေးနိုင်တာက အစောက ပြောတဲ့လူတွေ။ လူတွေ အားလုံးကို ကြည့်လိုက်ပြန် တော့လဲ အားလုံးက ဇာတ်ကြမ်းကား တစ်ကားထဲက လိုလူ လေးငါးယောက် လောက်က ပစ္စည်းလု၊ အနုကြမ်း စီးမယ့် ပုံမျိုးတွေ။ ဒါမျိုးတွေကို သူတစ်ယောက် တည်းတွေ့ကြုံ ခံစားနေရတာ လားဆို တော့ မဟုတ်ဘူး။ ဒီကားပေါ်မှာ ပါလာကြတဲ့ ခရီးသည်တွေ အားလုံး လိုလိုလဲ ခံစား နေရသလို ခရီးသွားဖူး ကြသူတိုင်းလဲ ဒီအဖြစ်မျိုး တွေကို တွေ့ကြုံ ခံစားဖူးကြ မှာပါ။ သူ့အနေနဲ့ ယောက်ျား ရင့်မာကြီး ပေမို့ တော်ကာ ကျပေတယ်။ မိန်းမသားများ ဆိုရင် မလွယ်ကြောပဲ။ လက်စွဲသူက တစ်မျိုး၊ ခရီးဆောင်အိတ် တွေကို ကိုင်သူက တစ်ဖုံနဲ့ ဣနြေ္ဒ ပျက်စရာ လဲ ကောင်းသလို အရှက်ရ စရာလဲ ကောင်းပါတယ်။

အခုလဲ ကြည့်ဦးလေ။ ကျွီ...ဆိုတဲ့ ကားဘရိတ် အုပ်သံမှ မဆုံးသေး။ လူနှစ်ယောက်က ကားပေါ်ကို ပြေးတက် လာကြပြီး အပေါက်ဝ ကနေ ပိတ်ရပ်ထား ကြတယ်။ သူတို့နောက်ကို ကြည့်လိုက် ပြန်တော့လဲ လူတွေက တသီတတန်းကြီး။

''ဦးလေးကြီး ဘယ်လိုက်ပို့ ရမလဲ။ အရှင်ဘုရား ဘယ်ကြွမလဲ မသိဘူး။ ဟိုဘက်က အဒေါ်ကြီး ဆိုင်ကယ် ရှိတယ်နော်။ ဆိုင်ကယ် သွားမလား အစ်မ ဆိုင်ကယ် ရှိတယ်နော်...'' အစရှိတဲ့ စကားတွေကို ပါးစပ်ကနေ အမြှုပ်တစီစီ ထွက်အောင် ရေရွတ် နေကြတယ်။ ဒါနဲ့တင်လား ဆိုတော့ မဟုတ်သေးဘူး။ မုန့်ဆီကြော် ဘယ်နေမှန်း မသိ၊ နှုတ်ခမ်း အနာနဲ့ တည့်ပါ့ မလားဆိုတဲ့ အပေါက်မျိုး တွေနဲ့ ပြောလိုက်ကြ၊ ဆိုလိုက်ကြ တာများ''ဟေ့ ပထမ ဆင်းလာတဲ့ လူက ငါ့လူနော်။ ဒုတိယ ဘုန်းကြီးက ငါ့အတွက်ဟေ့၊ သုံးယောက်မြောက် က ငါ့ဟာနော်။ေ အးအဲဒီ လူနောက် က အမကြီးက ငါနော်''။ ကြားကြ ပါရဲ့လား။ မသိတဲ့ လူသာဆိုရင် ဒီကားပေါ်က ဆင်းလာတဲ့ လူတွေကပဲ သူတို့အိမ်သူ၊ အိမ်သားတွေ ကျနေတာပဲ။

ခက်တော့ ခက်ပါတယ် ဒီလူတွေနဲ့ တော့။ သူတို့လက်က လွတ်ရင်ပြီးရော ဆိုတဲ့သဘောနဲ့ ခရီးဆောင်အိတ် ကိုကိုင်ပြီး ခြေဦးတည့်ရာ လျှောက်လာ လိုက်တာ၊ သွားနေတဲ့ နေရာက ( မရောက်ဖူးတဲ့ အရပ်ဒေသ ဆိုတော့) တောင်လား၊ မြောက်လား၊ အရှေ့လား၊ အနောက်လား ဆိုတာ မသဲကွဲ။ ချိန်းထားတဲ့သူက ခုချိန်ထိ ရောက်မလားသေး။ ဖုန်းဆက်မယ် လုပ်ပြန်တော့ လိုင်းကမမိ၊ လိုင်းမိ ပြန်တော့လဲ ကိုယ့်စကား သူမကြားနိုင် သလို သူ့စကားကိုလဲ ကိုယ်မသဲကွဲ။

ဟော...ရှေ့မှာ လာပြန်ပြီ။ မုဆိုးက သားကောင်ကို တွေ့တဲ့ မျက်နှာမျိုးနဲ့ အနားကို ချဉ်းကပ် လာပြန်တော့ မထူးတော့ ပါဘူးဆိုပြီး ရောက်တဲ့ နေရာမှာပဲ ငုတ်တုတ် ထိုင်နေလိုက်မိ တော့တယ်။ ပြန်ပြီး အခေါ်အထူး လုပ်နေပြန် လို့လဲ မောရုံ သက်သက်ပေါ့။ ရှေ့ဆက် သွားနေရင်လဲ ဒီလို လူတွေနဲ့ပဲ တွေ့ပြီး စိတ်ကျဉ်းကျပ် နေရဦးမှာ။ ထိုင်နေလိုက် တော့မှပဲ စိတ်သက်သာရာ ရတော့တယ်။ နဖူးပေါ်က စီးကျလာတဲ့ ချွေးစတွေကို လက်ကိုင် ပဝါနဲ့ သုတ်လိုက်ရင်း အတွေးစ တွေက စီးလာတဲ့ အဝေးပြေး ကားပေါ်ဆီ ပြန်ရောက် သွားတယ်။

သူလဲ သူ့ထိုင်ခုံနဲ့သူ၊ ကိုယ်လဲ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်။ အတူတူ ပိုက်ဆံ ပေးစီးရတာချင်း ဖြစ်ပေမယ့်လဲ ခရီးသည် အချင်းချင်း တစ်ဦးနဲ့ တစ်ဦး စိတ် အနှောင့်အယှက် မဖြစ်စေ (မပြုမိ) ဖို့တော့ လိုတာပေါ့။ ပြောမယ့်သာ ပြောရတာပါ။ အမြဲတစေလို ခရီးသွားရင် ကံမကောင်း တတ်ဘူး ဆိုတာကို သတိထား မိကာမှ အမှတ်ရ နေမိတယ်။ ခရီးသွား တဲ့အခါတိုင်း လိုလိုမှာ စိတ်ညစ်စရာ တစ်ခုမဟုတ် တစ်ခုနဲ့တော့ တွေ့ကြုံရတာ ချည်းပဲ။

ကြည့်ပါဦး...။ ဒီလူဘေး ကပ်လျက် ထိုင်ခုံပေါ် ရောက်လာပြီး ကတည်းက အန္တရာယ် ပေးမယ့် သတ္တဝါ တစ်ကောင် အလား ထင်မှတ်ကာ တတ်နိုင်သမျှ ခန္ဓာကိုယ်ကို ကျုံ့ကျုံ့လေး ထိုင်ပြီး နေခဲ့ပေမယ့်လဲ ''ညီလေး ကွမ်းထွေးဖို့ ပါဆယ်အိတ် တစ်လုံးလောက် ပေးပါကွာ'' ဆိုတဲ့ စကား ကြားလိုက် ရတာနဲ့တင် ခါးကြားက လက်ကိုင် ပဝါကို ထုတ်ကာ နှာခေါင်းကို ပိတ်ဖို့ ပြင်ဆင်ထား လိုက်တယ်။

တစ်ယာပြီး တစ်ယာ၊ တစ်ထုပ်ပြီး တစ်ထုပ် ဝါးနေ လိုက်တာများ ဆင်ရဲ့ နှာမောင်းပေါ်ကို ကြံချောင်း တင်ပေးလိုက်တဲ့ အခါ လျှောခနဲ စုတ်ယူ လိုက်သလိုမျိုး၊ မျက်ရိပ်ပြ လို့လဲ မမြင်၊ လက်ဟန် ခြေဟန် ပြလို့လဲမရ၊ စကားပြော လိုက်တဲ့ အချိန်တိုင်း ထွက်ကျလာတဲ့ အစက်အပြောက် တွေက ခန္ဓာကိုယ် ပေါ်က အဝတ်အစားပေါ်မှာ ဟိုတစ်စ ဒီတစ်စ။

ကားဘီး လှိမ့်လိုက်တိုင်းမှာ လှုပ်ချည်တစ်ခါ ရမ်းချည်တစ်လှည့် ဖြစ်သွားတဲ့ ရဲရဲနီကာ ဖောင်းကား ပြည့်လျှံနေတဲ့ ကြွပ်ကြွပ်အိတ် ထုပ်ကြီးကို လက်က ကိုင်ဆောင် ထားတာ မြင်လိုက် ရတော့ မှောက်များ မှောက်ကျ  လိုက်ရင်ဆိုတဲ့ အတွေးက အသိစိတ်ထဲ ရောက်လာကာ ရတက်မအေး သလို ပူမိပြန်တယ်။

''ညီလေးကိုယ့်ကို ဒါလေးကို အပြင် ပစ်လွှတ်ပေး စမ်းပါကွာ'' ကိုင်ဆောင် ထားတဲ့ မသတီစရာ ပါဆယ်ထုပ်ကြီး ကို ကားစပါယ်ယာ ကောင်လေးဆီကို ထိုးပေးရင်း ပြောတော့'' ဟာဗျာ... ခင်ဗျားဘာသာ အပေါက်ဝ ကနေ ပစ်ချလိုက် ပါလား'' ဆိုကာ ကားစပါယ်ယာ ကောင်လေး နောက်ကို တွန့်ဆုတ် သွားတယ်။

ဘယ်လို လူစားမျိုး ပါလိမ့်။ လူတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အသိတရားတွေ ခေါင်းပါး လှချည်လား။ သူမို့လို့ ဒီအထုပ်ကြီးကို တခြား တစ်ယောက်ကို လွှင့်ပစ် ခိုင်းရက်ပေတယ်'' လို့ စိတ်ထဲမှာ တွေးနေ ဆဲမှာပင်...။

''ဝှီး...ဖတ်၊အို...ဘုရားရေ...'' နှုတ်ကနေ မြည်တမ်း ရေရွတ် မိလောက်အောင် အထိ အဲဒီလူရဲ့ လုပ်ရပ်က အောက်တန်း ကျပါတယ်။ ဘေးနားက မှန်တံခါးကို ဆွဲဖွင့်ပြီး မျက်နှာရှေ့ ကနေ လက်ထဲက အထုပ်ကြီးကို လမ်းမပေါ် ပစ်ချ လိုက်တာများ ဆောရီး...ပါဆိုတဲ့ အကြည့် တစ်ချက်သာ ကြည့်ပြီး နေသားတကျ သူ့နေရာသူ ပြန်ထိုင် သွားတယ်။ အောက်က လမ်းသွား လမ်းလာ ခရီးသွားနေတဲ့လူ တစ်စုံတစ်ယောက် ပေါ်ကိုများ ကျသွား လိုက်ရင်ဆိုတဲ့ စိုးရိမ်မှုနဲ့ အတူ ဘယ်တော့များမှ ခရီးသွားတဲ့ အခါ စိတ်ချမ်းသာမှု အပြည့်အဝ ရနိုင်မယ် မသိဘူး ဆိုတာကို အောက်မေ့မိရင်း ဒီခရီးစဉ်လေး အမြန်ပြီး ဆုံးပါစေလို့ပဲ... ဆုတောင်း နေမိ ပါတော့တယ်...။

#Themyawadydaily

မြန်မာ-အီးယူ ပူးတွဲ သတင်းထုတ်ပြန်ချက်


မြန်မာ-အီးယူ ပူးတွဲ သတင်းထုတ်ပြန်ချက်

မြန်မာ - အီးယူ ပထမအကြိမ် လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ၊ နေပြည်တော် ၌ ၂၀၁၄ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ ပါသည်။

လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲသည် လူ့အခွင့်အရေး နယ်ပယ်တွင် မြန်မာနှင့် အီးယူ နှစ်ဖက်အကြား ပိုမို ခိုင်မာသည့် ဆက်ဆံရေး ဖြစ်ပေါ်စေမည့် ကတိကဝတ် ကို ခိုင်မာစေ ပါသည်။ ဤဆွေးနွေးပွဲ သည် ၂ဝ၁၃ ခုနှစ်၊ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် မြန်မာ - အီးယူ လုပ်ငန်း အဖွဲ့အား ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မှု ဖြစ်ပါသည်။ မြန်မာ - အီးယူ လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများ နှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု များကို အကူအညီ ပေးရန်နှင့် နှစ်ဖက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်း စေမည့် အီးယူ၏ ခိုင်မာသော ကတိကဝတ် ကို ဖော်ပြ လိုက်ခြင်းပင် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနှင့် အီးယူတို့ အကြား နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများဖြင့် တူညီသည့် ရပ်တည်ချက် များကို အားပေး အားမြှောက် ပြုခြင်းဖြင့် နှစ်ဖက် နားလည်မှု ပိုမို တိုးတက် လာစေရန်နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေမည့် ကဏ္ဍပေါင်းစုံ ကို အကျယ်တဝင့် ဆွေးနွေးခဲ့ ကြသည်။

မြန်မာနှင့် အီးယူတို့သည် လူ့အခွင့်အရေး မြှင့်တင်ရန်နှင့် ကာကွယ်ရန် တို့အတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် စာချုပ်များသို့ အတည်ပြု ပါဝင်နိုင်ရန် အတွက် အလေ့အကျင့် ကောင်းများ ဖလှယ်သွားရေး မြှင့်တင် ဆောင်ရွက်ရေး၊ စိန်ခေါ်မှုများ ဖော်ထုတ်ရေး၊ နှစ်ဖက် အကျိုးစီးပွား အတွက် ပူးပေါင်း ဆောင်ရွက် သွားနိုင်မည့် နယ်ပယ်များတွင် ဆက်သွယ်မှု များကို တိုးမြှင့်သွားရေး စသည့် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့ ကြပါသည်။ 

ဆွေးနွေးပွဲ အတွင်း နှစ်ဖက်စလုံး၏ လက်ရှိ လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေး သုံးသပ်ခဲ့ကြ ပါသည်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများ ၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ၊ အမုန်းပွားရေး ဆိုင်ရာ ပြောဆို ရေးသားမှု ၊ စီးပွားရေး ၊ လူမှုရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေးများ၊ မြေယာ ပိုင်ဆိုင်ခွင့်၊ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး နှင့် ခွဲခြားမှု မပြုရေး အစရှိသည့် အဓိက အလေးပြုရမည့် လူ့အခွင့်အရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။ ရခိုင်ပြည်နယ် အခြေအနေ ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ ပါသည်။

မြန်မာ - အီးယူ လူ့အခွင့်အရေး ဆွေးနွေးပွဲကို မြန်မာဘက်မှ နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ ဒုတိယ ၀န်ကြီး ဦးသန့်ကျော် နှင့် အီးယူဘက်မှ လူ့ အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် စတာဗ်ရော့ လန်ဘရီနီဒစ် တို့မှ ပူးတွဲ သဘာပတိ အဖြစ် တာဝန်ယူ ဆောင်ရွက် ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ သို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များနှင့် စီးပွားရေး ဦးစီးဌာန မှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး မစ္စတာ ရိုလန် ကိုဘီရာတို့လည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ယခု ဆွေးနွေးပွဲ မတိုင်မီ လူမှု အသိုက်အ၀န်း ဖိုရမ် တစ်ရပ်ကို ရန်ကုန်မြို့၌ မေလ ၁၉ ရက်က ကျင်းပခဲ့ပြီး လူ့အခွင့်အရေး နယ်ပယ်တွင် မြန်မာနှင့် အီးယူတို့၏ အောင်မြင်မှု များနှင့် ကျန်ရှိ နေသေးသည့် စိန်ခေါ်မှု များကို လူမှု အသိုက်အ၀န်း နှင့် လူ့အခွင့်အရေး ကိစ္စ ဆောင်ရွက် နေသူများနှင့် ဆွေးနွေးခဲ့ ကြပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂ဝ၁၄ ခုနှစ်၊ မေလ ၂ဝ ရက်

#Themyawadydaily

သတ္တုများ စုပ်ယူစားသုံးနိုင်သော အပင်မျိုးစိတ်သစ် တစ်မျိုး ရှာဖွေတွေ့ရှိ



မနီလာ ၊ ၂၁-၅-၂၀၁၄

ဖိလစ်ပိုင်နိုင်ငံ ၊ လော့ဘာနော့စ်မြို့ ရှိ တက္ကသိုလ် မှ သိပ္ပံ ပညာရှင်များသည် ဇမ်ဘယ်စ် ပြည်နယ် မြောက်ပိုင်းတွင် သတ္တုများစွာ ကို စုပ်ယူ စားသုံးနိုင်သော အပင်မျိုးစိတ်သစ် တစ်မျိုး (ပုံ) ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ABS- CBN သတင်းဌာန မှ ဖော်ပြချက် အရ သိရသည်။

Rinorea Nicoolifera ဟု အမည်ပေး ထားသော အဆိုပါ အပင်သည် Hypetaccumulator အပင်မျိုးစိတ် ၄၅၀ အနက်မှ တစ်မျိုးဖြစ်ပြီး ၄င်းအပင်မှ အရွက်များသည် နီကယ်လ် တစ်သန်းရှိ အစိတ်အပိုင်း ၁၈၀၀၀ ကို စုပ်ယူ နိုင်ကြောင်း ၄င်းအပင်ကို လေ့လာသော အဖွဲ့မှ စာရေးဆရာ နှင့် သုတေသန အဖွဲ့ခေါင်းဆောင် ပါမောက္ခ အက်ဝီနိုဖာနန်ဒို က ပြောကြား ခဲ့သည်။

အဆိုပါ ထူးခြားသော အပင်အကြောင်းကို Phytokeys ဂျာနယ်တွင် ဖော်ပြထားပြီး အွန်လိုင်းမှလည်း ဖတ်ရှုနိုင်သည်ဟု သိရသည်။

အသစ်ရှာဖွေ တွေ့ရှိထားသော အပင်မျိုးစိတ်သည် မသန့်ရှင်းသော မြေ သို့မဟုတ် သတ္တုမြေ များကို ရှင်းလင်းရာတွင် အကူအညီ ဖြစ်စေမည် ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များက ပြောကြား ခဲ့ကြောင်း သိရှိရသည်။ (CBS)

#Themyawadydaily

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ကို ထာဝရလိုက်နာစောင့်ထိန်း


ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ကို ထာဝရလိုက်နာစောင့်ထိန်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ အိန္ဒိယ သမ္မတ နိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက် ခဲ့ကြသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ချက် ချမှတ်ခဲ့သည့် နှစ် (၆ဝ)ပြည့် အခမ်းအနား ကို ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း ရှိ ကမ်းနား ဟိုတယ်၌ မေ ၁၈ ရက်တွင် ကျင်းပခဲ့သည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ချက်မှာ တစ်နိုင်ငံ၏ နယ်မြေ တည်တံ့မှုနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော် တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူ ရည်တူမှု ရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန် တို့ဖြစ်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ချက်သည် မြန်မာနိုင်ငံက ကျင့်သုံးသော နိုင်ငံခြား ရေးဝါဒ၏ ပင်မ အုတ်မြစ် တစ်ရပ်အဖြစ် ယနေ့ထက်တိုင် ခိုင်မြဲစွာ ဆက်လက် ရပ်တည်လျက် ရှိသည်။

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ အရေးအခင်း ကိစ္စရပ်များတွင် လည်းကောင်း၊ နိုင်ငံတကာ ပြဿနာများ ဖြေရှင်းရာတွင် လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့ကြီး၏ အခြေခံမူများ၊ ရည်မှန်းချက်များ နှင့်အညီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ များကို အခြေခံ ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာ၌ ကုလသမဂ္ဂ ၏ လှုပ်ရှားမှု များတွင် မိမိ၏ အခြေခံမူများ နှင့်အညီ နိုးကြား တက်ကြွစွာ ပါဝင် လှုပ်ရှားခြင်း၊ လက်နက် ဖျက်သိမ်းရေး ကို အစဉ် အားပေး ထောက်ခံခြင်း၊ လက်နက် အပြိုင်အဆိုင် ထုတ်လုပ် ရောင်းချမှုကို ဆန့်ကျင် ကန့်ကွက်ခြင်း၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများကို အားပေး ထောက်ခံခြင်း၊ နယ်ချဲ့ဝါဒီ များ၏ ကျူးကျော် စွက်ဖက်မှု များကို ဆန့်ကျင် ကန့်ကွက်ခြင်း၊ ကိုလိုနီစနစ် ဖျက်သိမ်းရေးကို အားပေး ထောက်ခံခြင်း၊ ကိုလိုနီဝါဒ၊ အသားအရောင် ခွဲခြားမှုနှင့် လူမျိုးခွဲခြားမှု စနစ်များကို ဆန့်ကျင် ကန့်ကွက်ခြင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ချက် များကို အားပေး ထောက်ခံခြင်း၊ နယ်ချဲ့ ကျူးကျော်ရေး စစ်ပွဲများကို ဆန့်ကျင် ကန့်ကွက်ခြင်း တို့ကို အစဉ်တစိုက် ဆောင်ရွက် ခဲ့သည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ချက် စတင် ချမှတ်ခဲ့သည်မှာ ၁၉၅၄ ခုနှစ်တွင် ထိုစဉ်က တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း ၏ အိန္ဒိယနှင့် မြန်မာခရီးစဉ် အတွင်း ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၅၄ ခုနှစ် ဇွန် ၂၈ ရက်တွင် နယူးဒေလီမြို့ ၌ တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ လက်မှတ် ရေးထိုးခဲ့ ကြသည်။ ဆက်လက်၍ ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ လက်မှတ် ရေးထိုးခဲ့ ကြသည်။ ၁၉၅၅ ခုနှစ်တွင် ကျင်းပခဲ့သော ဘန်ဒေါင်း ညီလာခံသို့ အာဖရိက နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ နိုင်ငံ့ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များ တက်ရောက်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ချက်ကို အတည်ပြု ထုတ်ပြန် ကြေညာခဲ့ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ရှေးရှုသော မူများအဖြစ် ကမ္ဘာ့နိုင်ငံများ က လက်ခံထား ကြသည်။

သို့ဖြစ်၍ ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့သည် အိပ်မက်ဆန်သော အတွေးများမှ ဖြစ်ပေါ်လာသော အမုန်းတရားများ မှေးမှိတ်ကာ ထာဝရ မေတ္တာပန်းပွင့်တို့ လန်းစွင့် မွှေးပျံ့ စေခြင်းငှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ချက်ကို ထာဝရ လိုက်နာ စောင့်ထိန်း ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydialy

မြ၀တီနေ့စဉ်သတင်းစာ (၂၁-၅-၂၀၁၄) ဗုဒ္ဓဟူးနေ့



Download Links

Tuesday, May 20, 2014

သွေးတိုး နှင့် ဆီးချိုရောဂါ လက်တွေ့ သက်သာပြီ


သွေးတိုး နှင့် ဆီးချိုရောဂါ လက်တွေ့ သက်သာပြီ

မင်းဋုခေါင်

ဈေးမှ ပန်းအိုးကြီး ၅ လုံး ၀ယ်ယူလာပြိး အိမ်ဘေး နေရောင်ခြည် ရသော နေရာတွင် ထားကာ မြေဆွေး ထည့်ပါသည်။ ပန်းအိုး ၃ လုံးတွင် စံပယ်ပင်များ စိုက်ပျိုးကာ ပန်းအိုး ၂ လုံးတွင် ဆေးခါးကြီး ပင်များ စိုက်ပျိုးပြီး နေ့စဉ် ရေလောင်းပေး ပါသည်။ စံပယ်ပန်းအိုး ၃ လုံးမှ နေ့စဉ် စံပယ်ပန်း ထမင်းစား ကြွေပန်းကန် တစ်ပန်းကန်စာ ရရှိပါသည်။

နံနက် အိပ်ယာထ နံနက်စာ စာပြီးလျှင် ထို စံပယ်ပန်း များကို တရှိုတ်မက်မက် ရှုရှိုက်ကာ စံပယ်ရွက်ကြီး ၃ ရွက်ခူးပြီး စားပါသည်။ ဆေးခါးကြီးပင် အိုးမှ ဆေးခါးကြီး ၅ ရွက် ပုံမှန် ခူးစားပါသည်။ စံပယ်ပန်း များကို ဘုရားပန်း ကပ်လှူ ပါသည်။ ကပ်လှူ စွန့်ပစ်သောအခါ ဆန်ကော တစ်ချပ်တွင် အခြောက် လှန်းထား ပါသည်။ ထို စံပယ်ပန်းခြောက် ခတ်သော ရေနွေးကြမ်း ကို နေ့စဉ် သောက်ပါသည်။ နိစ္စဓူဝ ပုံမှန် ပြုလုပ်သော အခါ ပုံမှန် လူသာမန် ကဲ့သို့ ရောဂါ မရှိကြောင်း တွေ့ရှိ ရပါသည်။

ဆေးလိပ် ၊ အရက် ၊ ဘီယာ နှင့် အမြည်း ကောင်းကောင်း ၊ အဆီအဆိမ့် ရသတဏှာ လွန်ကဲစွာ စားသောက် လာခဲ့၍ ၀ဖြိုးပြီး အသားပွ ခန္ဓာကိုယ် သည် ဘယ်ဘက် ရင်အုံ နှလုံး နေရာတွင် အောင့်တတ်ကာ နှလုံး သွေးကြောကျဉ်း ရောဂါ အစပျိုး နေကြောင်း ဆရာဝန်က ပြောသည်။

ထို့ကြောင့် ဆေးလိပ် ၊ အရက် ၊ ဘီယာ လျှော့ချကာ ယခုအခါ လုံးလုံး ဖြတ်တောက် လိုက်ပါသည်။ အဆီအဆိမ့် လွန်ကဲသော အစားအစာ များကို ရှောင်ကြဉ် ပါသည်။ ဗုဒ္ဓ တရားတော် အဆုံးအမ များအရ အစာ အာဟာရ အတိုင်း အရှည် သိနားလည်ရန် ဆင်ခြင် မိသည်။

ညစာ ထမင်းကို စတင် လျှော့ချပြီး မစားဖြစ်ရန် သတိထား ပယ်ခွာ စွန့်ကြည့် ပါသည်။ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ အကြောင်း တရားလေးပါး ညီညွတ် မျှတမှသာလျှင် လေ ၊ သည်းခြေ ၊ သလိပ် ၊ ဒေါသ သုံးပါး မျှတကာ ရုပ်ခန္ဓာကိုယ်သည် ကျန်းမာ၍ သက်တမ်းစေ့ အနာရောဂါ ကင်းဝေးစွာ နေထိုင် နိုင်မည် ဖြစ်သည်။

နှလုံး သွေးကြောကျဉ်း အောင့်တတ်သော ရောဂါ ၊ ခေါင်းမူး ရီဝေ တတ်သော ရောဂါ နှင့် ဆီးချို ရောဂါများကို ငွေကုန် ကြေးကျ နည်းပါးစွာ စံပယ် ပန်းကြီး ၃ လုံးနှင့် ဆေးခါးကြီး ပန်းအိုး ၂ လုံး က ကိုယ်ရည်စစ် အချိုးညီ မျှစေကာ ရောဂါ ကင်းဝေး သက်သာ ပျောက်ကင်း စေသော ၀ါယောဓာတ် စာ လက်တွေ့ နည်းလမ်းကောင်း ကို မျှဝေ ပေးအပ် ပါသည်။

#Yadanarpondaily

ကိုယ်နှုတ်နှလုံး သုံးပါး အပြုအမူဖြင့် ရရှိမည့် ကုသိုလ် ခုနစ်မျိုး


ကိုယ်နှုတ်နှလုံး သုံးပါး အပြုအမူဖြင့် ရရှိမည့် ကုသိုလ် ခုနစ်မျိုး

အောင်ဝင်း (ဖျာပုံ)

ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီး တို့သည် အလှူဒါနပြု၍ သော်လည်းကောင်း၊ ဘုရား၊ တရား၊ သံဃာ တို့၏ ဂုဏ်တော်များ ရွတ်ဖတ် သရဇ္ဈာယ် ပြီးသည့်အခါ တို့တွင် လည်းကောင်း မေတ္တာပို့ အမျှဝေ၍ ဆုမွန် တောင်းဆို ကြသည်။ ကုသိုလ်အကျိုး မျှော်ကိုး တောင်းခံကြ သည်မှာ သာသနာ အဆုံးအမ များနှင့် ညီညွတ်သည့် အစဉ်အလာကောင်း တစ်ရပ်ပင် ဖြစ်သည်။

အလှူဒါန ပြုသည့်အခါ တို့တွင် မြတ်ဗုဒ္ဓ သာသနာတော် ၏ အဆုံးအမ များကို အဆင့်ဆင့် ကြားနာ မှတ်သားခဲ့ ရသည်။ ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန် ဟု ပုထုဇဉ် လူသားတို့ ထိရောက်သည့် ကုသိုလ် အကျိုးထူး ရရှိစေခြင်း အလို့ငှာ မြတ်ဗုဒ္ဓ တရားတော် က ထုတ်ဖော် ညွှန်ပြ ထားတော်မူ သည်။

မြန်မာမှု နယ်ပယ်တွင် မရှိလို့မလှူ ၊ မလှူလို့မရှိ ဆိုသည့် ဘိုးဘေး အဆက်ဆက် တို့၏ ဆိုဆုံးမ စကား တို့ကိုလည်း ကြားသိ ခဲ့ရသည်။ သဒ္ဓါမချို့သည့် မြန်မာတို့၏ စိတ်ရင်း စေတနာ ကလည်း လှူရေး တန်းရေး တို့တွင် အကြွေးတင်ခံ လှူကြသည် တို့ကိုလည်း စာရေးသူ ကြားနာသိရှိ ကိုယ်တွေ့ကြုံ နေရသည်။

စိတ်ထားကောင်းရင် ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီး လောက် ကုသိုလ် ရသည် ဆိုသည့်အတိုင်း အကြွေးတင်ခံ လှူရန် မလိုသည့် အပြင် ယဉ်ကျေး သိမ်မွေ့ လှသည့် မြန်မာ့ လူနေမှု စရိုက် လက္ခဏာ များကို ထိန်းသိမ်း မြှင့်တင် ရာလည်း ရောက်အောင် မြတ်ဗုဒ္ဓ၏ ဒေသနာတော် များထဲမှ ကြားနာ မှတ်သား လေ့လာ သိရှိရသည်။ ငွေကြေး မရှိသော်လည်း ပေးကမ်းလှူဒါန်း နိုင်သော အလှူဒါန ခုနစ်မျိုး အကြောင်း ရေးသား တင်ပြ လိုပါသည်။

အခါတစ်ပါး၌ လူငယ် တစ်ယောက်သည် မြတ်စွာဘုရားထံ သို့ ချဉ်းကပ်၍ အကျွန်ုပ် သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည် အရှင်ဘုရား။ အဘယ်ကြောင့် မအောင်မြင် ပါသနည်းဟု မေးမြန်း လျှောက်ထားသည်။ အသင်သည် အလှူဒါန မပြုတတ်၍သာ ဖြစ်သည်ဟု မြတ်စွာဘုရား က ဟောကြား တော်မူသည်။ လူငယ်က ငွေကြေးတစ်ပြား တစ်ချပ်မျှ မရှိသော ဆင်းရဲသား အကျွန်ုပ် အဖို့ မည်ကဲ့သို့ အလှူဒါန ပြုနိုင် ပါမည်နည်း။ အသင် သည် ဤသည်ကို မှတ်သားလော့၊ တစ်ဦး တစ်ယောက်သော သူသည် ငွေကြေး မရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနစ်မျိုး ရှိပေသည် ချစ်သား။ ထိုခုနစ်မျိုးမှာ-

  • (၁) မျက်နှာ ဟန်အမူအရာဖြင့် အလှူဒါန ပြုခြင်း (အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံခြင်း)
  • (၂) နှုတ်ဖြင့် အလှူဒါန ပြုခြင်း ( အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာသော စကား၊ နွေးထွေးသော စကားများဖြင့် ပြောခြင်း) 
  • (၃) စိတ်ဖြင့် အလှူဒါန ပြုခြင်း ( စိတ်တံခါးကို ဖွင့်၍ သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း)
  • (၄) အမြင်ဖြင့် အလှူဒါန ပြုခြင်း ( ကောင်းသော အမြင်ဖြင့် သူတစ်ပါးကို ကူညီခြင်း)
  • (၅) ကာယ လုပ်အားဖြင့် အလှူဒါန ပြုခြင်း ( ကိုယ်နိုင်နင်းသော လုပ်ဆောင် ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း)
  • (၆) နေရာထိုင်ခင်း အလှူဒါနပြုခြင်း ( ယာဉ်အမျိုးမျိုး စီးနင်းသည့် အခါ မိမိ၏ ထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိ သူနှင့် ကလေးငယ် တို့အား မိမိထိုင်ခုံ နေရာကို ထိုင်စေခြင်း) 
  • (၇) နေအိမ်အလှူဒါန ပြုခြင်း ( မိမိ၏ အိမ်နေရာကို သူတစ်ပါးကို အနားယူ တည်းခိုရန်ခွင့်ပြုခြင်း)။


အထက်ဖော်ပြပါ ကိုယ်နှုတ်နှလုံး သုံးပါး အပြုအမူဖြင့် ရရှိမည့် အလှူဒါန ခုနစ်မျိုးကို သူငါအများ ပွားများ လိုက်နာ ကျင့်သုံးနိုင် ကြပါစေဟု ရည်ရွယ်ရေးသား တင်ပြ လိုက်ရ ပါသည်။ ။

#Yadanarpondaily

မွန်မြတ်သည့် စိတ်ထားက ၀ိုင်းဝန်းကြိုးပမ်း လုပ်ကိုင်


မွန်မြတ်သည့် စိတ်ထားက ၀ိုင်းဝန်းကြိုးပမ်း လုပ်ကိုင်

ပြည်သူလူထု အကျိုး၊ ပြည်သူတို့၏ လူမှု စီးပွားဘဝ တို့ကို ကူညီ ဖော်ဆောင် ပေးကြရာတွင် အပြု သဘောဆောင်၊ အကောင်းမြင် စိတ်ထားကာ စေတနာ သန့်သန့်ဖြင့် ကူညီ ဆောင်ရွက် ပေးခြင်းသည် မွန်မြတ်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ပြည်သူလူထု၏ လိုအပ်ချက်ကို အကြောင်းပြု၍ အဘက်ဘက်တွင် အခက်အခဲ အကျပ်အတည်း ဖြစ်အောင် အပြုသဘော မဆောင်သည့် ပြုမူမှုများ၊ ဆောင်ရွက်မှု များကို သတိထား ရှောင်ရှား ကြရမည် ဖြစ်သည်။

နိုင်ငံနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် ရာတွင် နိုင်ငံနှင့် ပြည်သူအကျိုး များစေမည့် အရေးကိစ္စ များကို ဦးတည်၍ အပြုသဘော ဆောင်ကာ အကောင်းမြင် စိတ်ထားများ ဖြင့် နိုင်ငံ တည်ဆောက်ရေး တွင် ဝိုင်းဝန်း ကူညီကြရမည် ဖြစ်သည်။

သို့တည်းမဟုတ် ပြည်သူ့ လိုလားချက်ကို အကြောင်းပြု၍ အခက်အခဲ အကျပ်အတည်း ဖြစ်အောင် တွန်းပို့ပေးခြင်း၊ အဆင်း ဘီးတပ်ပေးခြင်း စသည့် အပြုသဘော မဆောင်သော ဆောင်ရွက်ချက် များသည် ပျက်စီးရာ ပျက်စီးကြောင်း ကို ဖြစ်စေနိုင်သည့် မမှန်ကန်သော လုပ်ဆောင်မှု ဟု ဆိုရမည် ဖြစ်သည်။

ယနေ့ကာလ၌ နိုင်ငံတော် တည်ဆောက်ရေး ကို ပြည်သူအများစု က စိတ်ထား မွန်မြတ်စွာဖြင့် အားကြိုး မာန်တက် ကြိုးပမ်း ဆောင်ရွက် နေသော အချိန်အခါတွင် အနည်းငယ်သော လူတစ်စုက ဒီမိုကရေစီ၏ သဘော သဘာဝကို မသိ၍ ဖြစ်စေ၊ တမင်သိသိ နှင့်ဖြစ်စေ ရိုးသား ဖြူစင်သော ပြည်သူ များကို ခုတုံးလုပ်၍ မလျော်ကန်သော လုပ်ဆောင်မှုများ လုပ်ဆောင် လာသည်ကို တွေ့မြင် နေရသည်။

ထိုလုပ်ဆောင်မှု များသည် ဒီမိုကရေစီ ခရီးပန်းတိုင် နှင့် အလှမ်းဝေးကွာ စေသောကြောင့် ပြည်သူများ အနေဖြင့် သတိထား ရှောင်ရှား တတ်ရန်နှင့် ဖြစ်ပေါ်လာမှု များကိုလည်း ဝိုင်းဝန်း ကာကွယ် တားဆီး ကြရန်လိုမည် ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ကာလတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း က ''မြန်မာတွေ စိတ်ဓာတ်က မဟုတ်တဲ့ နေရာမှာ သွားပြီး ကောင်းနေတယ်။ မြန်မာပြည် ပြန်လည် ထူထောင်ရေး လုပ်တဲ့ နေရာမျိုးမှာ အသုံးမချ တတ်ဘူး။ မြန်မာ မြန်မာချင်း ချဖို့ပဲ လုပ်ချင် ကြတယ် . . '' ဟု ပြောကြားခဲ့ ဖူးသည်။

သို့ဖြစ်ရာ ယနေ့ မျက်မှောက် ကာလတွင် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရေး သည် သိမ်မွေ့ လှသဖြင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပြည်သူလူထု အားလုံး ထိထိ ရောက်ရောက် လုပ်ကိုင် ကြရန်လိုပြီး နိုင်ငံတော် တည်ဆောက်ရေး တွင် အပြု သဘောဖြင့် မွန်မြတ်သည့် စိတ်ထားကာ ဝိုင်းဝန်းကြိုးပမ်း လုပ်ကိုင်ကြရန် တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၃၁)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၃၁)

( ၂၀-၅-၂၀၁၄ ရက် အင်္ဂါနေ့ အပတ်စဉ်ထုတ် )

Download Links

အလှအပတစ်ခု အတွက်နဲ့ ကျန်းမာရေးကိုတော့ အထိအခိုက်မခံသင့် ပါဘူးဆိုတဲ့ နီနီခင်ဇော်


အလှအပတစ်ခု အတွက်နဲ့ ကျန်းမာရေးကိုတော့ အထိအခိုက်မခံသင့် ပါဘူးဆိုတဲ့ နီနီခင်ဇော်

ဒီတစ်ပတ် အနုပညာရှင် များရဲ့ ကျန်းမာရေးကဏ္ဍ မှာ ဖော်ပြပေးချင်တဲ့ အနုပညာရှင် ကတော့ နီနီခင်ဇော် ပဲ ဖြစ်ပါတယ်။ သူမက အလှအပ နဲ့ ကျန်းမာရေး ကို ဘယ်လို ထိန်းသိမ်း သင့်ကြောင်း ယခုလို ပြောပြ ခဲ့ပါတယ်။

နီနီ၏ ကျန်းမာရေး စောင့်ရှောက်မှု

နီနီကတော့ အခုနောက်ပိုင်း မှာ ကျန်းမာရေး ကိုတော့ စောင့်ရှောက်တယ်။ အသားအရေ ကိုတော့ မစောင့်ရှောက် ဖြစ်ဘူး။ သနပ်ခါးတွေ ၊ Lotion တွေလည်း မလိမ်းဖြစ်ဘူး။ ပူလို့ပါ။ ဒါပေမဲ့ နီနီ အပြင်ထွက်တဲ့ အခါမှာ နေကာ မျက်မှန် တပ်တယ်။ နေရောင်ခြည် တွေက အရမ်းကို UV တွေများလို့ မျက်လုံးကို ကာကွယ်တဲ့ အနေနဲ့ မျက်မှန် တပ်တာပါ။ အပြင်သွားတဲ့ အခါမှာ ထီးကို ဆောင်းတယ်။ အဲဒီလိုတော့ လုပ်ဖြစ်တယ်။ Body Weight ကို ထိန်းတဲ့ အနေနဲ့ ကတော့ နီနီ အမြဲတမ်း ကိုယ်လက် လှုပ်ရှား ကစား ဖြစ်တယ်။ သက်လုံကောင်းဖို့ အတွက် ပြေးတာ ကောင်းပါတယ်။

ပရိသတ်အတွက် ကျန်းမာရေး စကား

အခု နောက်ပိုင်း အလှအပ အတွက်နဲ့ ကျန်းမာရေး ကို ထိခိုက်ခံပြီး လုပ်နေတာတွေ ကို ကြားနေရတယ်။ ပြည်ပကနေ လိုင်စင် မရှိဘဲနဲ့ ၀င်လာတဲ့ အလှပြင် ပစ္စည်းတွေ ၊ ဆေးတွေပေါ့။ အသားအရေ လှစေတဲ့ ဆေးတွေ ၊ အသားကို တင်းစေတဲ့ ဆေးတွေ ၊ အသားဖြူ စေတဲ့ ဆေးတွေ ၀င်လာတာ တွေရှိပါတယ်။ လိုင်စင် ရှိလားဆိုတော့လည်း သေချာ မဖော်ပြ နိုင်ကြဘူး။ တကယ် အဆီကျဖို့ အဆီကျဆေးတွေ ဘာတွေ သောက်ချင်တယ် ဆိုရင်လည်း ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး သောက်သင့်လား ၊ မသောက်သင့် ဘူးလား ဆိုတာ လုပ်သင့်ပါတယ်။ ကိုယ့်သဘောနဲ့ သောက်တာ ကတော့ ခန္ဓာကိုယ် အတွက် အရမ်းကို ထိခိုက် စေပါတယ်။ အဓိက ကတော့ အမျိုးသမီး တွေရော အမျိုးသားတွေပါ ကိုယ့် အလှအပ အတွက် ကိုလည်း သေချာ စည်းစနစ် ကျကျ လုပ်ပါ။ ကျန်းမာရေးလည်း ဂရုစိုက်ပါ။ ကျန်းမာရေး က နံပါတ်တစ် ပါ။ ဘယ်လောက်ပဲ လှလှ ကျန်းမာရေး မကောင်းဘူး ဆိုရ်င ဘာမှ မလုပ်နိုင်ပါဘူး။ အဲဒီအခါ ကိုယ့် ရည်မှန်းချက် တွေလည်း ဆုံးရှုံး စေပါတယ်။ ဒါကြောင့် နီနီ ရဲ့ ပရိသတ်ကြီး အားလုံး ကျန်းမာရေး ကို အထူး ဂရုစိုက် ကြပါလို့ ပြောချင်ပါတယ်။

Aသူ

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၀-၅-၂၀၁၄) အင်္ဂါနေ့



Download Links

Monday, May 19, 2014

စိတ်မကျန်းမာသော လူများနှင့် တွေ့ဆုံခြင်း


စိတ်မကျန်းမာသော လူများနှင့် တွေ့ဆုံခြင်း

မဒါလေး

''လူရယ်လို့ ဖြစ်လာ ကတည်းက လူတစ်ယောက်မှာ ပထမဆုံး ရရှိခြင်းက ''ဘဝ'' ဆိုတဲ့ အရာပါ။ ဘဝဆိုတာ စကားလုံး နှစ်လုံးသာ ရှိပေမယ့် အမှန်တကယ် ရှုပ်ထွေးလွန်းတဲ့ ဝေါဟာရ တစ်ခုပါ။ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုနိုင်တဲ့ စာစုတစ်ခု ဖြစ်ပါတယ်။ တချို့ ဘဝက ကြမ်းတယ်။ တချို့ ဘဝက ဆိုးလွန်းတယ်။ ဘဝက ဘာမှ ရေရေရာရာ မရှိ။ ဘဝက အရှုံးတွေ နဲ့သာ ရင်ဆိုင် ရပါတယ်လို့ အမျိုးမျိုး ဖွင့်ဆို နေကြ ပါတယ်။ ဘဝဆိုတာ သတ်မှတ်ချက် တစ်ခုဖြစ်ရင် ဒီ သတ်မှတ်ချက် ကို ရေးထိုးတဲ့ သူဟာ မိမိကိုယ်တိုင် ဖြစ်ပါတယ်။ ခဏတာ စိတ်ခံစားမှု၊ ပျော်ရွှင်မှု တွေအတွက် ပြောင်းလဲပစ် ခဲ့ကြတဲ့ အရာတွေက ဘဝကို အနာတရ ဖြစ်စေ ပါတယ်။ ဘဝကို ဆိုးရွား စေပါတယ်။ ဘဝမှာ မရေရာမှု တွေနဲ့ ကြုံတွေ့ စေနိုင်ပါတယ်။ ဘဝက အနာတရ ဖြစ်အောင် မလုပ်နိုင်။ မိမိ ကိုယ်တိုင်ပင် လုပ်နေကြ တာသာ ဖြစ်ပါတယ်''။

လူရှုပ်သော ဘတ်စ်ကား မှတ်တိုင် တစ်ခုတွင် ဖြစ်သည်။ လမ်းဘေး ဈေးသည်များက ဘဝအရေး ဖြေရှင်းရန် အတွက် အများပိုင် နေရာကို ဟန်ကျကျ နေရာယူကာ ညနေခင်း အလှကို မီးခိုးပူပူ များဖြင့် ဖျက်ဆီး လိုက်ကြသည်။ ကားစောင့် နေသော သူများကလည်း ထိုအပူငွေ့ များကို ရှောင်ရှားရင်း မနီးမဝေး လမ်းဘေး နေရာတွင် အစီအရီ နေရာယူကာ မိမိ သွားလိုသည့် ခရီးအတွက် သင့်တော်သည့် ကားအလာကို စောင့်နေ ကြသည်။ ဘဝ အရေးမို့ ကားခ ငွေကျပ် ၅ဝ၊ ၁ဝဝ သက်သာပါ ကလည်း တစ်ရက်နှင့် တစ်ရက် ပေါင်းလိုက်လျှင် အနည်းငယ် သော အပူမီး များကို ဖြေရှင်း နိုင်မည် မဟုတ်ပါလား။ မိမိ သွားလိုသည့် ခရီး အမြန် ရောက်ရန် လာသည့် ကားပေါ် အလျင်အမြန် တိုးတက်နိုင်ရေး သည်သာ စိတ်တွင် ကပ်နေ ကြသည်။

ထိုအခိုက် ဝတ်ကောင်း စားလှ ဝတ်ဆင် ထားသော မိန်းကလေး တစ်ဦး အနားသို့ ကပ်လာသည်။ ''ကျွန်မကို မှတ်မိလား၊ ကျွန်မတို့ နေရာ တစ်ခုမှာ အတူတူ အလုပ်လုပ်ဖူး တယ်လေ'' အသားဖြူဖြူ ပိန်ပိန်ပါးပါး မိန်းကလေး တစ်ဦး၊ လွယ်ထားသော အိတ်နှင့် ဝတ်ထားသော အဝတ်အစား၊ စီးထားသော ဖိနပ် အားလုံးကို ကြည့်ပြီး ဝန်ထမ်း ဒါမှ မဟုတ် ကျောင်းသူဟု မှတ်ချက်ချ နိုင်လောက်သည့် အနေအထား ဖြစ်သည်။ '' မမှတ်မိဘူး၊ ဘယ်မှာ လုပ်ဖူးတာလဲ မသိဘူး''။ ထိုမိန်းကလေး က အပြုံးမပျက် ပေ။ ''ကျွန်မကို မမှတ်မိလို့ ဖြစ်ပါ လိမ့်မယ်။ ကျွန်မအခု ဆေးရုံက ဆင်းလာတာ နှစ်ရက်ပဲ ရှိသေးတယ်။ ကျွန်မဆေးရုံ တက်လိုက် ရတယ်။ အိမ်နဲ့လဲ အဆက်အသွယ် မရဘူး။ အခု ကျွန်မ အခက်အခဲလေး ဖြစ်နေလို့ ငွေ ၅ဝဝဝ လောက် ကူညီပါလား''။ ခဏ တော့ တွေဝေ သွားသည်။ အပြေးအလွှား စဉ်းစား မိသည်။ ဘယ်မှာမြင်ဖူး သည်ကို စဉ်းစား၍ မရပေ။ ငွေဆိုသော စကားပြော လိုက်သည့်အခါ မစဉ်းစားလို့ မရတော့ပေ။ ဘယ်လိုစဉ်းစား စဉ်းစား ပေါ်မလာပေ။ ထိုမိန်းကလေး ကလည်း နေမကောင်း သည့်ပုံ မပေါ်ပေမယ့် ကိုယ်ထင်သလို မဟုတ်လောက် ပါဘူးဟု တွေးမိသည်။

ထိုသို့ စဉ်းစား နေချိန်ကပင် မိန်းကလေး၏ ရုပ်သွင်ကို ပိုမိုပေါ်လွင် စေခဲ့ပြီ။ တစ်ဖက်ကို ပြန်လှည့် အကြည့်မှာတော့ ထို မိန်းကလေး အနားမှာ မရှိတော့။ စိတ်ထဲတွင်တော့ ကရုဏာ သက်မိသည်။ အားငယ်နေသည့် မျက်နှာ ဖျော့ဖျော့ ကို ပြေးမြင်မိသည်။ သို့သော် ငေးနေလို့ မဖြစ်သေး။ ကားတစ်စီး အဝင်တွင် အပြေးအလွှား တက်ရန် လှမ်းထွက် လိုက်သည်။ မမှီလိုက်ပါ။ ဆက်စောင့် ရပေဦးမည်။ ထို ခဏအနားမှ ''ကျွန်မကို မှတ်မိလား'' ထိုအသံ လတ်လတ် ဆတ်ဆတ် ကြားဖူးသော အသံ။ ဟုတ်ပါသည်။ အစောက မိန်းကလေး နောက်ထပ် တစ်ယောက်ကို...။ ''ဟာ'' ဟုပင် စိတ်ထဲမှ ရေရွတ်မိသည်။ မျက်လုံးချင်း ဆုံမိတော့ တစ်ဖက်ကို အသာလှည့် သွားသည်။ ဘယ်လို အခက်အခဲတွေ နှင့်ကြုံတွေ့ ရလို့ ဒီလို လုပ်ဖို့ စိတ်ဆုံးဖြတ် ခဲ့တာပါလဲ။ ထိုမိန်းကလေးမှာ လူနေ မကောင်းတာ မဟုတ်ပေ။ စိတ် နေမကောင်းခြင်း သည်သာ၊ သူမ၏ ခိုင်မာသည့် စိတ်ဓာတ်တို့ အားနည်း နေခြင်းသာ ဖြစ်မည်။ စိတ်ဓာတ် တို့သည် ရုပ်ရည်နှင့် မလိုက်လောက် အောင် နေမကောင်း ဖြစ်နေပေပြီ။ ထိုစိတ်ကို ကုစား၍ ရမရတော့ သူ့ဘဝသူ ရပ်တည်မှု နှင့်သာ ဆိုင်ပေ လိမ့်မည်။

လူသည် ရုပ်ရည်နှင့် စိတ်ဓာတ်က တွဲဖက် နှိုင်းယှဉ်မရ ဆိုသည်မှာ မှန်ပေမည်။ တစ်ရက် ဆိုင်တွင် ဈေးဝယ်များ စည်နေချိန် အဝတ်အစား သားသား နားနားနှင့် လူငယ် တစ်ယောက် ဖုန်းကတ် ဝယ်ရန် ရောက်လာသည်။ ဆိုင်ကယ်နှင့် လာခြင်းဖြစ်ပြီး တစ်သောင်းတန် ကတ်ကို ဟန်ပါပါ နှင့်ဝယ်သည်။ ငွေမရှင်း သေးဘဲ ဖုန်းကတ်ကို ခြစ်သည်။ ဖုန်းကတ်ခြစ်ရင်း ကွမ်းတံတွေး ထွေးလိုက်၊ တစ်ခါ ဖုန်းကတ် ပြန်ခြစ်လိုက် ဒီလိုနှင့် ခြစ်လိုက်၊ ကွမ်းတံတွေး ထွေးလိုက်နှင့် အခြား ဝယ်သူများကြား ပျောက်ခြင်း မလှ ပျောက်သွားသည်။ လူအကောင်း ပကတိ အားကောင်း မောင်းသန် ယောက်ျား တစ်ယောက်၏ တစ်သောင်းသာ တန်သည့် အားနည်း ချို့တဲ့သည့် စိတ်ဓာတ်ကို အထင်းသား မြင်လိုက် ရသည်။ ဒီလပိုင်း များတွင် ထိုသို့သော တစ်သောင်းတန် စိတ်ဓာတ်နှင့် လူများ အကြောင်း နေရာ တိုင်းတွင် ပြောနေ ကြသည်။

ထို့အတူပင် အထင်ကရ ဟိုတယ်ကြီး တစ်ခုတွင် လုပ်သော တစ်တိုင်းပြည်လုံး နှင့် သက်ဆိုင်သည့် ပွဲတစ်ခုတွင် ဖြစ်သည်။ ပွဲစီစဉ်သူ လူအများက အများအတွက် ရည်ရွယ်သည့် စေတနာနှင့် အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လူပင်ပန်းခံ ကာ လာရောက် ပညာပေး ဟောပြော ကြသည်။ လူတန်းစား မရွေး၊ အဖွဲ့အစည်း မရွေး တက်ရောက် ကြသည်။ ထိုသို့ အများအတွက် ကိုယ်ကျိုး မဖက်ဘဲ လုပ်နေသည့် အချိန်တွင် တချို့သော စိတ်ဓာတ် ချို့ယွင်းသူ များက မိမိ တစ်ဦး တစ်ယောက် ကောင်းအတွက်၊ အဖွဲ့အစည်း တစ်ခုကောင်း အတွက် ကိုယ်ကျိုးရှာ ကြသည်။

ထိုသို့ လူ မကျန်းမာခြင်း ကြောင့် မဟုတ်ဘဲ စိတ် မကျန်းမမာ ဖြစ်နေ ကြသော စိတ်စွမ်းရည် မပြည့်ဝ ကြသော လူများ လူမှု ပတ်ဝန်းကျင် တွင် တိုးပွား လာသည်နှင့် အမျှ မိမိအိမ်၊ မိမိရပ်ကွက်၊ မိမိမြို့၊ မိမိတိုင်းပြည် တွင် နစ်နာမှုများ ရှိလာနိုင်သည်။ ငါဆိုသော အတ္တကို ရှေ့တန်းတင် သော လူ့ အသိုင်းအဝိုင်း တွင် လူသားချင်း စာနာ ထောက်ထားခြင်း ဆိုသည့် အချက်မှာ ထိုသူတို့ စိတ်ထဲ ရိုက်သွင်း ပေးသည့် တိုင်အောင် လက်ခံ နိုင်သည့် စိတ်ကျန်းမာရေး အခြေခံမရှိ၊ ထို စိတ်မကျန်းမာ သော သူများမှာ စိတ် ဝေဒနာရှင်ဟု အများ လက်ခံ ထားသည့် သူများထက် ပိုမို နားလည်ရ ခက်ပြီး ပိုမို ကုစားရ ခက်သည်။ မည်သို့သော နည်းလမ်းများဖြင့် ကုစား ရမည်နည်း။ ဉာဏအားဖြင့် မလုပ်နိုင်လျှင် ကာယအားဖြင့် လုပ်ဆောင် ကြရမည်။ ကံ အကြောင်းပြကာ လွယ်လွယ်တောင်း၊ လွယ်လွယ်ယူ တတ်သော လူတွင် လွယ်လွယ်ရသော ဘဝဆိုတာ လည်း ရှိမလာ နိုင်ပါ။ ပိုပြီး ခက်ခဲကြမ်းတမ်း နိုင်သည်။ ထိုအခက်အခဲ ဖြေရှင်းရန်မှာ မိမိတွင် ကောင်းမွန် ခိုင်မာသော စိတ်ဓာတ် အခံရှိရန် လိုအပ်သည်။ ဘဝတစ်ခု တည်ဆောက် ရာတွင် လူကျန်းမာရေး ကိုသာ ဂရုမပြုဘဲ စိတ်ကျန်းမာ ရေးကိုလည်း အလေးထား သင့်သည်။

သို့မှသာ လူမှု ပတ်ဝန်းကျင် နှင့် မိမိဘဝ နှစ်ဦးနှစ်ဖက် လုံး သာယာ ပျော်ရွှင်ဖွယ် ဖြစ်ပေ လိမ့်မည်။ မိမိ ကိုယ်တိုင်လည်း ထိုသို့သော စိတ်မကျန်းမာ သူများနှင့် တွေ့ဆုံခဲ့ သည့်တိုင် သူတို့အပေါ် မေတ္တာ မထား နိုင်ဘဲ ဒီလိုလူတွေ နှင့် တွေ့ကြုံ ရလေခြင်းလို့ တသသ ဖြစ်နေသည့် မိမိ၏ မကျန်းမမာ ဖြစ်နေသော စိတ်ကို အရင်ကုစား ရပေ ဦးမည်။

#Yadanarpondaily

ကိုယ်ဝန်ဖျက်ခြင်း သည်းခံပါ


ကိုယ်ဝန်ဖျက်ခြင်း သည်းခံပါ

ဒေါက်တာ အေးမင်းထူး

တစ်ခါက အွန်လိုင်း အကူအညီ တောင်းခံသူတွေ အမေးများတဲ့ ဆေးဝါးတွေကို လေ့လာ ဖူးတယ်။ အမေး အများဆုံး ဆေးဝါးတွေကို စာရင်း ချကြည့်တဲ့အခါ-

၁။ အဆီကျဆေး၊ ပိန်ဆေး၊
၂။ အသားလှဆေး၊
၃။ တားဆေး၊
၎။ ကိုယ်ဝန်ဖျက်ဆေး၊
၅။ အမျိုးသားအားဆေး၊

ဆိုပြီး တွေ့ရပါတယ်။ ရှေ့ဆုံး သုံးခုက အမျိုးသမီးတွေ အမေး အများဆုံး မေးခွန်းတွေ ဖြစ်ပါတယ်။ နောက်ဆုံးနှစ်ခုက အမျိုးသားတွေ အမေးများတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ မြန်မာနိုင်ငံမှာ မလိုအပ်ဘဲ ကိုယ်ဝန်ဖျက်ချ ပေးဖို့ ဥပဒေပြဋ္ဌာန်း ထားတာ မရှိသေးဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဖျက်သူ ဦးရေဟာ လျော့ပါး မသွားဘဲ ပိုများ လာပါတယ်။ ကြားထဲမှာ အလုပ် ဖြစ်သူတွေက အရပ် လက်သည်တွေ၊ ရမ်းကုတွေ ဖြစ်ပါတယ်။

လူနာတွေလဲ နေ့စဉ်ပေါများ လျက်ပဲ။ အလုပ်ရှုပ် သူတွေက ဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်တွေ ဖြစ်ပါတယ်။ ဖြစ်သလို ဖျက်ချပြီး မရှူနိုင်၊ မကယ်နိုင် ဖြစ်လာတဲ့အခါ ဆေးရုံ ရောက်လာ ပါတယ်။ ဆရာဝန် လဲ လူမို့ စိတ်တိုတတ် လာပါတယ်။ အစကတည်းက မယူနိုင်ရင် အတူမနေနဲ့ ဆိုတဲ့ ခံယူချက်မျိုး ဆရာဝန် အများစုမှာ ရှိပါတယ်။ ပြဿနာက လူတွေရဲ့ ခံယူချက်နဲ့ အသိအမြင် နည်းပါးမှုပါ။ တချို့ကလဲ အရေးပေါ် တားဆေး အားကိုးနဲ့ မိုက်ရဲတယ်။ ဖြစ်လာရင် ရှင်းလင်းရဲ သူတွေလဲ ဖြစ်ကြတယ်။ ကိုယ်မကြိုက်လို့ ကိုယ်ဖျက်တာ ဘာဖြစ်သလဲ။ ဒီမိုကရေစီ ခေတ်ရောက်နေပြီ ဆိုသူတွေလဲ ရှိပါတယ်။ မှန်တာ၊ မှားတာတွေ က အဓိက မကျပါ။ အမြင် နှစ်ဖက်ရဲ့ မတူညီတဲ့ လားရာတွေကို ထောက်ပြ ဝေဖန်တာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်တဲ့ ပြဿနာက နက်နဲလွန်း ပါတယ်။ ကိုင်တွယ်ရ ခက်တယ်။ ဘယ်ရှုထောင့်က ကြည့်သလဲပေါ် မူတည်ပါတယ်။ ဆေးပညာ ရှုထောင့်က ကြည့်မှာလား။ ဘာသာရေး ရှုထောင့်ကလား၊ လူမှုရေး ရှုထောင့် ကလား။ ဒီကြားထဲမှာ စီးပွားရေး အခြေအနေ ဆိုတာလဲ ပါသေးပါတယ်။ ရှုထောင့် အမျိုးမျိုးက ကြည့်တာ ဖြစ်လို့ အယူအဆ တွေ ကွဲပြားသွား ပါတယ်။ နောက်ဆုံးတော့ လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေ အတိုင်းပဲ လုပ်ဆောင် ရပါတယ်။ ဆရာဝန် တွေမှာ ethic ခေါ်တဲ့ ကျင့်ဝတ်ကို လိုက်နာရတဲ့ အပိုင်းတွေ ရှိပါတယ်။ မလိုအပ်ဘဲ ကိုယ်ဝန် မဖျက်ရဘူး။ ဘာသာရေး ရှုထောင့်က ကြည့်ရင်လဲ အလားတူ ပါပဲ။ အသက် တစ်ချောင်း ဖြစ်လို့ ပါဏာတိပါတာကံ ကျူးလွန်ရာ ရောက်ပါတယ်။ တရုတ်နိုင်ငံ ကတော့ လူမှုရေးနဲ့ စီးပွားရေး ရှုထောင့်က ကြည့်ပြီး ကလေး တစ်ယောက်ထက် ပိုမယူရ ဆိုတဲ့ စည်းကမ်း သတ်မှတ် လိုက်တယ်။ ကိုယ်ဝန် ဖျက်ခိုင်းတာ မဟုတ်ပေမယ့် သွယ်ဝိုက်တဲ့ နည်းနဲ့တော့ ဟုတ်တယ်။

သူတို့လူမျိုးမှာ အမျိုးသားရဲ့ မျိုးရိုးက အရေးကြီးတယ်။ အမျိုးသား ဖြစ်သူရဲ့ မျိုးရိုးစဉ်လာ ဆက်ခံ ရတာကြောင့် တစ်အိမ်ထောင် တစ်ယောက် စည်းကမ်းအရ ကိုယ်ဝန် ဖျက်ချသူ ဦးရေ အပေါများဆုံး နိုင်ငံ ဖြစ်လာ ပါတယ်။ မြန်မာနိုင်ငံက အခုမှ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းဖို့ ကြိုးစား နေရုံသာ ရှိသေးပါတယ်။ တရုတ်နိုင်ငံမှာ မျိုးစောင့် သီအိုရီကို ကျင့်သုံး လာတာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ ကလေးပေါင်း မရေမတွက် နိုင်အောင် ဆုံးရှုံးခဲ့ ရပြီ။  အမျိုးသား မဟုတ်ရင် ဖျက်ချ ပစ်တယ်။ တိုင်းပြည် တိုးတက် ဖွံ့ဖြိုး လာတာတော့ ဟုတ်ပါတယ်။ တစ်ဖက်မှာတော့ အမျိုးသမီး ဦးရေ နည်းလာပါတယ်။ ကမ္ဘာကို အုပ်စိုးနိုင်တဲ့ လက်တွေ ပိုနည်း လာပါတယ်။ အသက်အရွယ် ကွာခြားချက် ကြီးမားလာပြီး သက်ကြီး ရွယ်အိုတွေ ဒုက္ခရောက် ရပါတယ်။ ဒါကြောင့်လဲ ပေါ်လစီကို ပြန်လည် ပြုပြင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရောက် တရုတ်လူမျိုး တွေကတော့ အထူး ကံကောင်းသူတွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အရ ကံဆိုတာ အလုပ်တစ်ခုရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ အလုပ်တစ်ခုရဲ့ အကျိုးဆက် ကတော့ တန်ပြန်လာမှာ ဖြစ်ပါတယ်။ ကလေး မယူချင် သေးပါဘူး။ ဟုတ်ပြီ၊ ရတယ်။ အဲဒီအတွက် တားဆေး၊ ထိုးဆေး၊ သောက်ဆေး၊ ကပ်ခွာဆေး အမျိုးမျိုး ရှိပါတယ်။ တစ်ခါတစ်ရံ မှားယွင်း သလား ရသေးတယ်။ အရေးပေါ် တားဆေးကတ် အဆင်သင့် ရှိပါတယ်။ ဘယ်လို သောက်ရမလဲ။ သူတို့က ပိုလို့ ကျွမ်းတယ်။ ဆရာဝန် ကို ဆရာပြန်လုပ် နိုင်သူတွေ ဖြစ်ကြတယ်။ ဒီလို အဆင့်ဆင့် ရှိနေတာ တောင် ဘာကြောင့် ကိုယ်ဝန်ရရ ပါသလဲ။ လေ့လာကြည့် တဲ့အခါ အခြေခံ ကျတဲ့ အချက်တွေကို တွေ့ရပါတယ်။

ကိုယ်ဝန် ဖျက်ချင်သူ အများစုဟာ ဆယ်ကျော်သက် အရွယ်တွေ ဖြစ်ကြ ပါတယ်။ ကျန်းမာရေး အသိ၊ တာဝန်ယူစိတ် နည်းကြတယ်။ ကိုယ့်စိတ် ကို မနိုင်နင်း သူတွေလဲ ဖြစ်တယ်။ အချိန်ကို မကြည့်ကြဘူး။ လိုချင်တာ ကို ရအောင် ယူတယ်။ ကွန်ဒုံးလို အကာအကွယ် မသုံးစွဲ ချင်ဘူး။ ကမ္ဘာခြားမှာ သေမလောက် ကြောက်ကြသူတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အတွက် ထုတ်လုပ် ထားတဲ့ အရေးပေါ် တားဆေး ( emergency contraceptive ) ကို ပဲကြီးလှော်လို ဝါးတယ်။ စားတယ်။ တချို့မှာ တားဆေးကတ် ကို ဖာလိုက် ဝယ်ထားတာ ထိ ရှိပါတယ်။ တားဆေး အားကိုးနဲ့ တစ်ခါတစ်ရံ ပေါင်း မရေမတွက် နိုင်အောင် မှားယွင်း ကြတယ်။ ဒီအချက်က ပညာတတ် ဖြစ်တာနဲ့လဲ မဆိုင်ဘူး။ တချို့လူတွေ ငယ်ငယ် ရွယ်ရွယ်နဲ့ ပညာ ထူးချွန်တယ်။ အားနည်းချက် တစ်ခုက နားမလည်တာ ထက် နားလည်အောင် မကြိုးစား ချင်တာ ဖြစ်ပါတယ်။ ကြားရက်တွေ နားမလည်ဘူး။ ရှောင်ရက်တွေ မသိဘူး။ ကလေးဆို မကြားချင်ဘူး။ အကြောင်း ပြချက်က စီးပွားရေး အခြေအနေ ကြောင့်၊ မမွေးချင် တာက ဂုဏ်သိက္ခာ ကြောင့်၊ အဆင်မပြေ တာတစ်ခုက ငယ်နေသေး လို့တဲ့၊ နောက်လက် ညှိုးထပ်ထိုး တာက အတူနေ သူကိုပါ သူ့ကြောင့် ဒီလိုဖြစ် ရတယ်ပေါ့။

ပြဿနာကို တွေ့ရင် အဖြေရှာ နိုင်တယ်လို့ လူအများစုက ပြောကြ ပါတယ်။ အခြေအနေက ဒီလောက်ထိ မလွယ်ကူ ပါဘူး။ အနောက်နိုင်ငံ တွေလို ငယ်စဉ် ကတည်းက လိင်ပညာပေး သင်ခန်းစာ ထည့်မှာလား။ ကိုယ်ပိုင် အမြင်အရ ပြောရရင် အဆင်မပြေ နိုင်ဘူး။ လမ်းကြောင်းပေး သလို ဖြစ်နိုင် ပါတယ်။ လက်တည့် စမ်းတာမျိုး ဖြစ်လာနိုင် ပါတယ်။ ဆရာ့ထက် လက်စောင်းထက် သူ ပေါ်ထွက် လာနိုင်တယ်။ စတုတ္ထ မဏ္ဍိုင် နာမည်ခံ မီဒီယာတွေမှာ ကြော်ငြာတွေ၊ ရုပ်ပုံ တွေကြောင့် ကလေးတွေ ရဲ့ အမြင်ကို ပြောင်းလဲ သွားနိုင် ပါတယ်။ ဆေးလိပ်ဘူး ကြော်ငြာတွေမှာ ကပ်ထားသလို ''ဆေးလိပ်သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်'' ဆိုတာမျိုးက အသုံးမဝင် လှပါ။ လူတိုင်းသိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဆေးလိပ်ကြိုက်လို့ သောက်တာ ဖြစ်လို့ နောင်ခါလာ နောင်ခါဈေး သဘောပဲ ခံယူကြပါတယ်။ ပြဿနာ နောက်တစ်ခုက ပွင့်လင်း မြင်သာတဲ့ ခေတ်ဖြစ်လို့ အင်တာနက်၊ အွန်လိုင်းတွေ ခေတ်စား နေတယ်။ လက်ရှိအချိန်မှာ လူရွယ်၊ လူမမယ်၊ ကလေးသူငယ် အရွယ်တွေထိ ဖုန်း၊ ကွန်ပျူတာ ကလိ နေကြပြီ။ အင်တာနက် သုံးနေကြပြီ။ ဒီမိုကရေစီ နာမည်ခံ ထားတာဖြစ်လို့ ပိတ်ပင်ဖို့လဲ ခက်ခဲပါတယ်။ ပိတ်မယ်ဆိုရင် ကျော်မယ့်၊ ခွမယ့် ပညာရှင်တွေ ပေါ်ပေါက် လာအောင် ပျိုးထောင် ပေးရာ ရောက်မယ်။ အဆင်မပြေ နိုင်ပါ။ ကံကောင်းတာ တစ်ခုက အင်တာနက်လိုင်း တွေ သိပ်မကောင်း သေးတာ ဖြစ်ပါတယ်။ လူကြီးတွေ သာမက ကလေးတွေပါ ငယ်ငယ် ကတည်းက သည်းခံတတ်တဲ့ အကျင့် ရှိလာတယ်။

ခေတ်က တိုးတက် လာတယ်။ နာမည်ခံ ထားပေမယ့် ဆုတ်ယုတ်မှု တွေ ဘယ်လောက်များ လာမလဲ မချိန်ဆ နိုင်သေး ပါဘူး။ ရာစုနှစ်ကြာမှ သမိုင်းက အဆုံးဖြတ် ပေးမှာမို့ပါ။ ၂ဝ ရာစုမှာ စက်မှုပညာ တိုးတက်လာ တယ်လို့ အများစုက သတ်မှတ် ကြတယ်။ လက်တွေ့မှာ ဆိုးမွေကို ဆက်ဆံရ သူတွေက ၂၁ ရာစုက လူတွေ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကို ရာစုနှစ် အစမှာပဲ အလူးအလဲ ခံစား နေကြရပြီ။ တိုင်းပြည် အနာဂတ်က  လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေပါတယ်။ အင်တာနက် အကျင့် စာရိတ္တ၊ ကိုယ်ကျင့်တရား ကောင်းမွန်အောင် မပြုပြင် နိုင်သေးတာ သေချာ ပါတယ်။ တိုင်းပြည် အနာဂတ် တိုးတက်ဖို့ စက်ပစ္စည်းတွေ အပေါ်မှာ အခြေခံရင် အမှားကြီး မှားလိမ့်မယ်။ အရေးကြီးတာ စိတ်ဓာတ်နဲ့ ခံယူချက် ဖြစ်တယ်။ ငယ်စဉ် ကတည်းက သင်ကြား ပေးရမှာ လိင်ပညာပေး မဟုတ်။ တာဝန် ယူစိတ်နဲ့ ကျန်းမာရေး၊ အသိပညာ ဖြစ်ပါတယ်။ အဆိုးအကောင်း၊ အမှားအမှန် ဝေဖန်နိုင်ဖို့ ဘယ်လိုပြု ပြင်မလဲ။ စိတ်ကို ဘယ်လို ထိန်းချုပ်မလဲ။ ပညာပေး ကဏ္ဍက ပိုလို့ အရေးကြီး လာပါတယ်။ ဖြစ်သင့်တာက ထိထိ ရောက်ရောက် ဘယ်လို ပညာပေးမလဲ။ သတိပေး မလဲ။ သူငယ် ပညာရေး အရေးကြီး သလို ကျန်းမာရေး အသိ၊ သတိရှိအောင် ဘယ်လို လုပ်ဆောင် ကြမလဲ အရေးကြီး နေပြီ ဖြစ်ပါတယ်။

#Yadanarpondaily

နိုင်ငံတကာနှင့်အမီ ရင်ပေါင်တန်း နိုင်ရေး


နိုင်ငံတကာနှင့်အမီ ရင်ပေါင်တန်း နိုင်ရေး

ယနေ့ ကမ္ဘာ့နိုင်ငံ များသည် ခေတ်မီသိပံ္ပနှင့် နည်းပညာ များကို တီထွင် အသုံးပြု ရာတွင် တစ်နေ့တခြား တိုးတက် ပြောင်းလဲလျက် ရှိသည်။ အထူးသဖြင့် သတင်း အချက်အလက် နည်းပညာ များဖြစ်သော အိုင်တီ နည်းပညာ များသည် တိုးတက် ထွန်းကားလျက် ရှိသည်။ မြန်မာနိုင်ငံ တွင်လည်း ခေတ်နှင့်အညီ တိုးတက် ထွန်းကား လာသည့် သတင်း အချက်အလက် နည်းပညာများကို အသုံးပြုပြီး e-Government စနစ်ကို အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်ကြ ရတော့မည် ဖြစ်သည်။

နိုင်ငံတော် အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိရာတွင် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။ တိုးတက်နေသည့် ယနေ့ ကာလတွင် အစိုးရဌာန အချင်းချင်း အစိုးရနှင့် စီးပွားရေး လုပ်ငန်း အဖွဲ့များ၊ ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်း များအားလုံး သည် ကွန်ပျူတာ နည်းပညာ များကို အသုံးချ၍ ဆက်သွယ် ခြင်းသည် လုပ်ငန်းများ အလျင်အမြန် ပြီးမြောက်ခြင်း၊ အချိန်ကြန့်ကြာမှု မရှိခြင်း၊ နိုင်ငံ့ဝန်ထမ်း နှင့် ပြည်သူများ အကြား လာဘ်ပေး လာဘ်ယူမှုများ ပပျောက်ခြင်း တို့ကို ဖြစ်ပေါ် စေသည်။

e-Government ဖွံ့ဖြိုး တိုးတက် အောင်မြင်နေသော နိုင်ငံများကို လေ့လာ ကြည့်လျှင် အစိုးရ နှင့် ပြည်သူအကြား သတင်း အချက်အလက် များကို မျှဝေကြပြီး အပြန်အလှန် ယုံကြည်မှု နှင့်လေးစားမှုကို တည်ထောင် နိုင်ခြင်းက အဓိက အားသာချက် အဖြစ် တွေ့ရှိရမည် ဖြစ်ကြောင်းကို ကုလသမဂ္ဂ က ထုတ်ပြန်သည့် ကမ္ဘာ့နိုင်ငံ အသီးသီး၏ e-Government ဖွံ့ဖြိုး တိုးတက်မှု အစီရင်ခံစာ တွင် ဖော်ပြထား သည်ကို တွေ့ရသည်။

ယနေ့ မြန်မာနိုင်ငံ သည် ကမ္ဘာ့ အရှေ့ခြမ်း၊ အနောက်ခြမ်း နိုင်ငံများနှင့်လည်း စီးပွားရေး အရ ကူးလူး ဆက်ဆံမှု များကို စတင် ဆောင်ရွက် နေပြီဖြစ်ရာ အဆိုပါ နိုင်ငံများနှင့် ရင်ပေါင်တန်းပြီး သတင်း အချက်အလက် နည်းပညာ များကို တိုးမြှင့် ဆောင်ရွက် နိုင်တော့မည် ဖြစ်သည်။

ယနေ့ အစိုးရသည် ပြည်သူ့အစိုးရ ဖြစ်သည်နှင့် အညီ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဒီမိုကရေစီ ကျင့်စဉ်များ ကျန်းမာရေး အတွက် နိုင်ငံအတွင်း e-Government လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် နိုင်သည်နှင့် အမျှ အစိုးရနှင့် ပြည်သူအကြား ယုံကြည် ကိုးစားမှု များ ပိုမိုရရှိ လာတော့မည် ဖြစ်သည်။ e-Government လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်နိုင်ရန် အစိုးရနှင့် ပြည်သူအကြား သတင်း အချက်အလက်များ မှန်ကန်စွာ စီးဆင်းနိုင်ရေး အတွက် သတင်း အချက်အလက် လုံခြုံရေး ခြိမ်းခြောက်မှု များကိုလည်း သတိပြု ကြရမည် ဖြစ်သည်။

e-Government လုပ်ငန်းသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လုပ်ငန်း အဝဝ အောင်မြင်မှု ရရှိရန် အဓိက ကျသောကြောင့် နိုင်ငံတကာ နှင့်အမီ ရင်ပေါင်တန်း နိုင်ရေး အတွက် ဌာနဆိုင်ရာ လုပ်ငန်းများကို ခေတ်မီ နည်းပညာများ အသုံးပြုပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်အတွက် အခကြေးငွေ ပေးရသော အတန်းများကို သတ်မှတ်ပေးထားသော နှုန်းအတိုင်းသာ ကောက်ခံရမည်


ရန်ကုန် ၊ ၁၉-၅-၂၀၁၄

၂၀၁၄ -၂၀၁၅ ပညာသင်နှစ် အတွက် အခကြေးငွေဖြင့် တက်ရောက်ခွင့် ပြုသော အတန်းများကို ကျောင်းရန်ပုံငွေ များနှင့် ကျောင်းလခများ ကောက်ခံရာတွင် ၀န်ကြီးဌာန မှ သတ်မှတ် ထားသော နှုန်းထားအတိုင်း ကောက်ခံ ရမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ သတ်မှတ်နှုန်းထား အတိုင်း ကောက်ခံကြရန် သက်ဆိုင်ရာ အခြေခံ ပညာကျောင်း များသို့ အကြောင်းကြား ထားပြီး ဖြစ်ကြောင်း ၊ ယင်း သတ်မှတ်နှုန်ထား အတိုင်း ကောက်ခံခြင်း မရှိသော ကျောင်းများ ၊ ကျောင်းအပ်နှံ ရာတွင် ငွေကြေး ကောက်ခံမှု နှင့် ပတ်သက်၍ ကျေနပ်မှု မရှိပါက ပညာရေး ၀န်ကြီးဌာန သို့ တိုင်တန်း နိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ ကျောင်းအပ် လက်ခံရာတွင် အထက်တန်း မှလွဲ၍ ကျန်သည့် မူလတန်း နှင့် အလယ်တန်း ပညာရေးတို့မှာ အခမဲ့ ဖြစ်ပြီး မည်သည့် အခကြေးငွေမျှ ပေးအပ်ရန် မလိုကြောင်း ၊ ထို့အပြင် မသင်မနေရ အခမဲ့ ပညာရေး စနစ်ဟု သတ်မှတ် ထားသည့် အတန်းများ တွင်လည်း အခြေခံ ပညာကျောင်းများ အားလုံး ပညာရေး ၀န်ကြီးဌာန မှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များ အတိုင်းသာ ဆောင်ရွက် ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျောင်းသား မိဘများ ထံမှ အခြားသော ခေါင်းစဉ်များဖြင့် ငွေကြေး ကောက်ခံခြင်း ၊ ပြင်ပမှ ထုတ်ဝေသည့် Student Guide များ ၊ မှတ်စုတိုများ ၊ လေ့ကျင့်ခန်း စာအုပ်များ ကို ရောင်းချခြင်းများ မပြုလုပ် ကြရန်နှင့် နှစ်စဉ် မေလ နောက်ဆုံးပတ် ကို ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အခြေခံ ပညာကျောင်းများ အားလုံးတွင် ကျောင်းအပ် လက်ခံ သွားရမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

#Themyawadydaily

KIA (ကချင်) လက်နက်ကိုင်အဖွဲ့၏ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီး ပြန်လည် လွတ်မြောက် လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ


KIA (ကချင်) လက်နက်ကိုင်အဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင် ရာတွင် ပြန်လည် လွတ်မြောက် လာသူများအား တွေ့ရစဉ်


နေပြည်တော် ၊ ၁၉-၅-၂၀၁၄

KIA (ကချင်) လက်နက်ကိုင် အဖွဲ့သည် ကချင်ပြည်နယ် အတွင်း မေလ ၃ ရက်မှ ၇ ရက်အထိ မြစ်ကြီးနား မြို့နယ် ၊ မြစ်ဆုံဒေသမှ ဒေသခံ ပြည်သူများ ၊ နိုင်ငံ့ ၀န်ထမ်းများ ၊ ကျောင်းနေအရွယ် ကလေးများ နှင့် အမျိုးသမီး များ စုစုပေါင်း ၅၈ ဦးကို အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး ဖမ်းဆီး ခေါ်ဆောင် သွားသူများအား အမြန်ဆုံး ပြန်လည် စေလွှတ် ပေးနိုင်ရေး အတွက် ဒေသခံ ပြည်သူများမှ နိုင်ငံတော် အစိုးရ နှင့် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရုံး အပါအ၀င် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ သို့ အကူအညီ တောင်းခံစာများ ပေးပို့ခြင်း ၊ တပ်မတော် စစ်ကြောင်းများ မှလည်း ဖိဖိစီးစီးဖြင့် အပင်ပန်းခံ ကြိုးစား ရှာဖွေ ဆောင်ရွက်ခြင်း များ ဆောင်ရွက် ခဲ့သည့်အတွက် KIA (ကချင်) လက်နက်ကိုင် တို့လက်မှ ပြန်လည် လွတ်မြောက် လာသူများ အနက် မေလ ၁၂ ရက်တွင် ၁၈ ဦး ၊ မေလ ၁၆ ရက်တွင် ၂၁ ဦး တို့ကို တပ်မတော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများမှ ၄င်းတို့၏ မိဘ အုပ်ထိန်းသူ များထံ ကောင်းမွန်စွာ ပြန်လည် အပ်နှံ ပေးခဲ့ပြီး ဖြစ်သည်။

ထပ်မံ၍ မေလ ၁၆ ရက်တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့၏ ဖမ်းဆီးခြင်း ခံရပြီး ထွက်ပြေး လွတ်မြောက် လာသူ ၃ ဦး ၊ မေလ ၁၇ ရက်တွင် ပြန်လည် စေလွှတ် ပေးခဲ့သည့် ၇ ဦး နှင့် ထွက်ပြေး လွတ်မြောက် လာသူ ၂ ဦး စုစုပေါင်း ပြန်လည် လွတ်မြောက် လာသူ ၁၂ ဦးတို့အား ယမန်နေ့ နေ့လယ်ပိုင်းတွင် မြစ်ကြီးနားမြို့ ၊ တန်ဖဲကျေးရွာ ၊ မေခ - မလိခ မြစ်ဆုံဒေသရှိ စည်ပင် သာယာ ဧည့်ရိပ်သာ ၌ တပ်မတော် မှ အရာရှိကြီးများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ၄င်းတို့၏ မိဘ အုပ်ထိန်းသူ များထံ ကောင်းမွန်စွာ ပြန်လည် အပ်နှံခဲ့ရာ ယနေ့အထိ စုစုပေါင်း ၅၁ ဦးကို ၄င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ ကောင်းမွန်စွာ ပြန်လည် အပ်နှံ ပေးခဲ့ပြီး ဖြစ်သည်။

ပြန်လည် လွတ်မြောက် လာသူများအား မေးမြန်းချက် အရ လွတ်မြောက်ရန် ကျန်ရှိနေသူ ၇ ဦးမှာလည်း KIA (ကချင်) အဖွဲ့ထံမှ ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရှိရသဖြင့် ၄င်းတို့အား တပ်မတော် စစ်ကြောင်းများ က ဆက်လက် ရှာဖွေလျက် ရှိကြောင်း နှင့် တွေ့ရှိပါက မိဘ အုပ်ထိန်းသူ များထံ ပြန်လည် အပ်နှံ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၁၉-၅-၂၀၁၄) တနင်္လာနေ့



Downlaod Links


Sunday, May 18, 2014

တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့ မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ က ရွှေ့လျား ခွဲစိတ်ကုသယာဉ်ဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးစဉ်


တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ က ရွှေ့လျား ဓာတ်မှန်ရိုက်ယာဉ် အတွင်း ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးစဉ်
နေပြည်တော် ၊ ၁၈-၅-၂၀၁၄

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ နှင့် ကျောက်ပန်းတောင်း မြို့နယ်များ အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောက်ရွက် ပေးရန်အတွက် တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့ သည် ရွှေ့လျား ခွဲစိတ် ကုသယာဉ် ၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ် ၊ အထောက် အကူပြုယာဉ် များဖြင့် မေလ ၁၆ ရက်က မိတ္ထီလာ မြို့နယ် ၊ ရေဝေ ကျေးရွာ၌ အခြေပြု၍ လည်းကောင်း ၊ နယ်လှည့် အထူးကု ဆေးအဖွဲ့ (၁) သည် ရှမ်းမငယ် ကျေးရွာတွင် လည်းကောင်း ၊ နယ်လှည့် အထူးကု ဆေးအဖွဲ့ (၂) သည် ကျောက်အိုး ကျေးရွာတွင် လည်းကောင်း အသီးသီး ဖြန့်ခွဲ၍ အဆိုပါ ကျေးရွာများ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ဆေးဝါး ကုသပေးခြင်း နှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြင်ပလူနာဌာန ၊ ဆေးဝေဌာန ၊ ဆေးကုသမှု ဌာန ၊ အရိုးခွဲစိတ် ဌာန ၊ နား နာခေါင်း အထူးကု ဌာန ၊ သားဖွားမီးယပ် ဌာန ၊ သွားဆေးကု ဌာန ၊ ရောဂါဗေဒ ဌာန ၊ သွေးဖောက် စစ်ဆေးဌာန ၊ ခွဲစိတ်ဌာန ၊ ဓာတ်မှန်ဌာနများ ဖွင့်လှစ်၍ ဆေးကုသခြင်း များ ဆောင်ရွက်ပေးလျက် ရှိရာ မျက်စိရောဂါ လူနာ ၁၂၄ ဦး ၊ ခွဲစိတ်လူနာ ၃၀ ဦး ၊ သွားရောဂါ လူနာ ၃၄ ဦး ၊ ထိခိုက်ဒဏ်ရာရ လူနာ ၈ ဦး ၊ ဖျားနာလူနာ ၁၂၁ ဦး ၊ အရိုးရောဂါ လူနာ ၇၂ ဦး ၊ နား နာခေါင်း လည်ချောင်း ရောဂါလူနာ ၄၄ ဦး ၊ ကိုယ်ဝန်ဆောင် နှင့် သားဖွားမီးယပ် လူနာ ၂၈ ဦး ၊ စုစုပေါင်း လူနာ ၄၆၁ ဦးတို့အား ကုသပေးခဲ့ပြီး ၄င်း လူနာများ နက် ရွေ့လျား ခွဲစိတ် ကုသယာဉ်ဖြင့် သာမန် ခွဲစိတ်လူနာ ၁၆ ဦး ၊ ရွေ့လျား ဓာတ်မှန်ရိုက် ယာဉ်ဖြင့် ဓာတ်မှန်ရိုက်သူ ၂၅ ဦး ၊ အာထရာဆောင်း ရိုက်သူ ၂၁ ဦး တို့အား ခွဲစိတ် ကုသခြင်း ၊ ရောဂါ ရှာဖွေခြင်း များ ဆောင်ရွက် ပေးသည်။

အဆိုပါ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှး ဗိုလ်ချုပ် စိုးထွဋ် နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု၍ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

စာတတ်မြောက်ရေး လှုပ်ရှားမှုမှ အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်ရေးသို့


စာတတ်မြောက်ရေး လှုပ်ရှားမှုမှ အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်ရေးသို့

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တွင် အခြေခံ စာတတ် မြောက်ရေး လှုပ်ရှားမှု များကို ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ မြို့နယ် ၂၉ မြို့နယ်ရှိ ကျေးရွာ ၁၁၆၃ ရွာ၌ စာသင်ဝိုင်း ၄၄၄၇ ဝိုင်းဖြင့် ဆောင်ရွက် ခဲ့ကြရာ စာသင်သား ၄၆၄၇၉ ဦးတို့အား အခြေခံ စာတတ် မြောက်အောင် သင်ကြား ပေးနိုင်ခဲ့ သည်။ အခြေခံ စာတတ် မြောက်ရေး လှုပ်ရှားမှုများ၌ တက္ကသိုလ် ကျောင်း ၃ဝ မှ အခြေခံ စာတတ် မြောက်ရေး နည်းပြ သင်တန်း တက်ရောက်ပြီး သည့် လုပ်အားပေး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၄၂၆၁ ဦးတို့က ကြီးကြပ်သူ ဆရာ၊ ဆရာမ ၄ဝ၃ ဦးနှင့်အတူ အခြေခံ စာတတ် မြောက်ရေး စာစဉ်များဖြင့် သင်ကြား ပြသပေး ခဲ့ကြသည်။

၂ဝ၁၄ ခုနှစ် အခြေခံ စာတတ် မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားကို မန္တလေး မြို့တော်ခန်းမ ၌ မေ ၁၅ ရက် ညနေ ၅ နာရီတွင် ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြား ခဲ့သည်။ နိုင်ငံတော် သမ္မတ က ဂုဏ်ပြု အမှာစကား ပြောကြား ရာတွင် မိမိတို့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများကို ကြိုးပမ်း ဆောင်ရွက် ရာတွင် အခြေခံ လိုအပ် ချက် ဖြစ်သည့် နိုင်ငံသား အားလုံး စာတတ်မြောက် ရေးသည် အရေးကြီးသော လိုအပ်ချက် တစ်ခု ဖြစ်ပါကြောင်း၊ အလိမ္မာ စာမှာရှိ ဆိုသကဲ့သို့ စာတတ်မှသာ အမှားအမှန် ကို ခွဲခြား သိနိုင်မည် ဖြစ်ပြီး အကောင်းအဆိုး ကိုလည်း ဆုံးဖြတ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာတတ် မြောက်ရေးကို ရှေးဘုရင်များ လက်ထက်မှ စပြီး အစိုးရ အဆက်ဆက် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ စာပေ ပျောက်လျှင် လူမျိုးပါ ပျောက်သွား နိုင်သည့် အတွက် လူမျိုး မပျောက်အောင် စာပေ တတ်မြောက်ရေး သည် အမျိုးသားရေး တာဝန် ဖြစ်ပါကြောင်း ဖြင့် ပြောကြား ခဲ့သည်။

အလိမ္မာ စာမှာရှိ ဆိုသကဲ့သို့ စာတတ်မှသာ အမှားအမှန်ကို ခွဲခြား သိနိုင်ပြီး အကောင်းအဆိုး ကိုလည်း ဆုံးဖြတ် နိုင်ရန် စာတတ်ပြီးသော ပြည်သူများက စာဖတ်ကြ ရမည် ဖြစ်သည်။ မိမိ ဖတ်ပြီးသော စာမှရရှိသည့် ဗဟုသုတ နှင့် အတွေးအမြင် တို့ကိုလည်း အခြား သူများအား မျှဝေကြပါက ပိုမို အကျိုးပြု နိုင်မည် ဖြစ်သည်။ စာရေးဆရာ တို့တွင် အဓိက အားဖြင့် ရည်ရွယ်ချက် နှစ်မျိုး ရှိတတ်ကြရာ စာဖတ်သူအား အသိပညာ ဗဟုသုတ ပေးလိုသော ရည်ရွယ်ချက် နှင့် စာဖတ်သူ၌ စေတနာ ဖြစ်လာစေရန် နှိုးဆော်ပေး လိုသော ရည်ရွယ်ချက် တို့ ဖြစ်သည်ဟု ဆိုပါသည်။

စေတနာ နှိုးဆော်စာ မျိုးမှာ စာရေးဆရာ သိသော အကြောင်းအရာ တို့ကို အခြေပြု၍ စာရေးသူ၏ စေတနာကို အဓိက ထားကာ စိတ်ကူးဉာဏ် တည်းဟူသော ဆေးရောင်စုံဖြင့် ခြယ်၍ ရေးသည်။ ထို့ကြောင့် စာဖတ်သူထံသို့ စာရေးသူ၏ စိတ်ကူးဉာဏ် လွှမ်းမိုးလာပြီး နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ သနားခြင်း၊ စိတ်ထက်သန်ခြင်း၊ ရဲရင့်ခြင်း၊ အံ့သြခြင်း၊ ချစ်ခင် မြတ်နိုးခြင်း၊ စက်ဆုပ်ခြင်း နှင့် ကဲ့ရဲ့ခြင်း တို့ ဖြစ်လာသည်။ ဤသို့ ဖြင့် စာဖတ်သူသည် မိမိ ပတ်ဝန်းကျင်ကို ခံစားမှု အသိဖြင့် ဆင်ခြင်တုံ တရားတို့ ပေါင်းစပ်၍ အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ် တို့ကို သဘောပေါက် လာပြီး ဘဝအသိ ရရှိနိုင်မည် ဖြစ်သည်။

စာပေ ပညာရှင်ကြီး များ၏ အဆိုအမိန့် အရ စာပေ အမျိုးအစား ခွဲခြားကြရာ၌ အရည်မရ အဖတ်မရ ကွမ်းဝါး သကဲ့သို့ စာပေမျိုး၊ အရည်သာ ရ၍ အဖတ်မရ သော ကြံရည်ကဲ့သို့ စာပေမျိုးနှင့် အရည်ရော အဖတ်ပါ စားရသည့် နို့မလိုင်ကဲ့သို့ စာပေမျိုးဟူ၍ သုံးမျိုး ရှိကြောင်းနှင့် စာဖတ်ရာတွင် အရည်ရော အဖတ်ပါ စားရပြီး အာဟာရ နှင့်လည်း ပြည့်စုံသော နို့မလိုင်ကဲ့သို့ စာပေမျိုးကို ဖတ်ကြရန် သွန်သင်ခဲ့ ကြသည်။

သို့ဖြစ်၍ အလိမ္မာ စာမှာရှိ ဆိုစကား အတိုင်း စာတတ်မြောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက် နေကြချိန် တွင် တစ်ဖက် ကလည်း အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်း မြှင့်တင်ရေး အတွက် အာဟာရ ဖြစ်စေမည့် စာပေများ ဖတ်ရှု လေ့လာနိုင်ရန် အားပေး ဆောင်ရွက် ကြရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger