www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 29, 2013

အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာကို တက္ကသိုလ် ၀င်တန်း အောင်သူ မည်သူမဆို လျှောက်ထားနိုင်


ရန်ကုန် ၊ ၂၉-၉-၂၀၁၃

ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန် နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြု ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့် စာရင်းတွင် ပါဝင်နေသည့် အတွက် ပညာ အရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန်မာနိုင်ငံ သား မည်သူမဆို အောက်တိုဘာ ၂ ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ် ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မဟာ ဗန္ဓုလလမ်း ရှိ YMCA ခန်းမ၌ ကျင်းပသော အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာ ကံစမ်းမဲ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သံရုံး မှ Vice Consul. Jonathan Chestnut က ပြောကြား ခဲ့ကြောင်း သိရသည်။

" မြန်မာနိုင်ငံရဲ့ အမေရိကန် ပြည်ဝင်သူ ဦးရေဟာ နှစ်စဉ် နိုင်ငံတကာထက် နည်းပါးပါတယ် ၊ ဒါကြောင့် DV ဗီဇာ ကံစမ်းမဲ ၀င်ခွင့် အခွင့်အလမ်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွေကို အမေရိကန် သံရုံး(ရန်ကုန်) အနေနဲ့ ပြုလုပ်ပေး တာပါ ၊ ဘယ် နိုင်ငံသား မဆို အမေရိကန် နိုင်ငံမှာ အခြေချ နေထိုင်ခွင့် ရှိပါတယ် ၊ ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ အမေရိကန် နိုင်ငံကို နှစ်စဉ် ပြည်ဝင်ခွင့် ဦးရေ ငါးသောင်း သတ်မှတ်ထား ပါတယ် ၊ တစ်နိုင်ငံကို ၇ ရာခိုင်နှုန်း ပြည်ဝင်ခွင့် ရှိပါတယ် ၊ အဲ့ဒီထဲမှာ မြန်မာနိုင်ငံ လည်း အပါအဝင် ဖြစ်ပါတယ် ၊ အထူးသဖြင့် ဖွံ့ဖြိုးမှု နည်းတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အထူး အခွင့်အရေး ပေးတာပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

လျှောက်ထားသူ မြန်မာနိုင်ငံ သားများ အနေဖြင့် www.dvlottery.state.gov ကိုဝင်ကြည့်ပြီး လိုအပ်သည့် အချက်အလက် များကို ရယူနိုင်သည်။ အနိမ့်ဆုံး ပညာ အရည်အချင်း တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်။ အလုပ် လုပ်ကိုင်သူများ အတွက် အနည်းဆုံး လုပ်သက် ၂ နှစ်ရှိရမည်။ မိမိလုပ်ခဲ့သော အလုပ်အကိုင် ရာထူးသည် Job Zone ၄ နှင့် ၅ ရှိ Specific Vocational အဆင့် ၇ နှင့်အထက် တွင်ရှိရမည် ဖြစ်သည်။


လျှောက်ထား သူများ အနေဖြင့် DV ဗီဇာကို အောက်တိုဘာလ ၂ ရက်မှ စတင်ပြီး www.dvlottery.state.gov တွင် နိုဝင်ဘာ ၂ ရက်အထိ တစ်လကြာ လျှောက်ထား နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထား လျှင် DV information ကုတ်နံပါတ် ရရှိမည် ဖြစ်သည်။ ထို ကုတ်နံပါတ် ကို မိမိ ကိုယ်တိုင် လျှို့ဝှက် မှတ်ထား ရမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် မေလ တွင် www.dvlottery.state.gov ၌ DV information ကုတ်နံပါတ်ကို ရိုက်ထည့်ပြီး DV ဗီဇာဝင်ခွင့် ပါမပါ ကြည့်ရှု နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထားမှု များတွင် ဗီဇာကျ သည်အထိ ငွေကြေး ကုန်ကျမှု လုံးဝမရှိဘဲ ဗီဇာကျပြီး အမေရိကန် သံရုံး (ရန်ကုန်) တွင် အင်တာဗျူး ၀င်မှသာ ငွေကြေး ကုန်ကျမည် ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံထုတ် လေယာဉ် နှစ်စင်း နိုဝင်ဘာတွင် ရောက်ရှိမည်


နေပြည်တော် ၊ ၂၉-၉-၂၀၁၃

မြန်မာ့လေကြောင်း မှ ဝယ်ယူထားသည့် ခရီးသည် ၁၂ ဦးဆံ့ပြီး ကုန်ချိန် ကီလိုဂရမ် တစ်ထောင်ခန့် သယ်ဆောင် နိုင်မည့် အမေရိကန် နိုင်ငံထုတ် လေယာဉ် ၂ စင်း နိုဝင်ဘာလ တွင် ရောက်ရှိ မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ် ၂ စင်းသည် မြန်မာနိုင်ငံ အတွင်း သွားလာရ ခက်ခဲသော ဒေသများ အတွက် အသုံးပြု သွားမည် ဖြစ်ပြီး ကွင်းတို လေယာဉ်ကွင်း များတွင် ဆင်းသက် နိုင်ကြောင်း ၊ Grand Caravan 208 B  အမျိုးအစားများ ဖြစ်ပြီး အမေရိကန် နိုင်ငံ  CESSNA လေယာဉ် ကုမ္ပဏီမှ ထုတ်လုပ်သော လေယာဉ်များ ဖြစ်ကြောင်း သိရှိရသည်။


'' အောက်တိုဘာလ အတွင်းမှာ သွားရောက် လက်ခံမှာ ဖြစ်ပါတယ် ၊ သွားလာရ ခက်တဲ့နေရာ တွေအတွက် ရွေးချယ် မှာထားတာပါ ၊ နေရာမရွေး ပြေးဆွဲနိုင် အောင် လုပ်ဆောင်ခြင်း လည်းဖြစ်ပါတယ် ... ''ဟု ၄င်းက ပြောကြားသည်။ လက်ရှိတွင် မြန်မာ့လေကြောင်း လိုင်းမှ ATR - 42 လေယာဉ် တစ်စင်း ၊ ATR - 72 လေယာဉ် နှစ်စင်း ၊ Beech 1900 D လေယာဉ် နှစ်စင်း ၊ Embraer 190 လေယာဉ် နှစ်စင်း စုစုပေါင်း ခုနှစ်စင်း ဖြင့် မြို့ပေါင်း ၂၆ မြို့သို့ ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိနေကြောင်း ၊ ထပ်မံ၍ လိုအပ်ချက်များ အပေါ် မူတည်ပြီး ဝယ်ယူ ပြေးဆွဲနိုင် ရန်လည်း အစီအစဉ်များ ရှိနေကြောင်း လည်း သိရှိရသည်။

ရောင်းချရန် ပြန်ပေးဆွဲ ခံထားရသော ကလေးငယ် ၉၂ ဦးအား တရုတ်ရဲတပ်ဖွဲ့ ကယ်တင်


ပေကျင်း ၊ ၂၉-၉-၂၀၁၃

တရုတ်ရဲတပ်ဖွဲ့ သည် ရောင်းချရန် အတွက် ဂိုဏ်းဖွဲ့ တစ်ခု၏ ပြန်ပေးဆွဲခြင်း ခံထားရသော ကလေးငယ် ၉၂ ဦးနှင့် အမျိုးသမီး ၂ ဦးအား ကယ်တင်ခဲ့ပြီး သံသယ ရှိသူ ၃ဝ၁ ဦးအား ဖမ်းဆီးခဲ့ ကြောင်း ယခုနှစ်များ အတွင်း လူမှောင်ခို ကူးမှုနှင့် ပတ်သက်၍ အကြီးမားဆုံး ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှု ဖြစ်ကြောင်း တရုတ်နိုင်ငံ ပိုင် ဆင်ဟွာ သတင်းဌာနက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

တရုတ် ရဲတပ်ဖွဲ့သည် ၆ လကြာ စုံစမ်းမှု ပြုလုပ် ခဲ့ပြီးနောက် ပြည်နယ် ၁၁ ခုရှိ နေရာ အသီးသီး အား တစ်ပြိုင်နက် တည်းဝင်ရောက် စီးနင်း ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာန က ဖော်ပြခဲ့သည်။


သို့ရာတွင် ထိုသို့ ကယ်ဆယ်မှုနှင့် ဖမ်းဆီးမှု ပြုလုပ်သည့် ရက်စွဲ အတိအကျ နှင့် ပြန်ပေးဆွဲ ခံထားရသော ယောက်ျားလေး နှင့် မိန်းကလေး အရေအတွက် တို့ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိကြောင်း သိရသည်။ ကျေးလက် ဒေသများတွင် သားယောက်ျား ကလေးများအား ပိုမို အလေးပေး မှုနှင့် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒတို့သည် လွန်ခဲ့သော နှစ်များတွင် ကလေးသူငယ် နှင့် အမျိုးသမီး များအား လူမှောင်ခို ကူးမှု ပိုမိုမြင့်မား လာစေခဲ့ပြီး ပြန်ပေးဆွဲ ခံရသော အမျိုးသမီး များသည် တစ်အိမ်ထောင် ကလေး တစ်ယောက် မူဝါဒ၏ အကျိုးဆက် အဖြစ် အမျိုးသားနှင့် အမျိုးသမီး ဦးရေ မညီမျှမှု အရ သတိုးသမီး များ ရှာဖွေရန် မတတ်နိုင်သော တရုတ်နိုင်ငံ အစွန်အဖျား ဒေသများရှိ အမျိုးသား များထံသို့ ရောင်းချခံ ရကြောင်း သိရသည်။ တရုတ် အစိုးရသည် ပြန်ပေးဆွဲ ခံရသော ကလေးငယ် များအား ဝယ်ယူသူ များကို ပြင်းပြင်း ထန်ထန် အပြစ်ပေး သွားမည် ဖြစ်ပြီး ရောင်းချသော မိဘများ ကိုလည်း အပြစ်ပေး သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြခဲ့သည်ဟု သိရှိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ကို အောက်တိုဘာ လကုန်ခန့်တွင် ပြုလုပ်ရန် ပြင်ဆင်


၂၉-၉-၂၀၁၃

မွန်အမျိုးသားကွန်ဖရင့် ( Mon National Conference ) ကို မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ ၌ ယမန်နေ့ နံနက်ပိုင်း တွင် ကျင်းပရာ (ပုံ) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ၊ ဦးမြင့် ၊ ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် နှင့် ပြည်နယ် ၀န်ကြီးများ ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ ၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များ ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များမှ ခေါင်းဆောင်များ ၊ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် က အဖွင့်အမှာ စကား ပြောကြားရာ တွင် မွန်ပြည်နယ် ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြပါရန် တိုက်တွန်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က ပြောကြားရာတွင် ယနေ့အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၄)ဖွဲ့နှင့် ပြည်နယ်အဆင့် ၊ ပြည်ထောင်စု အဆင့် သဘောတူ စာချုပ်ပေါင်း (၃၇)ခု ချုပ်ဆိုနိုင် ခဲ့ပါကြောင်း ၊ အဖွဲ့အချို့နှင့် ဆက်လက် ဆွေးနွေး နေဆဲ ဖြစ်ပါကြောင်း ၊ အောက်တိုဘာလ ပထမပတ် အကုန်ခန့် တွင် ကေအိုင်အို အဖွဲ့နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို မြစ်ကြီးနား မြို့တွင် ကျင်းပရန် မူအားဖြင့် နှစ်ဖက် သဘောတူ ထားပြီး ဖြစ်ပါကြောင်း ၊ မိမိတို့ အနေဖြင့် အပစ်အခတ် ရပ်စဲရေး ရရှိရန် ကြိုးစား ဆောင်ရွက် နေခြင်းသည် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေး မှုများ လုပ်ဆောင် နိုင်မှသာ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ကို တည်ဆောက် နိုင်မည် ဆိုသည့် အချက်ကို လက်ခံထား ပါကြောင်း ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု (Nation Wide Ceasefire Agreement ) ဆောင်ရွက်လျှင် အဖွဲ့ (၁၆)ဖွဲ့ လုံးကို ဖိတ်ကြားမည် ဖြစ်ပြီး မည်သည့် အဖွဲ့ကိုမျှ ခွဲခြားခြင်း ၊ ချန်ထားခြင်း ပြုလုပ်မည် မဟုတ် ပါကြောင်း ၊ ယင်းကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ကုန် ခန့်တွင် ပြုလုပ်ရန် ပြင်ဆင်လျက် ရှိပါကြောင်း ၊ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိသည်နှင့် နိုင်ငံရေး ဆွေးနွေးမှု အဆင့်ကို တက်လှမ်းမည် ဖြစ်ပြီး ကြားကာလတွင် Political Dialogue Framework ဟုခေါ်သည့် နိုင်ငံရေး ဆွေးနွေးမှု အတွက် လိုအပ်သော မူဘောင်များကို တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် အကျေအလည် ညှိနှိုင်းရေးဆွဲ သွားမည် ဖြစ်ပါကြောင်း ၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ကြီးအတွက် မူဘောင် ရေးဆွဲရေးကို နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလတွင် ဆောင်ရွက်ရန် ရည်မှန်းချက်ထား ပြင်ဆင်လျက် ရှိပါကြောင်း ၊ ထိုသို့ ဆောင်ရွက် ရာတွင်လည်း နိုင်ငံတော် အစိုးရ ၊ တပ်မတော် ၊ လွှတ်တော် ၊ တိုင်းရင်းသားများ ၊ အပစ်အခတ် ရပ်စဲ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၊ နိုင်ငံရေး ပါတီများနှင့် ညှိနှိုင်း ရေးဆွဲနိုင်ရန် ရည်ရွယ် ထားပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက် နေမှုများကို ပြောကြားသည်။ ယင်းနောက် မွန်အမျိုးသား ကွန်ဖရင့် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မင်းကြည်ဝင်း က ကွန်ဖရင့်၏ ရည်ရွယ်ချက် နှင့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်း တင်ပြသည်။


ထို့နောက် ပြည်ထောင်စု ၀န်ကြီးများ ၊ ပြည်နယ် ၀န်ကြီးချုပ် ၊ နိုင်ငံရေး ပါတီများ နှင့် တက်ရောက် လာကြ သူများသည် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သိရှရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၉-၂၀၁၃) တနင်္ဂနွေနေ့



Download Links


Friday, September 27, 2013

သီဟထွန်း ကုမ္ပဏီမှ အိန္ဒိယနိုင်ငံ ထုတ် ထွန်စက်များ အရစ်ကျ ရောင်းချပေးမည်


မုံရွာ ၊ ၂၇-၉-၂၀၁၃

မုံရွာမြို့ ၊ စက်မှုဇုန်(၁) မြို့ပတ်လမ်း အနီးရှိ သီဟထွန်း ကုမ္ပဏီမှ အိန္ဒိယ နိုင်ငံထုတ် ထွန်စက်များကို ဧရာဝတီဘဏ် နှင့် ချိတ်ဆက်၍ တောင်သူ များသို့ အရစ်ကျ ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အခြေစိုက် Escort Company သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် Yangon Tractor Co., Ltd  ရုံးဖွင့်၍ အင်းစိန် မြို့နယ် ၊ ဘုရင့်နောင် လမ်းတွင် Show Room တစ်ခု ဖွင့်လှစ် ထားရှိပြီး ရောင်းအား မြှင့်တင်ရေး စီမံချက် အနေဖြင့် မန္တလေးမြို့ စက်မှုဇုန်(၁) ၊ ပဲခူးတိုင်း ဒေသကြီး ဥဿာမြို့သစ် ၊ ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့ နှင့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ၊ စက်မှုဇုန်(၁)ရှိ သီဟထွန်း ကုမ္ပဏီ တို့တွင် အရောင်း ပြခန်းများ ဖွင့်လှစ်၍ တောင်သူများ အတွက် ထွန်စက်များကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးလျက် ရှိကြောင်း သိရသည်။

မုံရွာမြို့ ၊ စက်မှုဇုန် (၁)ရှိ သီဟထွန်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက '' အထူး အစီအစဉ် အဖြစ် မည်သည့် တိုင်းဒေသကြီး မှ မပေးအပ် ခဲ့တဲ့ လက်ငင်း ရောင်းချမှု အစား အရစ်ကျ (၂)ရစ် ၊ (၄)ရစ် စနစ်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ အိန္ဒိယနိုင်ငံ ထုတ် Escort ထွန်စက် ဝယ်ယူလိုသော တောင်သူကြီး များကို ဧရာဝတီဘဏ် နှင့် ချိတ်ဆက်ပြီး ရောင်းချ ပေးသွားမှာ ဖြစ်ပါ တယ် .. .. '' ဟု ပြောကြား သည်။


သီဟထွန်း ကုမ္ပဏီသည် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေး နှစ်တွင် လေးဘီး ထွန်စက်ငယ် များကို မော်ဒယ်မြှင့် တင်၍ မြင်းကောင်ရေ (၂၈)ကောင် အင်ဂျင်ဖြင့် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်း ၊ လယ်ယာသုံး စက်ကိရိယာ များမှ ဆက်စပ် ပစ္စည်းများကို ခေတ်မီ စက်ကိရိယာ များ အသုံးပြု၍ ဖြတ်ခြင်း ၊ လိုအပ်သည့် ပုံစံများ ပုံဖော် ပေးခြင်းများကို လက်ခံ ဆောင်ရွက် ပေးခြင်း ၊ လယ်ယာသုံး လေးဘီး ထွန်စက်ငယ် ပုံစံအမှတ် MT-04 (06/07) နှင့် MT-05 (06/07) , MT-05 (06/07)  အင်ဂျင်အား မြင်းကောင်ရေ (၂၈)နှင့် တွဲဖက် အသုံးပြုသည့် လယ်ယာသုံး ကိရိယာ အမျိုးမျိုးကို တောင်သူများ စိတ်တိုင်းကျ ဝယ်ယူ နိုင်ရန် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချ ပေးလျက် ရှိကြောင်း သိရှိရသည်။

တရားမဝင် မြန်မာ အလုပ်သမား (၁၅)ဦး ထိုင်းနိုင်ငံမှ လွှဲပြောင်း



တာချီလိတ် ၊ ၂၇-၉-၂၀၁၃

ရှမ်းပြည်နယ် ( အရှေ့ပိုင်း) တာချီလိတ် မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား၌ ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၁၁ နာရီက ခရိုင်/ မြို့နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာ များ ပါဝင်သော အဖွဲ့သည် ထိုင်းနိုင်ငံ လဝက ဦးစီးအရာရှိ စာစီတွန် ၊ မယ်ဆိုင်ခရိုင် လဝကမှူး ဖနော်ကျာ လူဖတ် ၊ မယ်ဆိုင်ခရိုင် ဒုလဝကမှူး ဆက်ဒါးရန် စုကျမ်း နှင့် ဒုလဝကမှူး ယဆဲန်ခုမ် ဟန်ဆန် တို့မှ မြန်မာ အလုပ်သမား ကျား (၁၄)ဦး၊ မ(၁)ဦး စုစုပေါင်း (၁၅)ဦး ကို လွှဲပြောင်း လက်ခံခြင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။

အလုပ်သမား (၁၅)ဦးအား လာရောက် လွှဲပြောင်း အပ်နှံစဉ် ထိုင်းနိုင်ငံ ရဲချုပ်ရုံးမှ ရဲဗိုလ်ချုပ်ကြီှး Santi Phensit ၊ ဒုလဝက ချုပ်ဗိုလ်မှူးချုပ် Montare ၊ ဒုလဝကချုပ် ဗိုလ်မှူးချုပ် Chitsanv နှင့် အမှတ်(၅) လဝကဒု တိုင်းဦးစီးမှူးကြီး ဗိုလ်မှူးကြီး Jesada Yaison တို့လာရောက် ကြည့်ရှု့ ခဲ့ရာ မြန်မာဘက်မှ တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲမှူး(ဦးစီး) ရဲမှူး သန့်ဇင်၊ ကျိုင်းတုံ လူကုန်တား တပ်ဖွဲ့စုမှူး ရဲမှူး စိုးတင့် ၊တာချီလိတ် လူကုန်တား ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး ရင်ရင်အေး ၊ တာချီလိတ် မကဖ(၈)မှ ဦးစီး အရာရှိ ဦးဝင်းအောင် တို့မှ ကြိုဆို ခဲ့ကြသည်။

လွှဲပြောင်း လက်ခံ ခဲ့သော မြန်မာ နိုင်ငံသား (၁၅)ဦးတို့အား တာချီလိတ်မြို့ ၊ မကာဟိုခမ်း ရပ်ကွက် ၊ မဟာမြတ် မုနိဘုရား ကျောင်းအတွင်း အခြေပြုပြီး ပူးပေါင်းအဖွဲ့ ဖြင့် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် ရောက်ခဲ့ပြီး ၊ နေထိုင်ခွင့် ကတ်များ မရှိခြင်းနှင့် နယ်စပ် ဖြတ်သန်းခွင့် (၇)ရက် ကျော်လွန်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက် အရ ဖမ်ဆီး ခံရခြင်း ဖြစ်ပြီး ၄င်းတို့မှာ လူကုန်ကူး ခံရခြင်း မရှိကြောင်း ၊လွှဲပြောင်း အလုပ်သမား (၁၅)ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် နေ့လည် ၃နာရီခွဲ အချိန် ၄င်းတို့၏ မိဘဆွေမျိုး များထံ ခံဝန်ဖြင့် အပ်နှံ ခဲ့ပေးခဲ့ကြောင်း သိရသည်။


၃-၁၂-၂ဝဝ၈ ရက်နေ့မှ ၂၅-၉-၂ဝ၁၃ ရက်နေ့ထိ လွှဲပြောင်း ပေးခဲ့သည့် မြန်မာ အလုပ်သမား ကျား (၄၉၃၁)ဦး ၊ မ (၁၆၉၉)ဦး စုစုပေါင်း (၆၆၃ဝ)ဦး ရှိကြောင်း သိရှိရသည်။

ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ ၊ ရေဘေးသင့် အိမ်ထောင်စု များအား ထောက်ပံ့ ပစ္စည်းများ ကူညီပေးအပ်



ဘုတ်ပြင်း ၊ ၂၇-၉-၂၀၁၃

ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲတွင် စက်တင်ဘာ ၂၃ ရက် က မိုးသည်းထန် သဖြင့် လေညှာ မြစ်ရေ မြှင့်တက်လာမှု ကြောင့် ရေဘေးသင့် ရပ်ကွက် နှင့် ကျေးရွာများ မှ မိသားစု များအား ထောက်ပံ့  ပစ္စည်းများ ပေးအပ် ကူညီခြင်း အစီအစဉ် ကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် (၉) နာရီက ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ ရေဘေးသင့် မိသားစု များအား ယာယီ နေရာချ ထားပေးသည့် ကယ်ဆယ်ရေး စခန်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။


ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းသာ နှင့် ဌာနဆိုင်ရာများ ၊ NGO  အဖွဲ့များ  ၊ ရပ်မိရပ်ဖ စေတနာရှင်များ  မှ ၀ိုင်းဝန်း ပေးအပ် ကူညီသည့်  အ၀တ်အထည်များ ၊ ဆန် နှင့် ရိက္ခာခြောက်များ ၊ အခြား အိမ်သုံး ပစ္စည်းများအား ရေဘေးသင့် မိသားစုများ ဖြစ်သည့်  ပြည်ကြီးမဏ္ဍိုင်ရပ်ကွက် မှ အိမ်ထောင်စု (၅) စု နှင့် လူဦးရေ (၃၂)ဦး ၊ လေညှာ အရှေ့ရပ်ကွက် မှ အိမ်ထောင်စု (၃၅ )စု နှင့်လူဦးရေ (၁၅၃)ဦး ၊ ထောင်ငါးသိုင်းချောင်း ကျေးရွာအုပ်စု ၊ ချောင်းမွန် ကျေးရွာ မှ အိမ်တောင်စု (၃၂)စု နှင့် လူဦးရေ (၁၂၄) ဦးတို့အား ၊သွားရောက် ထောက်ပံ့   ပေးအပ် ကူညီခဲ့ကြောင်း သိရှိရသည်။



PHOTOMARATHON ပြိုင်ပွဲ မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ကျင်းပမည်


ရန်ကုန် ၊ ၂၇-၉-၂၀၁၃

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် PHOTOMARATHON ပြိုင်ပွဲ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ PHOTOMARATHON ဆိုသည်မှာ ဓာတ်ပုံ ပညာရှင် ပေါင်းများစွာ ပူးပေါင်း၍ အချိန် အပိုင်းအခြား ကာလတို အတွင်း ကဏ္ဍပေါင်း များစွာ သတ်မှတ်ပြီး ကျရာ ခေါင်းစဉ်ပေါ်တွင် ပါဝင်အောင် ပြိုင်ပွဲဝင် ရိုက်ကူး ရသည့်ပွဲ ဖြစ်သည်။

ကမ္ဘာတွင် PHOTOMARATHON ပြိုင်ပွဲ များကို ကျင်းပနေသော နိုင်ငံပေါင်း များစွာ ရှိနေပြီး မြန်မာနိုင်ငံ တွင် PHOTOMARATHON ပြိုင်ပွဲ အား YAT Group က ဦးဆောင်ကာ ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ အတွင်း ကျင်းပရန် စီစဉ် ထားကြောင်း ပွဲစီစဉ်သူ ကိုရဲအောင်သူ က ပြောသည်။ အဆိုပါ ပွဲသည် မာရသွန်ပြေးပွဲ တွင် ကလေးအရွယ် မှစကာ သက်ကြီး ရွယ်အိုများ အထိ အရွယ်မျိုးစုံ ၊ ကျောင်းသား လူငယ် ၊ ၀န်ထမ်းများ ၊ အရာရှိများ ၊ အငြိမ်းစားများ စသည့် လူတန်းစား ပေါင်းစုံ ပါဝင် ဆင်နွှဲ သကဲ့သို့ PHOTOMARATHON ပြိုင်ပွဲ မှာလည်း Professional များ Amateur များ မခွဲခြားဘဲ ဓာတ်ပုံ ဆရာများစွာ စုစည်း ပါဝင်နိုင်ကြောင်း ကို ပွဲစီစဉ်သူ တစ်ဦး ဖြစ်သူ မနန်းညီ က ပြောသည်။


ပြိုင်ပွဲ ပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက် မှာ လူအများ နှင့် ပရဟိတ အဖွဲ့အစည်း များ အနေဖြင့် လူမှုဘ၀ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ် ရတွင် ဓာတ်ပုံများကို ထည့်သွင်း အသုံးပြု လာစေရန် ၊ လူမှုဘ၀ ဓာတ်ပုံများကို Photo Bank အနေဖြင့် စုစည်း ထိန်းသိမ်း ထားပြီး Creative Commons License ဖြင့် မျှဝေ အသုံးပြု နိုင်ရန် ဓာတ်ပုံ အထောက်အကူ အရင်းအမြစ် များ ထောက်ပံ့ပေး နိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။

ကော်ရှူသူများ ကလေးငယ်များ ပြစ်မှုကျူးလွန်ပါက ကလေးသူငယ်ဥပဒေဖြင့် အရေးယူမည်



ရန်ကုန် ၊ ၂၇-၉-၂၀၁၃

ကော်ရှူလူငယ် အများစုမှ စိတ် အခြေအနေ နှင့် အခြား ပြဿနာ များကြောင့် ခိုးမှုများ ကျူးလွန် လာနိုင်သဖြင့် ရာဇ၀တ်မှု ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိပါက ကလေးသူငယ် ဥပဒေ အတိုင်း အရေးယူ သွားမည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန မှ သိရသည်။

ကော်ဘူး တစ်ဘူးလျှင် ကျပ် ၃၀၀၀ မှ ၃၅၀၀ ကြားသာ ရှိသော်လည်း မတတ်နိုင်သည့် ကလေးများ အနေဖြင့် ခိုးယူမှုများ ပြုလုပ် လာနိုင်သည့် အတွက် ကော်ရှူ အလေ့အထ တားဆီးမှု ဥပဒေကို လွှတ်တော်တွင် တင်ပြ သွားရန် အစီအစဉ် ရှိကြောင်း မူးယစ် ဆေးစွဲသူများ ပြန်လည် ထူထောင်ရေး အသင်း မှ သိရသည်။


ကော်ရှူမှုသည် အသက် ၁၀ နှစ်မှ ၁၈ နှစ်အောက် လူငယ်များ အကြား တဖြည်းဖြည်း ရေပန်းစား လာကာ ကျောင်းသား လူငယ်ထု အကြားပါ ပျံ့နှံ့ လာသဖြင့် အခြေခံ လူတန်းစား များသော မြောက်ဥက္ကလာပ ကျောင်းသား များတွင် အောက်တိုဘာလ မှစတင်၍ အသိပညာပေး မှုများ ပြုလုပ် သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ ကော်မတီ နှင့် ဌာနဆိုင်ရာ များသို့ ဖိတ်ကြား သွားမည် ဖြစ်ကြောင်း မူးယစ် ဆေးစွဲသူများ ပြန်လည် ထူထောင်ရေး အသင်းမှ သတင်း ထုတ်ပြန် ထားကြောင်း သိရှိရသည်။

J-31 ကိုယ်ပျောက် တိုက်လေယာဉ်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရန် တရုတ်စီစဉ်



ပေကျင်း ၊ ၂၇-၉-၂ဝ၁၃

တရုတ်နိုင်ငံ ၏ ရှန်ယန်း လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း မှ ဒီဇိုင်း ရေးဆွဲထားသော J-31 ပဉ္စမ မျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် များကို တရုတ်လေတပ် နှင့် ရေတပ်အတွက် မဟုတ်ဘဲ ပြည်ပ ဈေးကွက်သို့ တင်ပို့ရန် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ရေတပ်မှ ရေတပ်ဗိုလ်ချုပ်ကြီး Zhang Zhaozhong က ပြောကြား ခဲ့သည်ဟု စက်တင်ဘာ ၂၆ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။  

ဲJ-31 တိုက်လေယာဉ် သည် လေယာဉ်တင် သင်္ဘောတွင် အသုံးပြုမည့် တရုတ် ရေတပ်၏ အနာဂတ် ကိုယ်ပျောက် တိုက်လေယာဉ် တစ်မျိုး ဖြစ်လာနိုင်ဖွယ် ရှိကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် မဟာဗျူဟာ စာစောင်မှ သုံးသပ် ခန့်မှန်း ထားသော်လည်း J-31 တိုက်လေယာဉ် ကို တရုတ် လေယာဉ်တင် သင်္ဘောများတွင် အသုံးပြု သွားဖွယ် မရှိကြောင်း ၊ ချန်ဒူးလေယာဉ် ထုတ်လုပ်ရေး စက်မှု လုပ်ငန်းစုမှ ထုတ်လုပ်သော J-20 တိုက်လေယာဉ် နှင့် ကွဲပြား ခြားနားသော J-31 တိုက်လေယာဉ် သည် တရုတ်စစ်ဘက် အတွက် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး Zhang က ပြောကြားသည်။

တရုတ်နှင့် ပါကစ္စတန်တို့ ဒီဇိုင်း ပူးတွဲ ရေးဆွဲခဲ့သော FC-1/ JF-17 Xiaolong တိုက်လေယာဉ် ကဲ့သို့ပင် J-31 တိုက်လေယာဉ် သည် မြောက်ကိုရီးယား နှင့်အီရန် အပါအဝင် တရုတ် နိုင်ငံ၏ မဟာမိတ်များ နှင့် မဟာဗျူဟာ မိတ်ဖက်များသို့ ရောင်းချရန် ရည်ရွယ် ထုတ်လုပ်သော လေယာဉ် တစ်မျိုး ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။


ဲJ-31 တိုက်လေယာဉ် ပုံစံငယ်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ က တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် တွင် ပြုလုပ်သော Zhuhai လေကြောင်း ပြပွဲတွင် ပထမဆုံး အကြိမ် ထုတ်ဖော် ပြသခဲ့ပြီး စက်တင်ဘာ ၂၅ ရက်က ပေကျင်းမြို့ တွင် ပြုလုပ်သော နိုင်ငံတကာ လေကြောင်း ပြပွဲတွင်လည်း ထပ်မံ ပြသခဲ့သည် ဟု သိရှိရသည်။ (Newsnow)

အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသရှိ ရဲစခန်းတစ်ခုကို စစ်သွေးကြွများက စီးနင်းတိုက်ခိုက်ရာ လူ ၆ ဦးသေဆုံး



နယူးဒေလီ ၊ ၂၇-၉-၂ဝ၁၃

အိန္ဒိယနိုင်ငံမှ ထိန်းချုပ် ထားသော ကက်ရှ်မီးယား ဒေသ နွေရာသီ အပန်းဖြေမြို့ Srinagar ၏ တောင်ဘက် ကီလိုမီတာ ၂ဝဝ  (၁၂၅ မိုင်) ခန့်ကွာဝေးသော Kathua ခရိုင်ရှိ Hiranagara ရဲစခန်းကို  အိန္ဒိယ တပ်ဖွဲ့ဝင်များ အဖြစ် အယောင်ဆောင် ထားသော စစ်သွေးကြွ များက စက်တင်ဘာ ၂၆ ရက် ယမန်နေ့တွင် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် အနည်းဆုံး ၆ ဦးခန့် သေဆုံးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ထို့အပြင် စစ်သွေးကြွ များသည် ကုန်တင်ကား တစ်စီးကို စီးနင်း၍ Samba ခရိုင် အိန္ဒိယ စစ်အခြေစိုက် စခန်းရှိ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားကာ ဆက်လက် ဝင်ရောက် တိုက်ခိုက် ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများ နှင့်ပတ်သက်၍ အိန္ဒိယ စစ်ဘက် ပြောရေး ဆိုခွင့်ရှိသူ S N Acharaya က ပထမ တိုက်ခိုက်မှုတွင် လူ ၆ ဦး သေဆုံးခဲ့ပြီး ဒုတိယ တိုက်ခိုက်မှုတွင် အသေးစိတ် အချက်အလက်များ မသိရှိ ရသေးဘဲ ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း ပြောကြားခဲ့သည်။


အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် ပါကစ္စတန် ဝန်ကြီးချုပ် နာဝဇ်ရှာရစ်ဖ် တို့အကြား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဘေးပန်း ဆွေးနွေးမှု အဖြစ် ယခုရက် သတ္တပတ် အကုန်တွင် တွေ့ဆုံဆွေးနွေး သွားဖွယ်ရှိကြောင်း သတင်း ထွက်ပေါ်လျက် ရှိ၍ ယခု တိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင်  မည်သည့် စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှု ဖြစ်သည်ကို ဖော်ထုတ် နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ (ဆင်ဟွာ)

ရုရှားနိုင်ငံက Terminator - 2 အမည်ရှိတင့်ကားအားထုတ်ဖော်ပြသ



မော်စကို ၊ ၂၇-၉-၂၀၁၃

ရုရှားနိုင်ငံ နစ်ဇ်နီတန်ဂီ မြို့တွင် ကျင်းပလျက် ရှိသည့် ရုရှား စစ်လက်နက် ကုန်စည်ပြပွဲ ၂ဝ၁၃ ၌ ရုရှား၏ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ Uralvagonzavod က Terminator - 2 ဟု အမည် ပေးထားသော BMPT - 72 အထောက် အကူပေး တိုက်ခိုက်ရေး တင့်ကားကို စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ဖော် ပြသခဲ့သည်။ 

အဆိုပါ တင့်ကားသည် T- 72 ပင်မ တိုက်ပွဲဝင် တင့်အား အဆင့်မြှင့်တင် ထားသည့် တင့်ကား ဖြစ်ပြီး အမြောက်ဆုံလည် ဒဏ်ခံမှု စနစ်နှင့် ပစ်ခတ် ထိန်းချုပ်မှု စနစ် ပိုမိုကောင်းမွန် ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ တင့်ကား၏ အဓိက အားသာချက်မှာ တန်ဖိုးကြီးသည့် စက်ပစ္စည်းများ ဝယ်ယူရခြင်း မရှိဘဲ စစ်လက်နက် ၊ ကာကွယ်နိုင်မှု ၊ လှုပ်ရှား စစ်ကစား နိုင်မှု စွမ်းပကား မြင့်မားပြီး ကုန်ကျစရိတ် နည်းနည်းဖြင့် ကြီးကြီး မားမား အဆင့် မြှင့်တင်မှု ပြုလုပ်ထား သောတင့်ကား ဖြစ်ကြောင်း ၄င်း ကုမ္ပဏီက ပြောကြား ခဲ့သည်။ BMPT - 72 တင့်ကားတွင် ၃ဝ မီလီမီတာ အမြောက် ၂ လက် ၊ ၃ဝ မီလီမီတာ ဗုံးပစ် လောင်ချာ ၂ လက် ၊ ၁၃ဝ မီလီမီတာ Ataka-T တင့်ဖျက် ပဲ့ထိန်း ဒုံးကျည် ပစ်ခတ် နိုင်သည့် လောင်ချာ ၄ လက် ၊ ၇.၆၂ မီလီမီတာ စက်သေနတ် ၁ လက် နှင့် ၈၁ မီလီမီတာ မီးခိုးဗုံး ပစ်လောင်ချာ ၂ လက်တို့ တပ်ဆင် ထားသည်။ 

ထပ်မံ ပေါ်ထွက် လာနိုင်သည့် အဆိုပါ တင့်ကား မျိုးဆက်သစ် များသည် ရုရှားနိုင်ငံ၏ ပင်မ တိုက်ပွဲဝင် တင့်ကားသစ် များကို အများဆုံး အခြေခံ၍ ထုတ်လုပ်မည် ဖြစ်ကြောင်း ရုရှား ဒုတိယ ဝန်ကြီးချုပ် ဒီမီထရီရိုဂိုဇင် ကပြောကြား ခဲ့သည်ဟု သိရှိရသည်။ (ဆင်ဟွာ)

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၉-၂၀၁၃) သောကြာနေ့



Download Link




မြန်မာ့ ငါးမြစ်ချင်း Export အရွယ်အစား ရှားပါး လာသောကြောင့် ပြည်ပတင်ပို့မှု လျော့ကျသွားနိုင်


ရန်ကုန် ၊ ၂၇-၉-၂၀၁၃

မြန်မာ့ ငါးမြစ်ချင်း Export ပို့သည့် အရွယ်အစား ရှားပါးသည့် အခက်အခဲ ကြုံတွေ့နေရ သဖြင့် ပြည်ပ တင်ပို့မှု လျော့ကျ သွားနိုင် ကြောင်း ပြည်ပ နိုင်ငံများသို့ ငါးမြစ်ချင်း Export တင်ပို့ နေသူများ ထံက သိရသည်။

'' အခု ဈေးကွက်ထဲမှာ ပြည်ပသို့ Export တင်ပို့နေတဲ့ နှစ်ပိဿာခွဲ ငါးမြစ်ချင်း အရွယ်အစား တွေက ရှားနေတယ် ၊ အကောင်ကြီး တွေက လိုသလောက် မရဘူး ၊ အဲဒီ ငါးအရွယ်အစား တွေကို အလုအယက် ဝယ်ယူနေ ကြရတယ် ၊ ငါးဒိုင်တွေမှာ ငါးအကောင်ကြီး တွေ ကုန်ခါနီး ကျရင် အပြိုင်အဆိုင် ဈေးပေး ဝယ်ယူ နေကြတယ် ... ..'' ဟု မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောကြား ခဲ့သည်။

ကမ္ဘာပေါ်တါင် ငါးမြစ်ချင်း Export တင်ပို့မှု အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်ပြီး ယခုအခါ ငါးမြစ်ချင်း မွေးမြူသူ များက ငါးအစာ ဈေးနှုန်း ကြီးမြင့်မှု ကြောင့် ငါးများကို အကောင်ကြီး များ ရရှိသည်အထိ မထားရှိ တော့ဘဲ ၃ဝ သား၊ ၄ဝ သား အရွယ်များ ရောက်လျှင် ဈေးကွက် အတွင်းသို့ ရောင်းချလျက် ရှိသည်။ ငါးဈေးကွက် အတွင်း ငါးမြစ်ချင်း ခြစ်သားများမှာ စားသုံးသူများ အကြိုက်တွေ့ နေပြီး ဈေးကွက် အတွင်း တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ အထိ ဈေးမြင့် ရရှိနေသည်။


Export တင်ပို့သည့် ငါးမြစ်ချင်း အရွယ်အစား ငါးကြီးများမှာ ရှားပါးလာ ခြင်းကြောင့် ဈေးနှုန်း မြင့်မား လာကြောင်း ၊ ငါးမြစ်ချင်း များကို ၃ဝ သား ၊ ၄ဝ သားအရွယ်တွင် မရောင်းဘဲ Export အရွယ်အစား ဖြစ်သည့် နှစ်ပိဿာ အရွယ်တွင် ရောင်းချပါက ဈေးကောင်း ရ၍ ပိုမို တွက်ခြေကိုက် မည် ဖြစ်ကြောင်း ၊ မွေးမြူသူများ အတွက် ငွေကြေး လိုအပ်ချက်ကို တာဝန်ရှိ သူများက အကူအညီ ပေးစေလို ကြောင်း ၊ အသားဈေးနှုန်း ကြီးမြင့်မှု ကိုလည်း ထိန်းချုပ်ပေး စေလိုကြောင်း ၄င်းက အခက်အခဲ များကို ဆက်လက် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ဒီဇယ်ဆီ အငြင်းပွားသည့် ပြဿနာကို တူမီးသေနတ်ဖြင့် ပစ်ခတ် ဖြေရှင်းသူကို ရဲတပ်ဖွဲ့က အရေးယူ


ဗန်းမောက် ၊ ၂၇-၉-၂၀၁၃

ဗန်းမောက်မြို့နယ် နောင်ပတ် ကျေးရွာအနီး ကျွန်းတော်ပြန့် ရွှေတူးဖော်ရေး လုပ်ကွက်များ တည်ရှိရာ ဒေသ၌ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီ ခွဲခန့်က စက်သုံးဆီ ဒီဇယ် ပြဿနာကို တူမီး သေနတ်ဖြင့် ပစ်ခတ်ဖြေရှင်း ရာမှ လူတစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံ ရွှေတူးဖော်ရေး လုပ်သားများထံက သိရသည်။

ဖြစ်စဉ်မှာ ကျွန်းလှမြို့နယ် မြစ်နီ ကျေးရွာနေ ကိုဆန်းဝင်းအောင် ဆိုသူသည် ကျွန်းတော်ပြန့် ရွှေတူးဖော်ရေး လုပ်ငန်းတွင် ဒေသခံ ဦးထွန်းအုန်း နှင့် အကျိုးတူ ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၉ နာရီခွဲ ခန့်က ရွှေလုပ်ငန်းသုံး ဒီဇယ် စက်သုံးဆီ ငါးဂါလန်ပုံး နှစ်ပုံး ပျောက်ဆုံး ခဲ့သဖြင့် အနီး ပတ်ဝန်းကျင် ရှိ ရွှေတူးဖော်ရေး လုပ်ငန်းတူ အလုပ်ရှင် များထံတွင် သွားရောက် စုံစမ်းခဲ့သည်။

ထိုသို့ စုံစမ်းရာတွင် ၄င်းတို့၏ လုပ်ကွက် နှင့် ကိုက် ၅ဝ ခန့်အကွာ၌ ရှိသော ကိုကံတင် ဆိုသူ၏ လုပ်ကွက်သို့ ကိုဆန်းဝင်းအောင် က သွားရောက် မေးမြန်းခဲ့ရာ ထိုနေရာ၌ ၄င်းတို့ နှစ်ဦးသည် ဒီဇယ်ဆီ ကိစ္စ အငြင်းပွား ခဲ့ကြရာ ကိုကံတင်က တဲအတွင်းရှိ တူမီးသေနတ် ကိုဆွဲ၍ ကိုဆန်းဝင်းအောင် အား နှစ်ချက် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် ကိုဆန်းဝင်းအောင် ယာဘက် လက်ကောက်ဝတ် ၌ ဖူးရောင် ပွန်းပဲ့ဒဏ်ရာ နှင့် ဝမ်းဗိုက်၌ တစ်လက်မခန့် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဗန်းမောက် မြို့နယ် မံစီကြီး နယ်မြေ ရဲစခန်း၏ မှုခင်းမှတ်တမ်း များတွင် ဖော်ပြ ထားကြောင်း သိရသည်။


ဒီဇယ်ဆီ အငြင်းပွားသည့် ကိစ္စကို တူမီး သေနတ်ဖြင့် ပစ်ခတ် ဖြေရှင်းခဲ့သူ ကသာမြို့နယ် ကင်ပွန်းခြုံ ကျေးရွာနေ (ဘ) ဦးတင်အောင်၏ သား ကိုကံတင် အသက် ၃၁ နှစ် ဆိုသူအား ဗန်းမောက် မြို့နယ် မံစီကြီး နယ်မြေ ရဲစခန်းမှ (ပ)၁၁၈/၂ဝ၁၃ ပြစ်မှုပုဒ်မ ၃ဝ၇ အရ အမှုရေးဖွင့် ထားကြောင်း သိရှိရသည်။

မြေဈေးနှုန်း ထိန်းချုပ်ခြင်း နှင့်အတူ အိမ်အငှားဈေးကွက်ပါ ထိန်းချုပ်နိုင်ပါက အခြေခံ လူတန်းစားများ အကျိုးရှိမည်


ရန်ကုန် ၊ ၂၇-၉-၂၀၁၃

နိုင်ငံတော် အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ မြင့်တက် လျက်ရှိသော အိမ်ခြံမြေ ဈေးနှုန်းများ ထိန်းချုပ်ရန် ပြင်ဆင်လျက် ရှိပြီး အိမ်ခြံမြေ ဈေးနှုန်းများ ထိန်းချုပ်မှု နှင့်အတူ အိမ်ငှား ဈေးကွက်ပါ ထိန်းချုပ် ပေးပါက အခြေခံ လူတန်းစား တစ်ရပ်လုံးကို အကျိုးရှိ စေမည် ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် များက ပြောပြခဲ့သည်။

အိမ်ခြံမြေ ဈေးနှုန်းများကို မြို့နယ် အလိုက် ဈေးနှုန်း သတ်မှတ် လိုက်ပါက ငွေကြေး ချမ်းသာသည့် သူများသာ မြေကွက် အမြောက်အမြား ပိုင်ဆိုင် သွားမည်ဖြစ်ပြီး ယင်း မြေကွက်များ တွင် အဆောက်အအုံ များ တည်ဆောက်ပြီး အငှားဈေး ကွက်များ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာနိုင် သည်ဟု ၄င်းတို့က သုံးသပ်ပြောကြား ခဲ့သည်။

နိုင်ငံတော် အစိုးရ အနေဖြင့် မြင့်တက် နေသော အိမ်ခြံမြေ ဈေးနှုန်းကို ထိန်းချုပ် ရန်အတွက် မြို့နယ်အလိုက် မြေဈေးနှုန်း များ တရားဝင် သတ်မှတ်ခြင်း မှာ အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ကြောင်း ၊ ထိုသို့ ပြုလုပ်ပါက ဈေးနှုန်းများ ဆက်လက် မြင့်တက် လာနိုင်ကြောင်း ၊ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များကို စနစ်တကျ အကောင် အထည်ဖော် ဆောင်နိုင်ပါက မြင့်တက် နေသော မြေဈေးနှုန်းမှာ အဆင့်ဆင့် ကျဆင်း သွားနိုင်သည်ဟု လည်း အိမ်ခြံမြေ အကျိုးဆောင် များထံက သိရသည်။

တန်ဖိုးနည်း အိမ်ရာ တည်ဆောက်ရာ တွင်လည်း အောက်ခြေ လူတန်းစား ပြည်သူများ အမှန်တကယ် အကျိုးပြုနိုင် သည့်  စီမံကိန်းများ ဖြစ်ရန် လိုအပ်ပြီး ယင်းသို့ အခြေခံ လူတန်းစား အဆင့် လက်လှမ်းမီသည့် အိမ်ရာ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရန်မှာ လည်း အောက်ခြေ လူတန်းစားများ ဝယ်ယူ နေထိုင် နိုင်သည့် ဈေးနှုန်းများဖြင့် ပြန်လည် ရောင်းချ ပေးရန်လိုအပ် လျက်ရှိသည်။


အောက်ခြေ လူတန်းစားများ ဝယ်ယူ နိုင်သည့် ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချ နိုင်သည့် စီမံကိန်းများ အကောင် အထည်ဖော်ပြီး ပြန်လည် ရောင်းချရာ တွင်လည်း အမှန်တကယ် လိုအပ်နေသည့် သူများ လက်ဝယ်သို့ ရောက်ရှိရန် အရေးကြီးကြောင်း သိရှိရသည်။

ကမ္ဘာ့ ဒုတိယအရပ် အမြင့်ဆုံး မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦး အောင်မြင်စွာ ဆေးကုသမှု ခံယူပြီး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ





ရန်ကုန် ၊ ၂၇-၉-၂၀၁၃

ကမ္ဘာပေါ်တွင် ဒုတိယ အရပ်အမြင့်ဆုံး အဖြစ် စံ သတ်မှတ် ထားသည့် မြန်မာ နိုင်ငံသား ကိုဝင်းဇော်ဦးသည် စင်ကာပူ နိုင်ငံရှိ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ ဦးနှောက် အကျိတ်ရောင် ရောဂါကို အောင်မြင်စွာ ခွဲစိတ်ကုသမှု ခံယူပြီး ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ လာသည်။

'' ကျွန်တော်ဟိုမှာ နှစ်လ ကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရ ပါတယ်။ စင်ကာပူ ဆေးရုံက အထူးကု ပါရဂူကြီးတွေ ၊ ဆရာဝန်ကြီး တွေက ကျွန်တော့်ကို အထူးဂရုစိုက် ကုသပေး ပါတယ်။ ဆေးရုံတက် ခွဲစိတ် ကုသတာ ၁ဝ ရက်ကြာပါတယ်။ အခုလို ကျွန်တော် ကျန်းမာရေး ကောင်းမွန် လာတာ ဆရာကြီးတို့ မိသားစုရဲ့ ဖြူစင်တဲ့ မေတ္တာ စေတနာကြောင့် ၊ မိဘတွေရဲ့ ဂုဏ်ကျေးဇူး တွေကြောင့်ပါ ၊ ခွဲစိတ်ပြီး တော့အခု မျက်လုံးလေး နည်းနည်း မှုန်တာပဲ ရှိတယ်။ အားလုံးကောင်း သွားပါပြီ .. .. '' ဟု ကိုဝင်းဇော်ဦး ကပြော သည်။


အသည်း အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ဝင်းက '' မောင်ဝင်းဇော်ဦး ကို ခွဲစိတ်တာ စင်ကာပူ နိုင်ငံ အနေနဲ့ ပထမဆုံး ဦးနှောက် ခွဲစိတ် အောင်မြင်မှု တစ်ခု ဖြစ်ပါတယ် ၊ ခွဲစိတ်ချိန် ၈ နာရီ ကြာမြင့်ပါတယ် ၊ စင်ကာပူ က ဆရာဝန် ကြီးတွေရဲ့ ပြောကြားချက် အရ နှာခေါင်းက စခွဲစိတ်ခဲ့ ရပါတယ်။ ဦးနှောက် အနောက်ဘက် မှာရှိတဲ့ ဦးခေါင်းအခွံ အမာကို လွန်နဲ့ ထိုးဖောက်ပြီး အတွင်းပိုင်းရှိ အကျိတ် အဖုတွေကို ခွဲစိတ် ရတာပါ။ အတော်ကို အန္တရာယ် များပါတယ်။ ၀င်းဇော်ဦး ကတော့ မခွဲစိတ်ခင် ထိ လုံးဝ တုန်လှုပ်မှု မရှိပါဘူး ၊ အခုတော့ အားလုံး အောင်မြင် သွားပါပြီ ... " ဟု ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Thursday, September 26, 2013

အာဆီယံ အာရှအဝေးပြေးလမ်းမ အမှတ် ၂ နှင့် အမှတ် ၃ ပေါင်းဆုံရာမြို့ ကျိုင်းတုံ


ကျိုင်းတုံ ၊ ၂၆-၉-၂ဝ၁၃
         
အာဆီယံ အာရှ အဝေးပြေး လမ်းမ အမှတ် ၂ (AH-1) နှင့်အမှတ် ၃ (AH-3) တို့သည် ကျိုင်းတုံ မြို့လယ် ၊ လွပ်လပ်ရေး ကျောက်တိုင် အဝိုင်းပတ်တွင် ပေါင်းဆုံ ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံ တွင် ထိုင်းနိုင်ငံမှ မြဝတီ - တမူး ( အိန္ဒိယ နယ်စပ် ) အထိ ၁၆၆၅ ကီလိုမီတာ ရှည်သော အာဆီယံ အာရှ အဝေးပြေး လမ်းမ ၁ (AH-1) ၊ တာချီလိတ်မှ ကျိုင်းတုံ - တောင်ကြီး - မိတ္ထီလာထိ ၈၇ဝ ကီလိုမီတာ ရှည်သော အာဆီယံ အာရှ အဝေးပြေး လမ်းမ ၂ (AH-2) ၊ ကျိုင်းတုံမှ မိုင်းလားထိ ၉၃ ကီလိုမီတာ ရှည်သော အာဆီယံ အာရှ အဝေးပြေး လမ်းမ ၃ (AH-3) ၊ မန္တလေးမှ မူဆယ်ထိ ၄၅၃ ကီလိုမီတာ ရှည်သော အာဆီယံ အာရှ အဝေးပြေး လမ်းမ ၄ (AH-4) ၊ လွိုင်လင် မှ သီပေါ ထိ ၂၃၉ ကီလိုမီတာ ရှည်သော အာဆီယံ အာရှ အဝေးပြေး လမ်းမ ၁၁၁ (AH-111) ၊ သထုံမှ ကော့သောင်း ထိ ၁၁၄၅ ကီလိုမီတာ ရှည်သော အာဆီယံ အာရှ အဝေးပြေး လမ်းမ ၁၁၂ (AH-112) ၊ ဟူ၍ အာဆီယံ အာရှ အဝေးပြေး လမ်းမ ခြောက်ခု ရှိကြောင်းလည်း ထပ်မံ သိရသည်။


ကျိုင်းတုံမြို့တွင် ပေါင်းဆုံသည့် အာဆီယံ အာရှ အဝေးပြေး လမ်းမ ၂ (AH-2) နှင့်  ၃ (AH-3)သည် လာအို -မြန်မာ ချစ်ကြည်ရေး တံတား စီမံကိန်း ပြီးစီးပါက အာဆီယံ အာရှ အဝေးပြေး လမ်းမ ၂ (AH-2) ဖြင့် မြန်မာ -လာအို - ဗီယက်နမ် နှင့် ကမ္ဘောဒီးယား နိုင်ငံသို့ ဆက်သွယ် သွားလာ နိုင်ပြီး အာဆီယံ အာရှ အဝေးပြေး လမ်းမ ၃ (AH-3) ဖြင့် မြန်မာ - တရုတ် နှင့် အခြား ဆက်စပ် နိုင်ငံများသို့ သွားလာ နိုင်မည် ဖြစ်ရာ အာဆီယံ အာရှ အဝေးပြေး လမ်းမ ၂ (AH-2) နှင့် အာဆီယံ အာရှ အဝေးပြေး လမ်းမ ၃ (AH-3) တို့ ပေါင်းစုံရာ မြို့ကျိုင်းတုံ သည် ကုန်စည် ကူးသန်း သယ်ယူ ပို့ဆောင် ရောင်းဝယ်ရေး နှင့် စီးပွားရေး အရ အချက်အချာ ကျသော ဒေသ ဖြစ်လာပြီး ဒေသ လူနေမှုဘဝ တိုးတက် မြင့်မား လာကာ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ကိုလည်း ရရှိနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။



ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး စာချုပ်မူကြမ်း ရေးဆွဲလျက်ရှိ


ရန်ကုန် ၊ ၂၆-၉-၂၀၁၃

ရွှေ့ပြောင်း လုပ်သားများ ၏ အခွင့်အရေး ကာကွယ် မြှင့်တင်ရန် အာဆီယံ ကော်မတီ က ကြီးမှူး ရေးဆွဲလျက် ရှိသည့် ရွှေ့ပြောင်း လုပ်သား အခွင့်အရေး စာချုပ်မူကြမ်း ကို ရန်ကုန်မြို့ တွင် ဆွေးနွေး ရေးဆွဲလျက် ရှိကြောင်း အလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြား ခဲ့သည်။

၉ ကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်သည့် အဆိုပါ ဆွေးနွေးပွဲ ကို မြန်မာနိုင်ငံ က ပထမဦးဆုံး အကြိမ် အိမ်ရှင်အဖြစ် ရန်ကုန်မြို့ ၊ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်၌ လက်ခံ ကျင်းပခဲ့ရာ ယခုလ ၂၃ ရက်မှ ၂၅ ရက်နေ့ အထိ ၃ ရက်တိုင် ကြာမြင့် ခဲ့သည်။ အာဆီယံ ရွှေ့ပြောင်း လုပ်သား အခွင့်အရေး စာချုပ် မူကြမ်း ကို ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ် ရေးဆွဲနိုင်ရန် မျှော်မှန်း ထားကြောင်း သိရသည်။


နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သား  အခွင့်အရေး ဆိုင်ရာ သဘောတူ စာချုပ်ကို ရေးထိုးနိုင်ခြင်း မရှိ သေးသော်လည်း အာဆီယံ ဒေသတွင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ဆိုင်ရာ စာချုပ် ပေါ်ထွက်လာရန် အာဆီယံ နိုင်ငံများက ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။ အာဆီယံ ဒေသအတွင်း ချုပ်ဆိုသော စာချုပ်သည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အာဆီယံ စီးပွားရေး အသိုက်အ၀န်း ( AEC ) တည်ထောင်ပုံ အတွက် ဒေသခံ နိုင်ငံများအား စံသတ်မှတ်ချက် မူတည်ကာ ရေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။ အာဆီယံ ဒေသတွင်း ၁၀ နိုင်ငံတွင် နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သား အခွင့်အရေး ဆိုင်ရာ သဘောတူ စာချုပ်၌ လက်မှတ် ရေးထိုး ထားသည့် နိုင်ငံများ အဖြစ် အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင် နိုင်ငံတို့သာ ရှိကြောင်း ၊ အာဆီယံ ဒေသတွင်း နိုင်ငံများ အနက် မြန်မာနိုင်ငံ သည် ရွှေ့ပြောင်း လုပ်သား အများဆုံး နိုင်ငံအဖြစ် ရပ်တည်လျက် ရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သား အဖွဲ့အစည်း ( IOM ) ထံမှ သိရှိရသည်။

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၃၈)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၃၈)

( ၂၆-၉-၂၀၁၃ ရက် အပတ်စဉ် ကြာသပတေးနေ့ထုတ် )

Download Links




မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တိုင်တန်းချက်များ နှင့် စပ်လျဉ်း၍ ထပ်မံ ထုတ်ပြန်



မြ၀တီနေ့စဉ်သတင်းစာ (၂၆-၉-၂၀၁၃) ကြာသပတေးနေ့



Download Links




အထပ်မြင့် ဓာတ်လှေကား ထိန်းသိမ်းစရိတ် တစ်လငွေကျပ် ခုနှစ်သောင်း နီးပါး အသုံးပြုမှသာ ရေရှည် ကြံ့ခိုင်မှုရှိမည်


ရန်ကုန် ၊ ၂၆-၉-၂၀၁၃

ရန်ကုန်မြို့အပါအဝင် မြန်မာ တစ်နိုင်ငံလုံးရှိ အထပ်မြင့် အဆောက်အအုံ များအနေဖြင့် တိုက်များတွင် အသုံးပြုသော အများပိုင် ဓာတ်လှေကား များကို တစ်လ ငွေကျပ် ခုနစ်သောင်း ဝန်းကျင်ခန့် အသုံးပြုပြီး စောင့်ကြည့် ထိန်းသိမ်းမှ သာ ယင်း ဓာတ်လှေကား များသည် ရေရှည် တည်တံ့ နိုင်မည်ဖြစ်ပြီး အန္တရာယ် ဖြစ်ပွားမှုများကို ကာကွယ် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းဓာတ်လှေကား ထိန်းသိမ်း စောင့်ရှောက် စရိတ်များကို တိုက်တစ် တိုက်လုံးရှိ နေထိုင်သူများက အချိုးကျ ကျခံပြီး မိမိတို့ တိုက်တာ အိုးအိမ် ကာကွယ်ရေးကို ပြုလုပ်ထားမှသာ ဓာတ်လှေကား အတွင်း ပိတ်မိခြင်း၊ ဓာတ်လှေကား စနစ်များ ချို့ယွင်းခြင်း နှင့် ဓာတ်လှေကား ကြိုးများ တာရှည် ခံနိုင်ရည် ရှိခြင်းစသော အချက်များကို လုပ်ဆောင် နိုင်မည် ဖြစ်ပြီး အဆောက်အအုံ တွင် အဆင့်မြင့်စွာ နေထိုင် နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ တာဝန်ရှိသူ တစ်ဦးက အကြံပြု ပြောကြားခဲ့သည်။ ထို စရိတ်စကမှာ တစ်လစာသာ ဖြစ်ပြီး ဝန်ဆောင်မှု ကုမ္ပဏီများနှင့် ၆ လတစ်ကြိမ် သော်လည်းကောင်း စာချုပ် ချုပ်ဆို ထားခြင်းသည် အကောင်းဆုံး ဖြစ်ပြီး ယင်း ဓာတ်လှေကား ဝန်ဆောင်မှု ကုမ္ပဏီများ ကလည်း ထိုစာချုပ် ချုပ်ဆိုထားသော အဆောက်အအုံ များရှိ ဓာတ်လှေကား များကို တစ်လတစ်ကြိမ် လာရောက် စစ်ဆေးခြင်း ၊ လိုအပ်သော စက်သုံးဆီ ၊ ချောဆီများ ထည့်ပေးခြင်းနှင့် အခြား ဓာတ်လှေကား ကြံ့ခိုင်မှုများ ကိုပါ စစ်ဆေးပေးခြင်း များကို ပြုလုပ်ပေးမည် ဖြစ်ပြီး တစ်စုံ တစ်ခု ဖြစ်ပါက ထို ကုမ္ပဏီမှ တာဝန်ယူ ပေးခြင်းများ ဆောင်ရွက် ပေးကြောင်း သိရသည်။


ယင်း ဓာတ်လှေကား ထိန်းသိမ်းမှု များတွင် နှစ်ကာလ အလိုက် လိုအပ်မည့် ပစ္စည်းများကို ဝယ်ယူတပ်ဆင် ရသည့်အပြင် ထိုကုန်ကျမှု များကို အဆောက်အအုံ များရှိ ပြည်သူများ အနေဖြင့် အချိုးကျ စိုက်ထည့် အသုံးပြု ခြင်းဖြင့် အဆောက်အအံ သာယာရေး အဖွဲ့များလည်း အသက်ဝင် လာပြီး အဆောက်အအုံ ဆိုင်ရာ မလိုလား အပ်သော ပြဿနာ များ ၀င်ရောက် လာနိုင်ခြင်း မှ ကာကွယ် နိုင်မည် ဖြစ်သကဲ့သို့ ယင်း ဓာတ်လှေကား များတွင် CCTV များပင် တပ်ဆင် ထားခြင်းဖြင့် အမျိုးသမီး များ၏ လုံခြုံရေး ဆိုင်ရာ ကိစ္စများကို ကြိုတင် ကာကွယ်ပြီး ဖြစ်သွားမည် ဖြစ်ကြောင်း ကျွမ်းကျင် အဆောက်အအုံ ပညာရှင် တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

စင်ကာပူနိုင်ငံတွင် ခွဲစိတ်ကုသမှု ခံယူနေသော အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး အောက်တိုဘာလဆန်း ပိုင်းတွင် ပြန်ရောက်မည်


ရန်ကုန် ၊ ၂၆-၉-၂၀၁၃

စင်ကာပူ နိုင်ငံတွင် ခွဲစိတ် ကုသမှုခံ ယူနေသော အရပ်(၇)ပေ (၁ဝ) လက်မရှိ လူထူးဆန်း ကိုဝင်းဇော်ဦး သည် အောက်တိုဘာ လဆန်းပိုင်းတွင် မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း အကူအညီ စောင့်ရှောက်မှု လုပ်ဆောင် နေသော အသည်း အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်း က ပြောကြား ခဲ့သည်။

ကိုဝင်းဇော်ဦး သည် သာမန်ထက် ထူးခြားသော အသွင် ရှိနေသည့် အတွက် ၄င်း၏ သတင်းများ ထွက်ပေါ်ချိန် ၌ ကမ္ဘာ တစ်ဝန်းလုံးမှ စိတ်ဝင် တစား ရှိခဲ့ကြောင်း ကိုဝင်းဇော်ဦး တွင် ယင်းကဲ့သို့ ဖြစ်နေ ရခြင်းသည် Pituitary Gland ကြောင့် Growth များအထွက် လွန်၍ ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွား လာသည့် ရောဂါ ( Acromegaly ) ဟု ဆေးပညာအရ ခန့်မှန်း သတ်မှတ်ပြီး ဝေဒနာ ခံစားနေရသူ တစ်ဦး ဖြစ်ကြောင်း ၊ ယင်းအတွက် စင်ကာပူ နိုင်ငံသို့ ဆေးကုသမှု ခံယူရန် သြဂုတ်လ ၁၄ ရက်က သွားရောက် ခဲ့ကြောင်း သိရသည်။

'' ခွဲစိတ် ကုသမှု ရလဒ် ကောင်းတယ် ၊ လောလောဆယ် ခရီးကြမ်း သွားတာတွေ ၊ လှုပ်လှုပ်ရှားရှား လုပ်လို့ မရသေးတာ အတွက်ပါ ၊ မြန်မာပြည် ပြန်ရောက်ရင် လည်းသူ့အတွက် ကူညီမှုတွေ ပေးဦးမှာပါ ... '' ဟု ၄င်းက ပြောကြားခဲ့သည်။


ကိုဝင်းဇော်ဦး အား ခွဲစိတ် ကုသမှု အတွက် ကုန်ကျစရိတ် များကို အသည်း အထူးက ဆရာဝန်ကြီး ဦးခင်မောင်ဝင်း အပါအဝင် ကျန် စေတနာရှင် များ ဖြစ်သော ဦးဇော်ဇော်မှ ကျပ်သိန်း ၁ဝဝ ၊ KBZ ဘဏ်မှလည်း ထောက်ပံ့ကူညီ ခဲ့ကြောင်း ၊ ဆေးကုသမှု ခံယူပြီးပါက အလုပ်လုပ်ရန် အခက်အခဲများ ရှိသောကြောင့် ရာသက်ပန် လစဉ် ထောက်ပံ့မှုများ စီစဉ် ထားရှိကြောင်း သိရှိရသည်။

Wednesday, September 25, 2013

ကိုယ်ကာယ စွမ်းအင်ပြပွဲ ကျင်းပ


မြစ်ကြီးနား ၊ ၂၅-၉-၂၀၁၃

စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ၊ အေးမြသီတာ ခန်းမ၌ ကိုယ်ကာယ စွမ်းအင်ပိုင်ရှင် ဆရာကြီး ငြိမ်းချမ်းအောင် ၏ ကိုယ်ကာယ စွမ်းအင် ပြပွဲကို ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းအင်ပြပွဲတွင် လက်ချောင်းအား ၊ ဝမ်းဗိုက်အား ၊ ခြေထောက်အား နှင့် ကိုယ်ခန္ဓာ ပိုင်းဆိုင်ရာ စွမ်းအင်များ အဖြစ် အုတ်ခဲများ တင်၍ ရိုက်ခွဲခံခြင်း ၊ ငှက်ပျော် အူတိုင် အတွင်း လက်ချောင်း ထိုးသွင်းခြင်း ၊ နံချပ်ကူ တစ်စုံ နှစ်စုံဖြင့် ကစားပြခြင်း ၊ ဆိုင်ကယ် (၁ဝ) စီးအား ကျောင်းသားများ ထိုင်စီးစေလျက် ဦးခေါင်းမှ ဆံပင်ဖြင့် ဆွဲပြခြင်း ပြကွက်မျိုးစုံ (၁၈)ကွက်ကို ပြသခဲ့ရာ ဆရာ/ ဆရာမများ နှင့် ကျောင်းသား / သူ အင်အား များက ကြည့်ရှု အားပေး ခဲ့ကြသည်။


ထိုသို့ စွမ်းအား ပြပွဲများကို မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်း ကျောင်းများ နှင့် မြစ်ကြီးနား တက္ကသိုလ် တို့၌လည်း စက်တင်ဘာလ လကုန်အထိ လှည့်လည် ပြသ သွားမည် ဖြစ်ပြီး ပြပွဲများ၌ ရရှိသော လှူဒါန်းငွေအား မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများ နှင့် လိုအပ်သည့် နေရာများ၌ တစ်ဆင့် ပြန်လည် လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Asia New Star Model Contest 2014 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် Face of Myanmar နောက်ဆုံးအဆင့် ပြိုင်ပွဲကို အောက်တိုဘာလ တွင် ပြုလုပ်မည်


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၌ ကျင်းပမည့် Asia New Star Model Contest 2014 ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် Face of Myanmar ဖိုင်နယ်အဆင့် ပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ Strand Hotel ၌ ကျင်းပ သွားရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ Face of Myanmar ပြိုင်ပွဲ အတွက် လာရောက် လျှောက်ထားသူ ၂၀၀ ကျော်ထဲမှ First Activity ပြုလုပ်၍ လူ ၁၃ဝ ကျော်ကို ရွေးချယ် ခဲ့ကာ First Selection ပြိုင်ပွဲတွင် ဦး ၅ဝ ကို ထပ်မံ ရွေးချယ် ခဲ့သည်။ ရွေးချယ် ခံရသူ  ၅ဝ အနက်မှ ၄ဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်သည့် ဆီမီး ဖိုင်နယ် ပြိုင်ပွဲကိုစက်တင်ဘာ၂၂ ရက်က Junction Square  တွင် ပြုလုပ်ခဲ့ရာ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့ကို ထပ်မံ ရွေးချယ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီမီးဖိုင်နယ် ပြိုင်ပွဲတွင် ရွေးချယ် ခံရသည့် မော်ဒယ်လ် ဦး ၃ဝ ကို လိုအပ်သည့် လေ့ကျင့် ပြင်ဆင်မှု များကို လုပ်ဆောင် ပေးမည် ဖြစ်ပြီး ဖိုင်နယ် အဆင့် ပြိုင်ပွဲတွင် ရွေးချယ် ခံရသည့် Face of Myanmar Title ဆု ရရှိသူ အမျိုးသား ၊ အမျိုးသမီး ၂ ဦးသည် ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ တွင် ကိုရီးယား နိုင်ငံ၌ ကျင်းပမည့် Asia New Star Model Contest 2014 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် Asia New Star Model Contest 2013 ပြိုင်ပွဲတွင် မြန်မာ မော်ဒယ်လ် ထွန်းကိုကို က သွားရောက် ယှဉ်ပြိုင် ခဲ့ရာ Asia New Star Model Award နှင့် Seoul Kyaung တက္ကသိုလ် မှ ပေးအပ်သည့် အနုပညာ ဆုတို့ ရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ရဟတ်ယာဉ်ဖြင့် အရေးပေါ် လူနာသယ်ဆောင်ခြင်း ဆောင်ရွက်သွားမည်


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

မြန်မာနိုင်ငံ တွင် ပထမဆုံး ဖြစ်သည့် ရဟတ်ယာဉ်ဖြင့် အရေးပေါ် လူနာ သယ်ဆောင်ခြင်း ( Air Ambulance ) စနစ်ကို ယခုနှစ် အတွင်း စတင် ကျင့်သုံးမည် ဖြစ်ကြောင်း ၀ိတိုရိယ ဆေးရုံ၌ အခြေစိုက် ဖွင့်လှစ် ထားသော Leo Medical Care မှ ဒေါက်တာ သီဟ က ပြောကြား ခဲ့ကြောင်း သိရသည်။


အဆိုပါ Air Ambulance လိုင်းတွင် လေယာဉ် တစ်စင်း ၊ ရဟတ်ယာဉ် တစ်စင်း ထားရှိမည် ဖြစ်ပြီး အခင်း ဖြစ်ပွားရာ နေရာမှ လူနာများကို ရဟတ်ယာဉ် ၊ လေယာဉ် တို့ဖြင့် လိုက်လံ ကောက်ယူခြင်း ၊ ဆေးရုံ တစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းခြင်း ၊ ပြည်တွင်း မှတစ်ဆင့် ပြည်ပ ဆေးရုံများသို့ ပြောင်းရွှေ့ခြင်း များကို ဆောင်ရွက် ပေးမည် ဖြစ်ပြီး ၊ လေယာဉ် ပေါ်တွင် အရေးပေါ် နှလုံးနှိုးဆွစက် ၊ ချွဲစုတ်စက် ၊ အောက်စီဂျင် စသည့် ကိရိယာ များအပြင် ACLS , ITLS လက်မှတ်ရ ဆရာဝန် များနှင့် သူနာပြုများ ပါရှိမည် ဖြစ်သည်။ မြန်မာနိုင်ငံ မှ အိမ်ရှင် အဖြစ် ကျင်းပမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ယင်း Air Ambulance ရဟတ်ယာဉ် တစ်စင်းကို ထားရှိ နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် သီးခြား ညှိနှိုင်းလျက် ရှိကြောင်းလည်း သိရှိရသည်။

ငါးဖမ်းစက်လှေတစ်စင်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၅-၉-၂၀၁၃

တပ်မတော် (ရေ) မှ စစ်ရေယာဉ် သည် စက်တင်ဘာလ ၂၁ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က ပင်လယ်ပြင် စိုးမိုးရေး နှင့် လုံခြုံရေး ဆောင်ရွက် နေစဉ် မသင်္ကာဖွယ်ရာ လှေနှစ်စင်း အား တွေ့ရှိ၍ သွားရောက် စစ်ဆေးရာ မောင်းနှင် ထွက်ပြေး သဖြင့် လိုက်လံ ပစ်ခတ် ဖမ်းဆီး ခဲ့သည်။ ထိုသို့ ဖမ်းဆီးစဉ် အလျား ၆၅ ပေ ၊ အနံ ၂၁ ပေ ၊ ရေစူး ၇ ပေခန့်ရှိ ၆ လုံးထိုး သစ်သား ကိုယ်ထည်ဖြင့် ပြုလုပ် ထားသည့် ငါးခိုး ၀ါးလတ်လှေ တစ်စင်းအား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ပြီး သတင်းအရ ဆက်လက် စုံစမ်း စစ်ဆေး ရှာဖွေရာ ၄င်း လှေပိုင်ရှင်မှာ ရနောင်းမြို့ နေ ရနောင်း ငါးလုပ်ငန်း အသင်း ဥက္ကဋ္ဌ ဆွန်ကရိချောင်ထောင် (ခ) နိုင်လွတ် ဆိုသူ ဖြစ်ကြောင်း နှင့် လှေအတွင်း ဘုရင်းစင် အောက်ရှိ နံရံအတွင်းမှ US Rifle Spring Field Armory Point 30 Caliber M. 1 ( S/No - D 28287 1 WR ) တစ်လက် ၊ ၄င်းကျည်အိပ် ၂၈ ခု နှင့် ကျည် ၂၂၀ တောင့် တို့အား သိမ်းဆည်း ရမိ ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)



မြ၀တီနေ့စဉ်သတင်းစာ (၂၅-၉-၂၀၁၃) ဗုဒ္ဓဟူးနေ့



Download Links




ချင်းပြည်နယ် နှင့် ပခုက္ကူလမ်းပိုင်း ယောချောင်း ဂုံဘိုတံတား ချည်းကပ်လမ်း ရေမျှောပါ သွားခြင်းကြောင့် ဒေသခံ ပြည်သူများ သွားလာရေး ခက်ခဲ


ပခုက္ကူ ၊ ၂၅-၉-၂၀၁၃

ချင်းပြည်နယ် မင်းတပ်မြို့ နှင့် ပခုက္ကူ သွား ကားလမ်းပိုင်း ယောချောင်းကို ဖြတ်ကူး တည်ဆောက် ထားသည့် ဂုံဘို တံတား ချဉ်းကပ်လမ်း ရေထဲ မျှောပါ သွားသည့် အတွက် ဒေသခံ ပြည်သူများ သွားလာရေး အခက်အခဲ ဖြစ်နေကြောင်း ဒေသခံ များထံမှ သိရသည်။

'' အခု ချင်းပြည်နယ် မင်းတပ်နဲ့ ပခုက္ကူကို သွားတဲ့ ကားလမ်းပိုင်းမှာ ယောချောင်း ဂုံဘိုတံတား ချည်းကပ်လမ်း ရေမျှောပါ သွားတဲ့အတွက် သွားလာရေး ခက်ခဲ နေပါတယ် ၊ ပခုက္ကူ ကို မင်းတပ် ကနေ ကားနဲ့ သွားရင် ငွေကျပ် ၅၄၀၀ ပဲ ကုန်တာပါ ၊ အခုကားတွေ မသွားနိုင်တဲ့ အတွက် ဆိုင်ကယ်ကယ်ရီ နဲ့ မဖြစ်မနေ သွားရတဲ့ အခါ ဆိုင်ကယ်ကယ်ရီ ခက ကျပ် ခုနှစ်သောင်း ကုန်ပါတယ် ၊ နောက်ပြီး ချင်းပြည်နယ် မင်းတပ် ကနေ ပေါက်မြို့နားမှာ ပလောင်းရွာ ရှိပါတယ် ၊ အဲဒီရွာနားက နွားတက်ချောင်း တံတား တစ်ခြမ်းရေ ထဲ ပါသွားတယ်လို့ သိရပါတယ် ၊ နွားတက် ချောင်းလမ်းက တော်တော် မော့နေတဲ့ အတွက် ကားနောက်ပြန် ကျပြီး သဲတောင်တွေ ဖုံးသွားလို့ ပြန်ဆယ်နေရ တယ်လို့ သိရပါတယ် ၊ မင်းတပ်နဲ့ ၁၈ မိုင်ပဲဝေးတဲ့ နေရာမှာ ဖြစ်နေလို့ ဘုန်းဘုန်း လည်း မီဒီယာ တွေကို သတင်းပေးဖို့ သတင်း ခိုင်လုံအောင် လူလွှတ်ပြီး လေ့လာခိုင်းတာ ကားမသွား နိုင်လို့ ဆိုင်ကယ် ကယ်ရီနဲ့ သွားတာ လေးသောင်း ပေးရတယ် ၊ ချင်းပြည်နယ် သွားရာလမ်း ပိုင်းမှာ ယောချောင်း ၊ ကျောချောင်း အပါအဝင် ချောင်းရေတွေ တိုက်စားပြီး ပျက်စီးမှုတွေ ဖြစ်နေတဲ့ အတွက် ဒေသခံတွေ တော်တော်လေး သွားရေး လာရေး ခက်ခဲနေ ပါတယ် ... '' ဟု ချင်းပြည်နယ် တောင်တန်း သာသနာပြု ဆရာတော် ဥူးပညာ သီရိ ( တောင်ပုလု ပရိယတ္တိ ၊ ပဋိပတ္တိကျောင်း ၊ ပရဟိတ ကျောင်းဆရာ တော် ) က မိန့်ကြားခဲ့သည်။

ယောချောင်း ဖြတ်ကူးသည့် ဂုံဘို တံတား တည်ဆောက် ထားသည်မှာ ဆယ်စုနှစ် ဝန်းကျင်သာ ရှိပြီး အဆိုပါ ဆယ်စုနှစ် အတွင်း ရေတိုက်စား မှုကြောင့် တံတားပျက်စီးမှု ကြုံရသည်မှာ ငါးကြိမ်ရှိပြီဟု ဒေသခံများက ပြောပြခဲ့သည်။


'' တံတားက ပေ ၄ဝဝ လောက် ရှည် ပါတယ် ၊ တံတား သက်တမ်း ၁ဝ နှစ် ဝန်းကျင်မှာ ငါးကြိမ် ရေတိုက်စား ခံရပါ တယ် ၊ မူလ တံတားက သစ်သားတိုင် ၊ သစ်သားအခင်း နဲ့ လုပ်ထားတဲ့ တံတားပါ ၊ ဒါကြောင့် ရေတိုက်စား တိုင်းပျက် စီးမှုဖြစ်တယ် ၊ တစ်ခါဖြစ်ရင် ဖြစ်တဲ့ နေရာကိုပဲ ကွက်ပြီး ကွန်ကရစ်တိုင် နဲ့ ပြောင်းလုပ် တော့ နှစ်စဉ် ရေတိုက် စားမှုခံ ရမှာပါ ၊ ပေ ၄ဝဝ တံတားမှာ ငါးခါရေ တိုက်စားလို့ ငါးခါကွန်ကရစ် ပြောင်းပြီးပြီ ၊ကျန်တဲ့အပိုင်း ကိုပါ တစ်ခါတည်း ပြောင်းလိုက်ရင် မဖြစ်ဘူးလား ၊ အခုတော့ နှစ်စဉ် ရေပါလို့ ဒေသခံတွေ သွားလာရေး အခက်တွေ့ ရပါတယ် ... '' ဟု ဒေသခံ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာပေါ်၌ ကူးစက်တတ်ခြင်း မရှိသည့် ရောဂါများကြောင့် သေဆုံးမှု ပိုများလာ


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

ကူးစက်တတ်ခြင်း မရှိသည့် ရောဂါ များကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်တွင် သေဆုံးမှု ပိုမိုများပြား လာကြောင်း သိရသည်။

တစ်ကမ္ဘာလုံး နှင့် နှိုင်းယှဉ်လျှင် နှစ်စဉ် သေဆုံးနေတဲ့ လူဦးရေ ၆၃ သန်းအနက် လူဦးရေ ၃၆ သန်းခန့်က ယင်း နာတာရှည် ရောဂါကြောင့် သေဆုံး နေရကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ၃၆ သန်းအနက် ၉ ဒသမ ၁ သန်းသည် အရွယ် မတိုင်မီ ကွယ်လွန် ကြသူများနှင့် အသက် ၆ဝ မတိုင်မီ သေဆုံးသူ ပေါင်း ၂၅ ရာခိုင်နှုန်း မျှရှိပြီး ယင်း သေဆုံးသူများ ထဲ၌ ၉ဝ ရာခိုင်နှုန်းမှာ ဝင်ငွေ နိမ့်ကျသော ၊ ဝင်ငွေ အလယ်အလတ် ရှိသော နိုင်ငံများ မှ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကူးစက်တတ်ခြင်း မရှိသည့် ( Non Communicable Diseases NCDs ) ရောဂါများ သည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပိုမို အဖြစ်များကာ ဖြစ်ပွားနှုန်း နှင့် သေဆုံးနှုန်းမှာ ကူးစက် ရောဂါများ ကဲ့သို့ ကာကွယ် တားဆီး၍ မရကြောင်း ၄င်းက ရှင်းပြသည်။ ယင်း NCDs တွင် အဓိက ရောဂါ လေးမျိုး နှင့် အခြားရောဂါ ခုနစ်မျိုးတို့ ပါဝင်သည်။ အဓိကရောဂါ လေးမျိုးမှာ ကင်ဆာရောဂါ ၊ နာတာရှည် အဆုတ် နှင့် အသက်ရှူ လမ်းကြောင်း ရောဂါ ၊ နှလုံး သွေးတိုးရောဂါ နှင့် ဆီးချို သွေးချို ရောဂါတို့ ဖြစ်ပြီး အခြားရောဂါ ခုနစ်မျိုးမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း ၊ နားလေးခြင်း ၊ မြွေကိုက်ခြင်း ၊ စိတ်ရောဂါ ၊ မျက်မမြင် ရောဂါ ၊ သက်ကြီးရွယ်အို ရောဂါနှင့် ဆေးလိပ် သောက်ခြင်းနှင့် မူးယစ် ဆေးဝါး သုံးစွဲခြင်း တို့ဖြစ်သည်။

NCDs ရောဂါဖြစ်ပွား ရသည့် အဓိက အန္တရာယ် အမူအကျင့် များမှာ
(၁) ဆေးလိပ်သောက် ၊ ဆေးရွက်ကြီးငုံ ၊ ကွမ်းစားခြင်း၊
(၂) ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားခြင်း၊
(၃) ကိုယ်ကာယ လေ့ကျင့်ခန်း လှုပ်ရှားမှု နည်းခြင်း၊
(၄) အရက်အလွန် အကျွံ သောက်ခြင်းတို့ဖြစ်သည်။


NCDs ရောဂါများ မဖြစ်ပွားစေရန် နေ့စဉ် အစားအသောက်များ စားသုံး ရာတွင် သရက်သီးမှည့် ၊ သင်္ဘောသီးမှည့် စသည့် အဝါရောင် သစ်သီးများ ၊ ဒန့်ဒလွန်ရွက် ၊ ကန်စွန်းရွက် စသည့် အစိမ်းရောင် ဟင်းရွက်များ ၊ ရွှေဝါ ကန်စွန်းဥ ၊ မုန်လာဥနီ စသော အဝါရောင် သစ်ဥသစ်ဖု များကို ရွေးချယ်စား သုံးသင့်ပြီး အဆီမျိုးစုံကို ဆင်ခြင် စားသောက်သင့် ကြောင်း သိရှိရသည်။

အစားအသောက် ချက်ပြုတ်ခြင်း နှင့် ပြင်ဆင်ခြင်း ဆိုင်ရာ ဒီပလိုမာ ပညာသင် ထောက်ပံ့ကြေးဖြင့် တက်ရောက် သင်ယူနိုင်


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

စင်ကာပူနိုင်ငံ တွင် အစားအသောက် ချက်ပြုတ်ခြင်း နှင့် ပြင်ဆင်ခြင်း ဆိုင်ရာ ဒီပလိုမာ သင်တန်းကို ပညာသင် ထောက်ပံ့ကြေး ဖြင့် တက်ရောက် သင်ယူ နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဒီပလိုမာ သင်တန်းကို စင်ကာပူ နိုင်ငံ Dimension International College တွင် သင်ယူနိုင်ပြီး ယခုနှစ် ဒီဇင်ဘာ ကျောင်းဖွင့်ချိန် အတွက် ကျောင်း ၀င်ခွင့်များ စတင် လက်ခံ နေပြီ ဖြစ်သောကြောင့် ယင်း စာသင်နှစ် အတွက် ကျောင်း လျှောက်ထား ပါက ကျောင်းစရိတ် ၃၀ ရာခိုင်နှုန်း ကျော် ပညာသင် ထောက်ပံ့ကြေး အဖြစ် လျှော့ပေး သွားမည် ဖြစ်ကြောင်း ၊ အရစ်ကျ ၂ ကြိမ်ခွဲ ပုံစံဖြင့် ပေးသွင်း၍ တက်ရောက် နိုင်ကြောင်း နှင့် နိုင်ငံတကာ အစားအစာ အမျိုးမျိုး ချက်ပြုတ် ပြင်ဆင်ရန် စာတွေ့ ၊ လက်တွေ့ ပေါင်းစပ် သင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။


အစားအသောက် ချက်ပြုတ် ပြင်ဆင်မှု တွင် အဓိက ကျသော ဘာသာရပ် များကို နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်း အတိုင်း လက်တွေ့ သင်ကြား ပေးမည် ဖြစ်ပြီး သင်တန်း ကာလမှ ၉ လ ကြာမြင့်မည် ဖြစ်သည်။ သင်တန်း ပြီးဆုံးပါက UK နိုင်ငံမှ City and Guilds လက်မှတ် ချီးမြှင့်မည် ဖြစ်သောကြောင့် စိတ်ပါ ၀င်စားသူ များသည် Dimension International College ဖုန်း ၀၉- ၄၅၀၀ ၄၄ ၁၁၇ နှင့် ၀၉- ၄၂၁၀ ၇၆ ၈၇၈ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာ ဓလေ့ပုံစံများ မှတ်တမ်းတင် ဓာတ်ပုံပြပွဲ ပြုလုပ်မည်


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

မြန်မာနိုင်ငံတွင်း နေထိုင်ကြသော တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၅ဝ ကျော်ရှိသည့် အနက်မှ မျိုးနွယ်ပေါင်း ၃၅ စုတို့၏ တိုင်းရင်းသား ရိုးရာ ၀တ်စား ဆင်ယင်ပုံများ နှင့် နေထိုင်မှု ဓလေ့ စရိုက်များကို မှတ်တမ်းတင် ပြသမည့် ဓာတ်ပုံပြပွဲ ကို ယခုလအတွင်း ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် အရုဏ်ဦး လူမှုဖွံ့ဖြိုးရေး အသင်းမှ ဦးကျင်ခန့်လျန်းက ပြောကြား ခဲ့သည်။

အဆိုပါ ဓာတ်ပုံပြပွဲကို Vanishing Tribes of Burma ဟု အမည် ပေးထားပြီး စက်တင်ဘာ ၂၈ ၊ ၂၉ ၊ ၃ဝ ရက် များတွင် အင်းယားလိတ် ဟိုတယ် Ball Room ၌ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ပြည်သူလူထု များ လာရောက် ကြည့်ရှုနိုင်ရန် ဖွင့်လှစ်သွားမည် ဟု သိရသည်။


'' ဓာတ်ပုံပြပွဲ တွေထဲမှာ ဒီလို မှတ်တမ်းတင် ပြသမှုမျိုးက ဒါပထမဆုံးပါ ၊ ပြည်တွင်းမှာ ရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စု တွေရဲ့ ဓလေ့နဲ့ ငြိမ်းချမ်းစွာ အတူတကွ နေထိုင် ကြတယ် ဆိုတာကို လာကြည့်တဲ့ နိုင်ငံခြား ဧည့်သည်တွေ အနေနဲ့လည်း သိသွားအောင်ပါ ၊ မြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစု အကုန်ရဲ့ ရိုးရာ ၀တ်စား ဆင်ယင်ပုံ တွေကို မပြသနိုင် ပေမယ့် ပြည်တွင်း တိုင်းရင်းသား မျိုးနွယ်စု ၃၅ စုတို့ရဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေကို ပြသသွားမှာပါ ... '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ငါးကြိမ်မြောက် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး ညီလာခံ ကျင်းပမည်


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

နိုင်ငံတကာ ပြည်သူ့ ကျန်းမာရေး ညီလာခံကို မဲခေါင်ဒေသ ဆိုင်ရာ နိုင်ငံများ အတွင်း နှစ်စဉ် ကျင်းပလေ့ ရှိကာ စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန် မြို့တော်၌ အဆိုပါ ညီလာခံကို ငါးကြိမ်မြောက် အနေဖြင့် ပြည်တွင်း၌ ပထမဆုံးအကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း ကျန်းမာရေး လုပ်ငန်းများ လုပ်ဆောင် နေသော ပြည်တွင်း လူမှု အဖွဲ့အစည်း တစ်ခုမှ ပြောကြားခဲ့သည်။

ယင်း ညီလာခံကို ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် တို့တွင် ကျင်းပမည် ဖြစ်ပြီး မဲခေါင်ဒေသ နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား ၊ တရုတ် ၊ လာအို ၊ ထိုင်း ၊ ဗီယက်နမ် နှင့် မြန်မာနိုင်ငံ တို့မှ သက်ဆိုင်ရာ တာဝန်ရှိ ကိုယ်စားလှယ်များ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO နှင့် China Medical Board ( CMB ) အပါအဝင် ပြည်တွင်း နှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO / INGO) တို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြ မည်ဖြစ်သည်။

ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်) အဆိုပါ ညီလာခံကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) နှင့် China Medical Board ( CMB ) တို့၏ အကူအညီ ဖြင့် စီစဉ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုနှစ်၌ ကျင်းပရန် ပြီးခဲ့သော လေးကြိမ်မြောက် ကျင်းပခဲ့သော တရုတ်နိုင်ငံ ကူမင်း ဆေးတက္ကသိုလ် ၌ ပြုလုပ်ခဲ့သော ညီလာခံမှ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။


မဲခေါင်ဒေသ နိုင်ငံများ၏ ပြည်သူ့ ကျန်းမာရေး ညီလာခံကို ပြည်သူ့ ကျန်းမာရေး နှင့် ပတ်သက်သည့် ကြုံတွေ့နေ ရသော ခက်ခဲမှုများ၊ တိုးတက်လာ သော ခေတ်စနစ်၏ ဆေးကုသခြင်း ဆိုင်ရာ နည်းပညာများ စိန်ခေါ်မှု များကို နိုင်ငံအချင်းချင်း အပြန်အလှန် နှီးနှောဖလှယ် သွားရန် ရည်ရွယ်၍ ၂ဝဝ၉ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger