www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 30, 2013

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ အခွန်ဝေစု လွှဲပြောင်းပေးအပ်




တောင်ကြီး ၊ ၃၀-၆-၂၀၁၃

ရှမ်းပြည်နယ် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဌာန ၊ ပြည်တွင်း အခွန်များ ဦးစီးဌာန နှင့် အကောက်ခွန် ဦးစီးဌာန တို့မှ ပြည်နယ် အစိုးရ အဖွဲ့ ဘဏ္ဍာရန်ပုံငွေ ဝေစု လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ၊ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ၊ ပြည်နယ် ၀န်ကြီးများ ၊ ပြည်နယ် ဥပေဒချုပ် ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ် အခွန်ဦးစီး ဌာနမှူး ၊ ပြည်နယ် အကောက်ခွန် ဦးစီး ဌာနမှူးများ ၊ ပြည်နယ် / ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ ပြည်နယ် အခွန် ဦးစီးဌာန ၀န်ထမ်းများ တက်ရောက် ကြကြောင်း သိရသည်။


အခမ်းအနား တွင် ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် က အဖွင့်အမှာ စကား ပြောကြား ပြီးနောက် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဌာန ကိုယ်စား ပြည်နယ် အခွန် ဦးစီး ဌာနမှူး ဦးတင်ထွန်းနိုင် က ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာ ရန်ပုံငွေ သို့ အခွန်ဝေစု လွှဲပြောင်း ပေးအပ်ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ ပြည်နယ်အခွန် ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင် က အခွန်ဝေစု ကျပ်သန်း ၇၉၉ ဒသမ ၉၄ အား လွှဲပြောင်း ပေးရာ ပြည်နယ် အစိုးရအဖွဲ့ ၊ ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီးဌာန ၊ ပြည်နယ် ၀န်ကြီး ဦးခွန်သိန်းမောင် က လက်ခံ ရယူကာ အခမ်းအနား ကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၆-၂၀၁၃) တနင်္ဂနွေနေ့


Download Links




Saturday, June 29, 2013

နာမည်ကျော် တိုင်းမ်မဂ္ဂဇင်းတွင် ဦးဝီရသူ အား ဗုဒ္ဓဘာသာ အကြမ်းဖက် သမားအဖြစ် ဖော်ပြထားမှုကို အစ္စလာမ် ဘာသာဝင် ခေါင်းဆောင် တစ်ဦးက လက်မခံ


ရန်ကုန် ၊ ၂၉-၆-၂၀၁၃

လူသိများ ထင်ရှားသော နာမည်ကျော် တိုင်းမ် မဂ္ဂဇင်း တွင် ဦးဝီရသူ ကို ဗုဒ္ဓဘာသာ အကြမ်းဖက် သမားအဖြစ် ဖော်ပြ ထားမှုကို Diamond Shwe Kyie " စိန် နှင့် အခေါက်ရွှေ လုပ်ငန်း " ပိုင်ရှင် နှင့် အစ္စလာမ် ဘာသာဝင် များ၏ အရေးကိစ္စ များကို ဆောင်ရွက် နေသော ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးရွှေကြည် က ယင်းသို့ ရေးသားမှု ကို လက်မခံ နိုင်ကြောင်း ယမန်နေ့ က ပြောကြား ခဲ့သည်။

" ကျွန်တော် သင်္ဘောသား ဘ၀တုန်းက ပီနန် ဘုန်းတော်ကြီး ကျောင်းမှာ နေခဲ့ဖူး ပါတယ် ၊ ပီနန် ဆရာတော်ကြီး ရဲ့ စောင့်ရှောက်မှု ကိုလည်း ခံရဖူး ပါတယ် ၊ ဦးဝီရသူ ရဲ့ အကြောင်းကို ကျွန်တော် အသိဆုံးပါ ၊ တချို့ စာသားတွေနဲ့ စကားတွေက ဦးဝီရသူ ကိုယ်တိုင် မပြောဘဲနဲ့ ချဲ့ကား ရေးသားမှု တွေပါ ၊ ဦးဝီရသူ ကို ကျွန်တော် ယုံပါတယ် ..... " ဟု ဦးရွှေကြည် က ပြောကြား ခဲ့သည်။ အဆိုပါ စကားများကို မည်သူ တစ်ဦး တစ်ယောက် ကမှ ပြောခိုင်းခြင်း မဟုတ်သည့် အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွင် အိပ် ၊ စား ခဲ့ဖူးပြီး ဦးဝီရသူ ၏ တချို့သော အသုံးအနှုန်း များမှာ အနောက်တံခါး ကျိုးပေါက်လာမှု ကြောင့် စိုးရိမ်စွာ ပြောဆိုမှု များသာ ဖြစ်နိုင်ကြောင်း သိရသည်။

အရှင် ဦးဝီရသူ နှင့် ဦးရွှေကြည် တို့ ၂ ဦးသည် အဖျက်လုပ်ငန်း မှန်သမျှ ကို တားဆီး ကာကွယ်မည့် စိတ်သဘောထား တူညီကြပြီး ဦးဝီရသူ အနေဖြင့် မွတ်စလင် ဘာသာဝင် များကို ကူညီ ကယ်တင်မှုများ ရှိခဲ့ကြောင်း ဦးရွှေကြည် က ပြောကြား ခဲ့သည်။ ဇူလိုင်လတွင် ထွက်ရှိမည့် တိုင်းမ်းမဂ္ဂဇင်း ၏ မျက်နှာဖုံး တွင် ဦးဝီရသူ ၏ပုံကို ဖော်ပြကာ The Face of Terror ဟု စာတန်း ရေးထိုးထားပြီး အဆိုပါ ဖော်ပြမှု ကို အလွှာ အသီးသီး အကြား Facebook စာမျက်နှာ များတွင် ဝေဖန် ဖော်ပြမှုများ ရှိခဲ့သည်။ ပြည်ပ မီဒီယာ များအနေဖြင့် အချို့သော စာမျက်နှာ များတွင် တကယ် မပြောဘဲ ပြောကြောင်း ချဲ့ကား ဖော်ပြမှု များနှင့် မလိုလား အပ်သော ရေးသား ဖော်ပြမှုများ ရှိကြောင်း အလွှာ အသီးသီး ရှိ လူပုဂ္ဂိုလ် တို့က သုံးသပ် ဝေဖန် ကြသည်။ ထိုသို့ ဦးဝီရသူ ကို ဗုဒ္ဓဘာသာ အကြမ်းဖက် သမားအဖြစ် ဖော်ပြသော တိုင်းမ်မဂ္ဂဇင်း ကို မြန်မာနိုင်ငံ သို့ တင်သွင်း ရောင်းချမှု ကန့်သတ် လိုက်ပြီး ဖြစ်သည်။ ( သီရိလင်္ကာနိုင်ငံ တွင်လည်း အဆိုပါ တိုင်းမ် မဂ္ဂဇင်း ကို တားမြစ်ပိတ်ပင် ကြောင်း သိရှိရသည် Sri Lanka To Ban Time Magazine: “The Face Of Buddhist Terror” )






တိုင်းမ် မဂ္ဂဇင်း ၏ ရေးသား ဖော်ပြမှု များသည် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် မလိုလား အပ်သော အနှောင့်အယှက် များ ၀င်လာနိုင်သည့် အပြင် ပြည်တွင်း အေးချမ်း တည်ငြိမ်မှု ကို အနှောင့်အယှက် ဖြစ်စေ နိုင်ကြောင်း အလွှာအသီးသီး က သုံးသပ် ပြောကြား ခဲ့ကြသည်။

အမျိုးသမီးငယ်များ လူကုန်ကူးမှု မခံရရေး ဆောင်ရွက်ရန် လိုအပ်ချက်များ ရှိနေ


ရန်ကုန် ၊ ၂၉-၆-၂၀၁၃

မြန်မာနိုင်ငံ ၌ လက်ရှိ ဖြစ်ပွားလျက် ရှိသော လူကုန်ကူး ခံရသူများသည် အမျိုးသမီးငယ် များဖြစ်ပြီး ယင်းအမျိုးသမီး ငယ်များ လူကုန်ကူးမှု မခံရရေး ဆောင်ရွက် ရာတွင် လိုအပ်ချက် များ ရှိသည်ဟု မြန်မာနိုင်ငံ ရှိ လူမှု အဖွဲ့အစည်း များနှင့် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

လူကုန်ကူးမှု များတွင် ဖွံ့ဖြိုး တိုးတက်လျက် ရှိသော နိုင်ငံများထက် မြန်မာနိုင်ငံ သားများက ပိုမို ကြုံတွေ့ နေရပြီး ယင်း လူကုန်ကူးမှု လုပ်ငန်း များသည် ရင်းနှီးမြှုပ်နှံငွေ နည်းပါးကာ အမြတ်အစွန်း ( ငွေအမြောက် အမြား ) ရရှိနိုင်သော ကြောင့် နည်းမျိုးစုံ ဖြင့် လုပ်ကိုင် သူများ ဆက်လက် လုပ်ဆောင် နေကြောင်း သိရသည်။

" လူကုန်ကူး လုပ်ငန်း လုပ်ကိုင်တဲ့ သူတွေက တရုတ်နိုင်ငံ ကို ပို့တာ များတယ် ၊ နောက် ထိုင်းနိုင်ငံ က စက်ရုံ ၊ အလုပ်ရုံ ပိုင်ရှင်တွေဆီ ပို့တယ် ၊ လူကုန်ကူး ခံရတာ အများဆုံးက အသက် ၁၆ နှစ် အထက် အမျိုးသမီး တွေပဲ ၊ တချို့ နယ်တွေမှာ အလုပ်အကိုင် မရှိတော့ အလုပ်ရှာ ပေးမယ် ဆိုပြီး ခေါ်ရင် လိုက်သွား ကြတာတွေ ရှိတယ် ၊ ဒီလို လူကုန်ကူးမှု ကို မသိကြ သေးတဲ့ လူတွေ အများကြီး ရှိတယ် ၊ ဒါတွေကို ဖော်ထုတ်ဖို့ အတွက် မြို့နယ် ၊ ရပ်ကွက် ၊ ရဲတပ်ဖွဲ့ နဲ့ ပြည်သူတွေ ပူးပေါင်း ဆောင်ရွက်ဖို့ သားသမီးချင်း ကိုယ်ချင်းစာ ဖို့ လိုအပ် ပါတယ် .... " ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


လူကုန်ကူး ခံရသော အမျိုးသမီး ငယ်များသည် ၄င်းတို့ကို တရားမ၀င် အလုပ်သမား များအဖြစ် အိမ်နီးချင်း နိုင်ငံများ သို့ ပို့ဆောင်လျက် ရှိကြောင်း နှင့် ယင်း လူကုန်ကူးမှု များကို အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO မှ အရေးယူ ပိတ်ဆို့မှု များကိုလည်း ပြန်လည် ရုပ်သိမ်း ခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို) ၏ အုပ်စုပန်းချီပြပွဲကျင်းပ


ရန်ကုန် ၊ ၂၉-၆-၂၀၁၃

ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ဈေး၌ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို) ပန်းချီပြခန်း ၌ ရန်ကုန် မြို့တွင်းရှိ မြို့နယ် ပေါင်းစုံမှ မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး အဖွဲ့ဝင် ပန်းချီ ဆရာများ၏ လက်ရာ ပန်းချီကား များအား ချိတ်ဆွဲပြသ သွားမည့် အုပ်စုပန်းချီ ပြပွဲကို ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၃ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းချီ ပြပွဲတွင် နာမည်ကျော် ၀ါရင့် ပန်းချီ ဆရာကြီးများ ဖြစ်ကြသော ဦးသပြေ မြင့်သိန်း ၊ ဦးဥာဏ်ကျယ် ၊ ဦးမောင်မောင် တင်ဦး ၊ ဦးဇော်ဝင်း (ပိုစတာ) ၊ ဦးဇော်ဝင်း ( KMD ) စသည်တို့ အပါအ၀င် ပန်းချီဆရာ ၄၈ ဦးတို့ ရေးဆွဲ ထားသည့် ရေဆေး ၊ ဆီဆေး ၊ အခဲလစ်ဆေး ပန်းချီကားများ ကို ချိတ်ဆွဲ ပြသထားပြီး စုစုပေါင်း ပန်းချီကား အရေအတွက် ၈၀ ချပ်နီးပါး ရှိသည်ဟု သိရသည်။

ပန်းချီကား များတွင် မြန်မာနိုင်ငံ အတွင်းရှိ စေတီပုထိုး ဘုရားများ ၊ ရေမြေ တောတောင် သဘာဝ ရှုခင်းများ ၊ တိုင်းရင်းသား လူမျိုးများ ၊ ကျေးငှက် တိရစ္ဆာန်များ အစရှိသော ရုပ်ပုံများကို လက်ရာမြောက်စွာ သရုပ်ဖော် ရေးဆွဲ ထားသည်ကို တွေ့ရှိရသည်။


ပန်းချီကားများ ၏ ဈေးနှုန်း များကိုမူ မြန်မာငွေ ၊ အမေရိကန် ဒေါ်လာ စသည်ဖြင့် အစားစား သတ်မှတ် ထားသည်။ ၄င်း ပန်းချီပြပွဲ ကို ဗိုလ်ချုပ်ဈေး ပိတ်ရက် ဖြစ်သော တနင်္လာနေ့ မှအပ ကျန်ရက်များ တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပြသ ထားမည် ဖြစ်ရာ မည်သူမဆို အခမဲ့ ၀င်ရောက် ကြည့်ရှု လေ့လာ နိုင်ကြောင်း သိရှိရသည်။

အဆီကြွယ်ဝသော ငါးများ စားသုံးခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်


၂၉-၆-၂၀၁၃

ငါးမည်းလုံး ၊ ဆော်လမွန်ငါး ၊ ငါးသေတ္တာငါး သို့မဟုတ် အခြား အဆီဓာတ် ကြွယ်ဝသော ငါးများကို တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စားသုံးခြင်းသည် အမျိုးသမီး များ၌ ရင်သား ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ကို လျှော့ချ ပေးနိုင်ကြောင်း ဗြိတိန်နိုင်ငံ ထုတ် ဆေးပညာ ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။

ယခင် လေ့လာ ဆန်းစစ်မှုများ ပြုလုပ် ထားသည့် အမေရိကန် ၊ ဥရောပ နှင့် အာရှနိုင်ငံ များမှ လူဦးရေ ၈ သိန်းကျော်၏ စားသောက်မှု အလေ့အထ မှတ်တမ်း ၂၆ ခုကို တရုတ် အခြေစိုက် သုတေသန ပညာရှင်များက ပြန်လည် ဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ အဆီဓာတ် ကြွယ်ဝသော ငါးများကို စားသုံးသူများ တွင် ရင်သား ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ကို လျှော့ချပေးနိုင် ကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။

အဆီဓာတ် ကြွယ်ဝသော ငါးများတွင် n -3 PUFAs အမည်ရှိ အက်စစ်ဓာတ်များ ကြွယ်ဝစွာ ပါရှိပြီး ၄င်း အက်စစ်သည် ကိုယ်ခံအား စနစ် ၊ သွေးကြော လှုပ်ရှားမှု များနှင် အာရုံကြော မှ တစ်ဆင့် ဦးနှောက်အတွင်း သတင်းပေးပို့ မှုများကို လုပ်ဆောင်ရာတွင် များစွာ အကျိုးပြုကြောင်း သုတေသီများက လေ့လာ တွေ့ရှိထားသည်။


အဆိုပါ n -3 PUFAs အက်စစ်ဓာတ်တွင် EPA ၊  DPA ၊ DHA နှင့် ALA စသည့် အုပ်စုဝင်များ ပါရှိပြီး ၄င်းအုပ်စုများ ကို အဆီဓာတ် ကြွယ်ဝသော ငါးများ ၊ အခွံမာ အသီးများ ၊ အစေ့များ နှင့် ဟင်းသီးဟင်းရွက် များတွင် အဓိက အားဖြင့် တွေ့ရှိရကြောင်း သိရသည်။ ထို့ကြောင့် n -3 PUFAs အက်စစ်ဓာတ် များစွာ ပါရှိသည့် အစားအစာ များကို စားသုံးသည့် အမျိုးသမီး များနှင့် ၄င်း အစားအစာ များကို အနည်းငယ်သာ စားသုံးသည့် အမျိုးသမီးများ အား နှိုင်းယှဉ်၍ ပညာရှင် များက လေ့လာခဲ့ရာ ယင်းအစားအစာ များကို ပုံမှန် စားသုံးသည့် အမျိုးသမီး များတွင် ရင်သား ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် သည် ၁၄ ရာခိုင်နှုန်း ထိ လျှော့ကလျက် ရှိကြောင်း လေ့လာာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Thursday, June 27, 2013

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အခမ်းအနား ကျင်းပ


မြိတ် ၊ ၂၇-၆-၂၀၁၃

          အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှု နှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမ္မာန် ခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့ရာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ရပ်မိ/ရပ်ဖများ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ ဆရာ/မများ ၊ ကျောင်းသား/သူ များ တက်ရောက် ကြသည်။

ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့သော ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ သ၀ဏ်လွှာအား မြိတ်ခရိုင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦလွင်ကိုဦးက ဖတ်ကြားသည်။

ထိုနောက် မြိတ်ခရိုင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဒုတိယ ရဲမှူးကြီး ရွှေညာမောင် က မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ အကြောင်း သိကောင်းစရာများ အပြင် မြိတ်ခရိုင် အတွင်း ဖမ်းဆီး ရမိခဲ့သော မူးယစ်ဆေးဝါး များနှင့် သုံးစွဲသူများ / ရောင်းဝယ်သူများ အကြောင်းကို projector များနှင့်တကွ ဆွေးနွေး ပြောကြားသည်။ ယင်းနောက် စိတ်ရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်ဇော် က မူးယစ်ဆေးဝါး နှင့် ဆက်နွယ်လာသည့် ဆိုးကျိုးများ အပေါ် ကျန်းမာရေး ရှုထောင့်မှ သိကောင်းစရာ များ ဆွေးနွေး တင်ပြပြီး မြိတ်ခရိုင် ဥပဒေအရာရှိ ဦးလှထွန်းက မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ၏ သိကောင်းစရာ အချက်အလက် များအား ဥပဒေရှုထောင့်မှ ဆွေးနွေး တင်ပြသည်။


ဆက်လက်၍ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် (၁၆)ကြိမ်မြောက် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာ နှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများ တွင် ခရိုင်အဆင့် ဆုရရှိသူ ကျောင်းသား/ သူများအား ခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ပြီး  ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲလက် ရာများအား အကဲဖြတ်ပေးသည့် ပန်းပညာရှင်များ အစည်းအရုံး အဖွဲ့အား ဒုတိယရဲမှူးကြီး ရွှေညာမောင်က ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့် ပေးအပ်ရာ  ပန်းပညာရှင် အစည်းအရုံးဖွဲ့ ကိုယ်စား အဖွဲ့ ဥက္ကဌ ဦးအောင်သန်းမှ လက်ခံရယူပြီး အခမ်းအနားကို ရုတ်သိမ်း လိုက်ကြောင်း သိရှိရသည်။

အာဆီယံ ၁၀ နိုင်ငံတွင် ဆေးရွက်ကြီး ဥပဒေမလိုက်နာမှုတွင် မြန်မာနံပါတ် ၁၀ ဖြင့် အောက်ဆုံးရောက်ရှိ


ရန်ကုန် ၊ ၂၇-၆-၂၀၁၃

ဆေးရွက်ကြီး ထိန်းချုပ်သော အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း WHO FCTC ၏ ဥပဒေ အပိုဒ် ၁၁ တွင်ပါသော အဓိက အချက် ၈ ချက်ကို လိုက်နာ အကောင် အထည်ဖော် ရာတွင် အရှေ့တောင် အာရှ အာဆီယံ ၁၀ နိုင်ငံ၌ မြန်မာနိုင်ငံ သည် လိုက်နာ ဆောင်ရွက်မှု အားနည်းချက် များစွာကြောင့် နံပါတ် ၁၀ ဖြင့် အောက်ဆုံး ရောက်ရှိ နေကြောင်း နောက်ဆုံး ပြုလုပ်ပြီးသော သုတေသန အရ သိရသည်။

မြန်မာနိုင်ငံ သည် WHO FCTC အဖွဲ့ဝင် နိုင်ငံ ဖြစ်ပြီးနောက် ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ ၏ ဆေးလိပ် နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း များတွင် ဥပဒေ အခန်း ၅ ဖြင့် ကျန်းမာရေး ၀န်ကြီးဌာန ၏ လုပ်ငန်း တာဝန်များ ကို အပိုဒ် ၈-င တွင် ဆေးလိပ် ထုတ်တွင် ဖော်ပြ ပါရှိရမည့် ဆေးလိပ် သောက်ခြင်းကြောင့် ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက် စေနိုင်ကြောင်း မြန်မာဘာသာ ဖြင့် သတိပေး စာတန်းကို လည်းကောင်း ၊ အခြား လိုအပ်သော သတိပေးချက် များကိုလည်း သတ်မှတ်ခြင်းများ ပြုလုပ် နိုင်ကြောင်း သိရသည်။

ပြည်တွင်း ဆေးရွက်ကြီး ထွက်ကုန် များတွင် လက်ရှိ အခြေအနေ အရ စီးကရက် သောက်ခြင်း သည် ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက်စေခြင်း နှင့် ၁၈ နှစ် မပြည့် သေးသူများကို ရောင်းချခြင်း မပြုရ ဟုသာ မြန်မာ ဘာသာဖြင့် ရေးထိုး သတိပေး ထားသောကြောင့် အာဆီယံ ၁၀ နိုင်ငံ နှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာ ကွန်ဗင်းရှင်း ဥပဒေပါ အပိုဒ် ၁၁ ဒ အဓိက အချက် ၈ ချက် ကို လိုက်နာရာတွင် အားနည်းချက် များရှိနေကြောင်း သိရသည်။

အဆိုပါ ဥပဒေ အပိုဒ် ၁၁ တွင် ပါရှိသော အဓိက အချက် ၈ ချက် မှာ ဆေးလိပ် နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းများ ထုတ်ပိုး ပစ္စည်း များတွင် ကျန်းမာရေး သတိပေး စာတန်း များကို အလှည့်ကျ ဖော်ပြ ပေးရမည်။ ကျန်းမာရေး သတိပေး စာတန်းများ ရှင်းလင်း ပေါ်လွင်ရမည်။ ကျန်းမာရေး သတိပေး စာတန်း များကို ထုတ်ပိုး ပစ္စည်းများ၏ မြင်သာသော မျက်နှစ် ၂ ဖက်တွင် ဖြစ်နိုင်လျှင် ၅၀ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက် မနည်းသော ဧရိယာပေါ်တွင် ရှိရမည့် အပြင် ၃၀ ရာခိုင်နှုန်းထက် မနည်း ရှိရမည် စသော အခြား အချက် ၄ ချက်လည်း ပါရှိကြောင်း သိရသည်။

ယင်းအချက် များကို အရှေ့တောင် အာရှ နိုင်ငံများ အားလုံးက လိုက်နာ ဆောင်ရွက်မှု အားကောင်းပြီး မြန်မာနိုင်ငံ အနေဖြင့် သတိပေး စာတန်း တစ်ခုတည်း ရှိသောကြောင့် အဆင့် ၁၀ ဖြင့် အောက်ဆုံးသို့ ရောက်ရှိ နေရခြင်း ဖြစ်ကြောင်း သိရသည်။


ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် သဘောတူပြီး ၅ နှစ်အတွင်း ဥပဒေပါ အချက်များကို မိမိတို့ နိုင်ငံများ၏ ဥပဒေများ ၊ အမိန့် ကြော်ငြာစာများ ထုတ်ပြန် ထားရမည် ဖြစ်သည်။ ဥပဒေအရ ကြော်ငြာ မျိုးစုံ ပြုလုပ်ခြင်း ၊ အရောင်း မြှင့်တင်ရန် စည်းရုံးမှု နှင့် လူမှုရေး ၊ ပညာရေး ၊ အားကစား ၊ ကျန်းမာရေး ကဏ္ဍ အားလုံးကို ပံ့ပိုးမှု ပေးခြင်းများ အားလုံးကို အလုံးစုံ ပိတ်ပင် တားမြစ်ရန် ဆောင်ရွက် ရမည်ဆိုပါက ဆေးလိပ် နှင့် ဆေးရွက်ကြီး ပစ္စည်းများ သုံးစွဲမှု သည် ၇ ရာခိုင်နှုန်း မှ ၁၆ ရာခိုင်နှုန်း အထိ ကျဆင်း နိုင်ကြောင်း သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် ဆန်ဈေးနှုန်း ဖြတ်တောက် လျှော့ချခဲ့မှုအား ပြန်လည်သုံးသပ်မှု ပြုလုပ်ရန် ကတိပြုခဲ့ခြင်း

ထိုင်း ကူသန်း ရောင်းဝယ်ရေး ၀န်ကြီး Boonsong Teriyaphirom

၂၇-၆-၂၀၁၃

ထိုင်းအစိုးရသည် ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ ဖြတ်တောက် လျှော့ချရန် လွန်ခဲ့သည့် ရက်သတ္တပတ် က ဆုံးဖြတ်ခဲ့ရာ ၄င်း ဆုံးဖြတ်ချက် အပေါ် တောင်သူ လယ်သမား များက ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ် ခဲ့သဖြင့် အစိုးရ အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက် အား အဆောတလျင် ပြန်လည် သုံးသပ် ဆွေးနွေးမှု ပြုလုပ်သွားမည် ဟု ဇွန်လ ၂၅ ရက်နေ့တွင် ကတိပြု ပြောကြား ခဲ့ကြောင်း သိရသည်။

ဆန်တစ်တန် တန်ဖိုးအား အမေရိကန် ဒေါ်လာ ၅၀၀ မှ ၄၀၀ သို့ ဖြတ်တောက် လျှော့ချရန် ဆုံးဖြတ် ခဲ့သည့် အတွက် ထိုင်း တောင်သူ လယ်သမား များက အစိုးရရုံး အဆောက်အဦ အပြင်ဘက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ ကြောင်းနှင့် ဖြူထိုင်းပါတီ ဦးဆောင်သော ထိုင်းအစိုးရ အနေဖြင့် ၄င်းကိစ္စနှင့် ပတ်သက်၍ ထပ်မံ သုံးသပ် စဉ်းစားမှု ပြုလုပ်သွားရန် ကတိပြု ခဲ့ကြောင်း ထိုင်း ကူသန်း ရောင်းဝယ်ရေး ၀န်ကြီး Boonsong Teriyaphirom က ပြောကြား ခဲ့သည်။


ထိုင်းတောင်သူ လယ်သမားများ က ဆန်တစ်တန် ၏ တန်ဖိုးအား ဒေါ်လာ ၅၀၀ နှုန်းဖြင့် မပြောင်းလဲဘဲ ထားရှိရန် အသနားခံစာ တင်သွင်း ခဲ့ကြောင်း ၊ ထိုင်းဝန်ကြီးချုပ် ယင်လပ် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ထိုင်းနိုင်ငံ ဆန် နှင့် ပတ်သက်သည့် မူဝါဒရေးရာ ကော်မတီ အနေဖြင့် အဆိုပါ ဆန်ဈေးနှုန်း ဖြတ်တောက် လျှော့ချမှု နှင့် ပတ်သက်၍ ပြန်လည် သုံးသပ် ဆွေးနွေးမှု ပြုလုပ် သွားလိမ့်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ဆန်တစ်တန် ပမဏ အတွက် စိုက်ပျိုးမှု ကုန်ကျစရိတ် မှာ အမေရိကန် ဒေါ်လာ ၃၀၀ ခန့်ရှိကြောင်း သိရသည်။ ဆန္ဒပြသူ များက အစိုးရ အနေဖြင့် ဇွန်လ ၂၅ ရက်နေ့ မှစတင်၍ ရက်သတ္တပတ် အတွင်း ပြန်လည် သုံးသပ် ဆွေးနွေးမှု ပြုလုပ် ပေးရန် တောင်းဆိုခဲ့ ကြကြောင်း သိရှိရသည်။

၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


ရန်ကုန် ၊ ၂၇-၆-၂၀၁၃

ကာကွယ်ရေး ဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် သီဟသူရ ထွန်းတင် ခန်းမ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကိုယ်စား ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် မှ တက်ရောက် အဖွင့် အမှာစကား ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါ အခမ်းအနား သို့ ရန်ကုန်တပ်နယ် နှင့် သန်လျင် တပ်နယ်ရှိ တပ်မတော် (ရေ) မှ အရာရှိကြီးများ ၊ အရာရှိ ၊ စစ်သည်များ ၊ တာဝန်ရှိသူများ ၊ ဖိတ်ကြား ထားသည့် ဧည့်သည်များ ၊ ပြိုင်ပွဲဝင် အားကစား သမားများ နှင့် မိသားစုများ တက်ရောက် ကြသည်။


ပြိုင်ပွဲများ ကျင်းပပြီးနောက် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ဆက်လက် ကျင်းပရာ ပြိုင်ပွဲ အမျိုးအစား အလိုက် ဆုရရှိသူ များအား တာဝန်ရှိ သူများက ဆုများ ပေးအပ် ချီးမြှင့် ကြပြီး ၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း ဆုရရှိသော ရေတပ် ပင်မပစ္စည်း ထိန်းတပ် အသင်းအား ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကိုယ်စား ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှူး မှ တံခွန်စိုက်ဆု ပေးအပ် ချီးမြှင့်ပြီး အခမ်းအနား ကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၂၅)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၂၅)
( ၂၇-၆-၂၀၁၃ ရက်နေ့ထုတ် )

Download Links




မြ၀တီနေ့စဉ်သတင်းစာ (၂၇-၆-၂၀၁၃) ကြာသပတေးနေ့


Download Links




Wednesday, June 26, 2013

ပုဂ္ဂလိက လေကြောင်းလိုင်း ၁၀ ခုရှိလာသော်လည်း ၁၉၆၀ ပြည့်နှစ် မြန်မာ့ လေကြောင်း ၀န်ဆောင်မှုကို မယှဉ်နိုင်သေးကြောင်း သိရ


ရန်ကုန် ၊ ၂၆-၆-၂၀၁၃

မြန်မာ့ လေကြောင်း ၀န်ဆောင်မှု လုပ်ငန်း လိုင်း ၁၀ ခု ရှိလာသော်လည်း ၁၉၆၀ ပြည့်နှစ် က မင်္ဂလာဒုံ လေဆိပ်မှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ် ကဲ့သို့ နိုင်ငံတကာ သို့ သွားရန် Transit လုပ်နိုင်သော အခြေအနေ နှင့် နှိုင်းယှဉ်ပါက ယခု အခြေအနေ မှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က လေကြောင်း ၀န်ဆောင်မှု လုပ်ငန်းကို မယှဉ်ပြိုင် နိုင်သေးကြောင်း သိရသည်။

ယခင်က မြန်မာ့လေကြောင်း ၀န်ဆောင်မှု လုပ်ငန်းတွင် MAI , Air Bagan , Air Mandalay, Asian Kings, Air KBZ , Yangon Airways , Golden Myanmar နှင့် Myanmar Airways စသော ပြည်တွင်း လုပ်ငန်းရှင်များ ပိုင်ဆိုင်သော လေကြောင်းလိုင်း ၈ ခု ရှိခဲ့ သော်လည်း ယခုအချိန် တွင် APEX နှင့် FMI လေကြောင်း လိုင်းသစ် ၂ ခု ထပ်တိုး လာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ လေကြောင်း ၀န်ဆောင်မှု လုပ်ငန်းနှင့် ကမ္ဘာ နှင့် ချိတ်ဆက် ခဲ့သော ၁၉၅၇ ခုနှစ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဖွင့်လှစ်ပြီး နိုင်ငံတကာ လေကြောင်း လိုင်းများ စတင် ပျံသန်းခဲ့ကြောင်း သိရသည်။ ၁၉၆၀ ပြည့်နှစ်တွင် ဥရောပ နိုင်ငံများမှ လေကြောင်းလိုင်း ကြီးများ အပါအ၀င် လေကြောင်းလိုင်း ၈ ခု ၀န်းကျင်ဖြင့် မြန်မာ့ လေကြောင်း ၀န်ဆောင်မှု ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည်။

မြန်မာ့ လေကြောင်း ၀န်ဆောင်မှု လုပ်ငန်းမှာ ၁၉၇၄ - ၁၉၇၅ ခုနှစ်တွင် ဧရာမ လေကြောင်း ကြီးများ ဖြစ်သော ဘိုးအင်း ၇၄၇ လေယာဉ်များ မဆင်းသက် နိုင်သောကြောင့် ထိုင်းနိုင်ငံ ဗန်ကောက် လေဆိပ်သို့ ပြောင်းလဲ ဆင်းသက်ချိန် မှစ၍ လေကြောင်း ၀န်ဆောင်မှု လုပ်ငန်း ကျဆင်း ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ လေကြောင်းလိုင်း ပြေးဆွဲမှုများ ၁၉၇၈ ခုနှစ်တွင် ဆိုဗီယက် နိုင်ငံမှ Aerofloat နှင့် ထိုင်းနိုင်ငံ မှ TG စသော လေကြောင်းလိုင်း ၂ လိုင်းသာ ကျန်ရှိ ပြေးဆွဲ ခဲ့သည်။ ၁၅ နှစ်ကြာပြီး နောက် ၁၉၉၃ ခုနှစ်တွင် နိုင်ငံပိုင် လေကြောင်းလိုင်း MAI နှင့် စင်ကာပူ နိုင်ငံတွင် ရင်းနှီး မြှုပ်နံ ထားသော တော်ဝင် ဘရူနိုင်း လေကြောင်းလိုင်း နှင့် ဖက်စပ်လိုင်း တည်ထောင် ပြီးနောက် မြန်မာ့ လေကြောင်း ၀န်ဆောင်မှု လုပ်ငန်းကို နိုင်ငံတကာ သို့ ပြန်လည် ချိတ်ဆက် ပျံသန်း နိုင်ခဲ့သည်။

အဆိုပါ ဖက်စပ် လေကြောင်းလိုင်း MAI မှာ မြန်မာနိုင်ငံ အလံလွှင့်ထူပြီး ဗန်ကောက် ၊ စင်ကာပူ ၊ ဒက္ကာ ၊ ခတ္တာမန္ဓု ၊ ဟောင်ကောင် ၊ ဂျာကာတာ ၊ ကွာလာလမ်ပူ ၊ ကူမင်း နှင့် ဒါကာမြို့ များသို့ ပြည်ပ ခရီးစဉ်များ ပျံသန်း ခဲ့သည်။

၂၀၁၀ ပြည့်နှစ်မှ စ၍ ပြည်တွင်း လေကြောင်း ခရီးများ နှင့် ပြည်ပ ခရီးစဉ်များတွင် နိုင်ငံသား ပြည်တွင်း လုပ်ငန်းရှင် ကြီးများ စတင် ရင်းနှီး မြှုပ်နှံ လာပြီး ၂၀၁၁ ခုနှစ်တွင် MAI ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း ကို ကမ္ဘောဇဘဏ် အုပ်စု က ပိုင်ဆိုင်ကြောင်း တရားဝင် သတင်း ထုတ်ပြန်မှုမှ စ၍ ပုဂ္ဂလိက လေကြောင်း လိုင်းများ စတင် ပေါ်ပေါက် လာခဲ့သည်။


မြန်မာနိုင်ငံ တွင် လေယာဉ် ဆင်းနိုင်သော လေဆိပ်မြို့ ၂၆ မြို့ ရှိသော်လည်း ကုန်တင် လေယာဉ်ကြီး များဝင်ရောက် ရန် ကုန်ပစ္စည်း အများအပြား တင်ပို့ နိုင်ခြင်း မရှိသေးခြင်း ၊ အိမ်နီးချင်း ထိုင်းနိုင်ငံ ၏ သုဝဏ္ဏဘူမိ လေဆိပ် ကဲ့သို့ Transit အဆင့်ရှိသော ပတ်ဝန်းကျင် နိုင်ငံများမှ ခရီးသွားများ မြန်မာ့ လေဆိပ်မှ တစ်ဆင့် သွားခဲ့ရသော ၁၉၆၀ ပြည့်နှစ် အချိန်များဆီ သို့ ပြန်လည် ရောက်ရှိရန် မှာ ပြင်ဆင်မှု များစွာ ပြုလုပ်ရန် ကျန်ရှိ နေသေးကြောင်း သိရှိရသည်။

ကံရယ် စန်းရယ် အရေးကြီးတယ် ဆိုတဲ့ မာရီနာ နှင့် ခဏတာ



သတင်းစာ မှာ ခရစ္စတီးနား ရဲ့ ညီမဖြစ်သူ မော်ဒယ် သရုပ်ဆောင် မာရီယာ ရဲ့ မင်္ဂလာ သတင်းတစ်ပုဒ် ဆိုပြီး ပါလာပါတယ် ၊ မာရီယာ ဆိုတာ နာမည်လွဲ နေတာပါ ၊ အဲဒီ သတင်းက အနုပညာ လောကထဲမှာ ရေပန်းစား နေပါတယ် ၊ တကယ်အစစ် ခရစ္စတီးနား ရဲ့ ညီမ ဖြစ်သူက မာရီနာ ပါ ၊ သတင်းစာထဲမှာ ဒီလို မှားပါလာတော့ အနုပညာ စန်းရဖို့ လုပ်နေတဲ့ ညီမတို့ကို ပရိသတ် က အမြင်တစ်မျိုး ဖြစ်သွား တာပေါ့နော် ..... ။


နေ့စဉ်ထုတ် သတင်း အင်တာဗျူး တစ်ခုမှာ ညီမရဲ့ နာမည် မာရီနာ ရယ် ၊ ညီမ ဓာတ်ပုံရယ် မှားပြီး ပါလာတယ်ပေါ့ နော် ၊ အဲဒါနဲ့ ညီမက ဆက်သွယ် အကြောင်းကြားတော့ အဲ့ဒီက သက်ဆိုင်သူ တွေ လာပြီး တောင်းပန်တယ် ၊ ညီမက အဲ့ဒီ သတင်းစာ မှာပဲ မှားတဲ့ ညီမပုံနဲ့ပဲ ၁၀ ရက်လောက် မာရီယာ ရဲ့ ပုံနဲ့တွဲပြီး ပြန်ဖြေရှင်း ပေးပါ ၊ ဒါမှ မဟုတ် မြန်မာ့ အလင်း ၊ ကြေးမုံ စတဲ့ သတင်းစာ တွေမှာ ပြန်ထည့် ပေးပါလို့ ပြောလိုက်တယ် ၊ သူတို့က ပြန်သွားပြီး တစ်ရက် ထည့်ပေးတယ် ကြားတယ် ၊ ဒါပေမယ့် ညီမ ပြောသလို မဟုတ်ဘူး ၊ ထည့်ပေးတယ် ဆိုတာလည်း အကြောင်းကြား ခြင်း မရှိဘူး ၊ ဒါနဲ့ ညီမ စာနယ်ဇင်း ကောင်စီ ကို တိုင်ထားတယ် ၊ အခုထိတော့ ဘာမှ မထူးသေးဘူး ၊ ညီမ စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်ပြီး ပရိသတ် တွေကို အသိပေး ရမလို ဖြစ်နေပြီ။ ညီမတို့ အနုပညာရှင် ဘ၀မှ ကံရယ် စန်းရယ် က အရမ်း အရေးကြီးတယ် ၊ အခုဆို ကြော်ငြာ တချို့နဲ့ VCD သီချင်းတွေမှာ ညီမ အိမ်ထောင် ကျသွားပြီ ဆိုတဲ့ သတင်း တချို့နဲ့ တင် လက်လွှတ် လိုက်ရတာတွေ ရှိနေတယ် ၊ ပရိသတ် တွေနဲ့ ခင်မင်သူ တွေကိုလည်း ဖုန်းနဲ့ နေ့တိုင်းပဲ ဖြေရှင်း နေရပါတယ် .... ။

စန္ဒာအောင် (မြစ်ဆုံ)

စာကြည့်တိုက်(၃၅)ခု၌ အင်တာနက် ၀ိုင်ဖိုင် အခမဲ့ အသုံးပြုနိုင်

ရန်ကုန် ၊ ၂၆-၆-၂၀၁၃

ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ နေပြည်တော် အပါအ၀င် ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၃ ခုရှိ ခရိုင် ပြန်/ဆက် စာကြည့်တိုက် ၃၅ ခု၌ ဇွန်လ နောက်ဆုံးပတ် မှ စတင်၍ အင်တာနက် ၀ိုင်ဖိုင်များ အခမဲ့ အသုံးပြု နိုင်မည် ဖြစ်သည်ဟု သိရသည်။ တနင်္ဂနွေနေ့ မှ လွဲ၍ တစ်ပတ်လျှင် ၆ ရက် နံနက် ၇ နာရီမှ ည ၇ နာရီအထိ အခမဲ့ အသုံးပြု နိုင်ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတို့မှ အခမဲ့ ၀ိုင်ဖိုင် သုံးနိုင်ရန် နှင့် ဆက်စပ် ပစ္စည်းများ ပံ့ပိုး ပေးခဲ့ပြီး ခရိုင် ပြန်/ဆက်ရုံး မှ အဆောက်အအုံ နှင့် အခြား မွမ်းမံ ကုန်ကျစရိတ် များကို ကျခံရမည် ဟု သိရသည်။ ခရိုင် ပြန်/ဆက် စာကြည့်တိုက် များတွင် အင်တာနက် ၀ိုင်ဖိုင် အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်မှစ၍ လျှို့ဝှက်နံပါတ် ( Password ) ဖြင့် အသုံးပြု နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၁၈ ရက်တွင် Password များဖြုတ် ပေးကာ သုံးစွဲသူများ လွတ်လွတ် လပ်လပ် အသုံးပြု နိုင်ရေန် ဖွင့်ပေးခဲ့ကြောင်း သိရသည်။


ခရိုင် ပြန်/ဆက် စာကြည့်တိုက် ရှိ နေရာများမှာ ကချင်ပြည်နယ် တွင် ဗန်းမော်ခရိုင် ၊ ကယားပြည်နယ် တွင် လွိုင်ကော် ၊ ကရင်ပြည်နယ် တွင် ဘားအံ ၊ မွန်ပြည်နယ် တွင် မော်လမြိုင် ၊ ရခိုင်ပြည်နယ် တွင် စစ်တွေ ၊ ရှမ်းပြည်နယ် တွင် တောင်ကြီး ၊ လားရှိုး နှင့် ကျိုင်းတုံ ၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် မုံရွာ ၊ တနင်္သာရီ တိုင်းဒေသကြီး တွင် ထားဝယ် ၊ ပဲခူးတိုင်း ဒေသကြီး တွင် ပဲခူး ၊ ပြည် နှင့် တောင်ငူ ၊ မန္တလေးတိုင်း ဒေသကြီး တွင် မန္တလေး ၊ ကျောက်ဆည် ၊ ပြင်ဦးလွင် ၊ မြင်းခြံ ၊ ရမည်းသင်း ၊ ညောင်ဦး နှင့် မိတ္ထီလာ ၊ မကွေးတိုင်း ဒေသကြီး တွင် မကွေး ၊ ရန်ကုန်တိုင်း ဒေသကြီး တွင် သင်္ဃန်းကျွန်း ၊ ကျောက်တံတား ၊ ပန်းဆိုးတန်း ၊ အင်းစိန် နှင့် သန်လျင် ၊ ဧရာဝတီတိုင်း ဒေသကြီး တွင် ပုသိမ် ၊ မြောင်းမြ ၊ မအူပင် ၊ ဟင်္သာတ ၊ ဖျာပုံ နှင့် လပွတ္တာ ၊ နေပြည်တော် ကောင်စီ နယ်မြေတွင် ဒက္ခိဏ သီရိခရိုင် ရှိ ပျဉ်းမနား ပြည်သူ့ စာကြည့်တိုက် တို့ ဖြစ်သည်။ ကျန်ရှိသည့် ပြန်/ဆက် ခရိုင် စာကြည့်တိုက် များတွင်လည်း အင်တာနက် အသုံးပြု နိုင်ရေး စီစဉ် ဆောက်ရွက် သွားမည် ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် JSC RAC MiG သို့ သွားရောက်လေ့လာ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
MiG-29 M လေယာဉ်အသစ် စမ်းသပ်ပျံသန်းမှုအား ကြည့်ရှု အားပေးစဉ်

နေပြည်တော် ၊ ၂၅-၆-၂၀၁၃

ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ ၂၄ ရက် ညနေပိုင်း တွင် မော်စကိုမြို့မှ ၁၈၀ ကီလိုမီတာ အကွာ Lykhovitsy မြို့ရှိ JSC RAC MiG စက်ရုံသို့ သွားရောက် လေ့လာရာ JSC RAC MiG မှ Director General Sergey S. Korotkov နှင့် တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက် ကြသည်။



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
လေယာဉ် ထုတ်လုပ်ရေး စင်တာအတွင်း ကြည့်ရှု လေ့လာစဉ်

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊နှင့် အဖွဲ့ဝင် များအား အစည်းအဝေး ခန်းမတွင် Director General မှ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားပြီး The Engineering Center of the Design Bureau မှ Director Vladimir I. Barkovskiy မှ MiG-29 M/M 2 Multirole Fighter အသစ် ထုတ်လုပ်မှု အဆင့်ဆင့် အား ရှင်းလင်း တင်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ သိရှိ လိုသည်များ မေးမြန်းရာ တာဝန်ရှိ သူများမှ ရှင်းလင်း တင်ပြ ကြသည်။ ၄င်းနောက် လေယာဉ် ထုတ်လုပ်ရေး စင်တာအတွင်း လေယာဉ်များ ထုတ်လုပ်မှု အခြေအနေ ကို ကြည့်ရှု လေ့လာကြရာ တာဝန်ရှိ သူများမှ ရှင်းလင်း တင်ပြ ကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် အဆင့်မြှင့်တင် ထုတ်လုပ် ခဲ့သည့် MiG-29 M လေယာဉ် အသစ်အား စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် လွင်ဦး လိုက်ပါ၍ စမ်းသပ် ပျံသန်းမှုအား ကြည့်ရှု အားပေးသည်။ ထို့နောက် အစည်းအဝေး ခန်းမအတွင်း JSC RAC MiG မှ Director General က ဗိုလ်မှူးချုပ် လွင်ဦးအား MiG-29 M လေယာဉ် မောင်းနှင်မှု အသိအမှတ်ပြု ကတ်ပေးအပ်ပြီး ဗိုလ်မှူးချုပ် လွင်ဦး မှ ပျံသန်းမှု အတွေ့အကြုံ အား ရှင်းလင်း ပြောကြား၍ JSC RAC MiG မှ တာဝန်ရှိ သူများအား သိရှိ လိုသည်များ မေးမြန်းရာ တာဝန်ရှိ သူများက ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် JSC RAC MiG မှ တာဝန်ရှိ သူများ တည်ခင်း ဧည့်ခံသော ဂုဏ်ပြု ညနေစာ စားပွဲသို့ တက်ရောက်၍ ရင်းနှီးစွာ အတူတကွ သုံးဆောင် ကြသည်။


ညနေစာ သုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ Director General Sergey S. Korotkov အား အမှတ်တရ လက်ဆောင် ပေးအပ်ပြီး Director General မှ ပေးအပ်သော MiG-29 M လေယာဉ် ပုံစံငယ် အား လက်ခံ ရယူခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ၀န်ကြီး General of the Army Sergey K. SHOIGU နှင့် တွေ့ဆုံဆွေးနွေး


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ၀န်ကြီး General of the Army Sergey K. SHOIGU နှင့်
တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်၂၄ ရက် နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေး ရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးရုံးသို့ ရောက်ရှိလာရာ ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး Mr.Anatoly I. ANTONOV နှင့် တာဝန် ရှိသူများက ခရီးဦး ကြိုဆို နှုတ်ဆက်ကြသည်။ ဆက်လက်၍ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU နှင့်တွေ့ဆုံကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ကာကွယ်ရေး ဝန်ကြီး ဌာန အစည်းအဝေး ခန်းမ၌ ဝန်ကြီးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ နှင့်အတူ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား  ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေးသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များအား
ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ၀န်ကြီး General of the Army Sergey K. SHOIGU က
ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်း ဧည့်ခံစဉ်

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ တပ်မတော် အရာရှိကြီးများ၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင် ယု၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး နေဝင်းတို့ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး နှင့်အတူ ဒုတိယ ဝန်ကြီး Mr.Anatoly I. ANTONOV ၊ ရုရှား တပ်မတော်မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးမှ ရုရှား ဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား စက်မှုနှင့် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအား အလေးထား ဆက်ဆံမှုကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ ခေါင်းဆောင်များအား ကျေးဇူးတင် ရှိပါကြောင်း ပြောကြားပြီး ဆက်လက်၍ နှစ်နိုင်ငံ (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ အပြန်အလှန် လည်ပတ်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာ့ တပ်မတော်မှ ပညာတော်သင် သင်တန်းသားများ အဆင်ပြေစွာ သင်ကြားနိုင်ရေး၊ ရုရှားဘာသာ စကား နှင့်ပတ်သက်၍ နည်းပြ ဆရာများ အား ဖြည့်သင်ကြား ပေးရေး၊ ရုရှား တပ်မတော်အနေဖြင့် ပထမ ဦးဆုံးသော နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အားကစား အဖွဲ့နှင့် အားကစားနည်းပြ အဖွဲ့များ စေလွှတ်နိုင်ရေး ကိစ္စရပ် များ ဆွေးနွေး ပြောကြားပြီး နှစ်နိုင်ငံ စက်မှုနှင့် စစ်ဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် ရုရှား တပ်မတော်အား ပိုမို ခေတ်မီတိုးတက်အောင် ဆောင်ရွက်နေသည့် အချိန်နှင့် တိုက်ဆိုင် နေ ပါကြောင်း၊ ထို့ကြောင့် ယခုထက် ပိုမိုမြင့်မားစွာ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ပိုမိုတိုးတက် ကြီးပွားစေရန် ဆန္ဒပြု ပါကြောင်း ဆွေးနွေး ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတို့ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ၆၅ နှစ်နှင့် နှစ်နိုင်ငံ စစ်သံထားရှိမှု ၄ဝ နှစ်ပြည့် ကာလတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် လာရောက် ခဲ့သည့်အတွက် သမိုင်းမှတ်တမ်း တစ်ခုဖြစ်ကြောင်း၊ ယခု မိမိခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ဆက်ဆံရေး၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု မြင့်မားစေရေး အတွက် ခြေလှမ်းသစ် တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် မတ်လအတွင်း ရုရှား ကာကွယ်ရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်နှင့် မိမိ၏ ယခု ခရီးစဉ်ကဲ့သို့ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးအကဲများ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက် လည်ပတ် ခြင်းများသည် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ရှိသော ဆက်ဆံရေးကို ပိုမို တိုးတက်အောင် ဆောင်ရွက် နိုင် မည်ဖြစ်ပါကြောင်း၊ ''မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို  ကျင့်သုံးသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်'' ဟူသော မူဝါဒ ထားရှိပြီး မြန်မာနိုင်ငံ မူဝါဒသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အထောက်အကူပြု နိုင်မည်မှာ ခိုင်မာသော အချက် ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ ရေးနှင့် လုံခြုံစွာ ရှင်သန်နေထိုင်ရေး အတွက် မြန်မာ့ တပ်မတော်ကို ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက် ရန် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အိမ်နီးချင်း အင်အားကြီး နိုင်ငံနှစ်ခု အကြားတွင်တည်ရှိပြီး ပထဝီ အနေအထားအရ အရှေ့တောင် အာရှနှင့် အာရှဒေသ အကြား Land bridge ကုန်းတွင်း တံတား အဖြစ်တည် ရှိနေကြောင်း၊ မိမိတို့ နိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု အပေါ်တွင် စိန်ခေါ် မှုများစွာ ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတွင် အဓိက တာဝန် ရှိသကဲ့သို့ ယင်းဒီမိုကရေစီ စိန်ခေါ်မှုကို ကျော်လွှားရန်လည်း လိုအပ်ကြောင်း၊ စိန်ခေါ်မှု ကို ကျော်လွှားနိုင်ရန် အတွက် ရုရှားနိုင်ငံမှ အတွေ့အကြုံများကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ရုရှားနိုင်ငံမှ ပေးအပ်လျက်ရှိသော အကူအညီ များနှင့် ပူးပေါင်း ဆောင်ရွက်မှု များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက် ရေးနှင့် တည်ငြိမ် အေးချမ်းရေးကို များစွာ အထောက်အကူ ပြုပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်င တပ်မတော် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားပြီး တွေ့ဆုံ ဆွေးနွေးပွဲကို ရုပ်သိမ်းသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU က ဧည့်ခန်းဆောင်၌ ဂုဏ်ပြု နေ့လယ်စာ ဖြင့် တည်ခင်း ဧည့်ခံရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတို့သည် နေ့လယ်စာကို ရင်းနှီးစွာ အတူတကွ သုံးဆောင်ကြသည်။ နေ့လယ်စာ သုံးဆောင်နေစဉ် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ တပ်မတော် ခေတ်ပေါ် တေးဂီတ အဖွဲ့မှ သီဆို ဖျော်ဖြေသည်။

ဂုဏ်ပြု နေ့လယ်စာ သုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန် အလှန် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကို စစ်တိုင်းမှူး Major General Sclozenov မှ ဂုဏ်ပြု ကြိုဆို ၊ ကျဆုံး စစ်သည်များ အမှတ်တရ ကျောက်တိုင်၌ လွမ်းသူ့ ပန်းခွေချ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကို စစ်တိုင်းမှူး Major General Sclozenov တို့ 
ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

နေပြည်တော် ၊ ၂၆-၆-၂၀၁၃

ရုရှား ဖက်ဒရေးရှင်း ကာကွယ်ရေး ၀န်ကြီး General of the Sergey K. SHOIGU ၏ ဖိတ်ကြားချက် အရ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့ သို့ ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ၊ မော်စကို စစ်တိုင်းမှူး Major General Sclozenov မှ ဂုဏ်ပြု ကြိုဆိုခြင်း အခမ်းအနား ကို ဇွန်လ ၂၄ ရက် နံနက်ပိုင်း တွင် မော်စကိုမြို့ Poklonnaya Gora ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနား သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ အဖွဲ့ဝင် တပ်မတော် အရာရှိကြီးများ ၊ ရုရှားနိုင်ငံ ဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ယု နှင့် မြန်မာ စစ်သံ (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်မှူးကြီး နေ၀င်း တို့ တက်ရောက် ကြပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံမှ Deputy Chief of General Staff, General Postnikov (AM) နှင့် မော်စကို စစ်တိုင်းမှူး ရုရှား ဖက်ဒရေးရှင်း နိုင်ငံ တပ်မတော် အရာရှိ ကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနား သို့ တက်ရောက်ရန် Poklonnaya Gora သို့ ရောက်ရှိရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကို စစ်တိုင်းမှူး မှ ခရီးဦး ကြိုဆို နှုတ်ဆက်ပြီး အခမ်းအနား အစီအစဉ် အကျဉ်းချုပ် အား ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အလေးပြုခံ စင်မြင့် သို့ သွားရောက် နေရာယူကာ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြု ခြင်းကို ခံယူကြသည်။ ထိုအချိန်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ စစ်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများအား ဂုဏ်ပြု တီးမှုတ်သည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်
မော်စကို စစ်တိုင်းမှူး Major General Sclozenov တို့
ကျဆုံးစစ်သည်များ အမှတ်တရ ကျောက်တိုင်၌ လွမ်းသူ့ ပန်းခွေ ချရန် သွားရောက်စဉ်


၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေး ကြည့်ရှုပြီး ဂုဏ်ပြု တပ်ဖွဲ့မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား ချီတက် အလေးပြုသည်။ ဂုဏ်ပြု ကြိုဆိုခြင်း အခမ်းအနား အပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကျဆုံး စစ်သည်များ အမှတ်တရ ကျောက်တိုင်၌ လွမ်းသူ့ ပန်းခွေ ချခဲ့ပြီး အထိမ်းအမှတ် ကျောက်တိုင် ရှေ့၌ အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၆-၂၀၁၃) ဗုဒ္ဓဟူးနေ့


Download Links = Mediafire , Scribd , Minus


Tuesday, June 25, 2013

မင်္ဂလာ - မန္တလေး စီမံကိန်း အဆောက်အအုံပိုင်း ၈၀ ရာခိုင်နှုန်း ပြီးစီး


မန္တလေး ၊ ၂၅-၆-၂၀၁၃

မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည် မြို့နယ် ၊ ၇၃ လမ်း ၊ သဇင်လမ်း နှင့် ငုရွှေဝါ လမ်းကြား ရှိ နိုင်ငံတကာ အဆင့်မြင့် အားကစားကွင်း နှင့် မျက်နှာချင်း ဆိုင်ရှိ ပြည်တွင်း ပြည်ပ ပညာရှင်များ ပူးပေါင်းလျက် စီးပွားရေး အချက်အချာ နေရာ မင်္ဂလာ - မန္တလေး  စီမံကိန်း အကောင် အထည်ဖော် လုပ်ဆောင်မှု တွင် အဆောက်အအုံ ပိုင်း ၈၀ ရာခိုင်နှုန်း ပြီးစီးလျက် ထိုစီမံကိန်း တွင် နိုင်ငံတကာ အဆင့်မီ ရေအောက် ရေဆိုးထုတ် စနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း CAD Construction & Decoration Co., Ltd မန်နေးဂျင်း ဒါရိုက်တာ ဗိသုကာ ပညာရှင် ဦးဇင်မင်းဆွေ က ပြောကြားသည်။

မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် နယူးစတားလိုက် CAD ဆောက်လုပ်ရေး တို့ အကျိုးတူ ပူးပေါင်းလျက် မြေဧက ၄၇ ဧက အကျယ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်မှ စတင် ဆောင်ရွက်လျက် ရှိသော မင်္ဂလာ - မန္တလေး စီမံကိန်း ပထမ အဆင့်တွင် လေးထပ်တွဲ လူနေလိုင်းခန်း ၁၂၅ ခန်း ၊ အိုးရှင်း စူပါစင်တာ ငါးထပ် ပါရှိရာတွင် အထပ်တိုင်း ကားပါကင်များ ရှိရာ ကားအစီး ၁၀၀၀ ထားရှိ နိုင်မည့် အစီအမံများ ပါရှိသည်။ ထို့အပြင် အိပ်ခန်း ၅၃ ခန်းပါ စည်ပင် သာယာရေး ကော်မတီပိုင် ကြယ်သုံးပွင့် ဟိုတယ် ၊ ၉၆ ယူနစ်ပါ စည်ပင် သာယာရေး ကော်မတီပိုင် ကွန်ဒို မီနီယံ တို့ပါရှိကာ ဆီးဂိမ်း မတိုင်မီ အပြီးသတ် ဆောင်ရွက် နိုင်ရေး ၀န်ထမ်းပေါင်း ၂၀၀၀ ဖြင့် နေ့ဆိုင်း ညဆိုင်းဖြင့် အင်တိုက် အားတိုက် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

အဆောက်အအုံ များ ငလျင်ဒဏ်ခံ နိုင်ရည် ရှိစေရန် ကျွမ်းကျင် ပညာရှင် များဖြင့် ရစ်ခ်ျစတာ စကေး ၈ အထိ ခံနိုင်ရည် စွမ်းရှိအောင် တွက်ချက် ဆောက်လုပ်လျက် ရှိရာ ပြည်ပ ပညာရှင်များ သာမက အတွေ့အကြုံရှိ စင်ကာပူပြန် မြန်မာ အင်ဂျင်နီယာ ၁၂ ဦးတို့ ပါဝင် လုပ်ကိုင်လျက် ရှိကြောင်း သိရှိရသည်။

ကြက်ဥများတွင် အန္တရာယ် ဖြစ်စေနိုင်သည့် ဆေးဝါးများ တွေ့ရှိ


၂၅-၆-၂၀၁၃

တရုတ် (တိုင်ပေ) ရှိ ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ကြက်ဥများ အနက် ၈ လုံးကို အာဏာပိုင် များက စမ်းသပ် စစ်ဆေးခဲ့ရာ ၄င်း ကြက်ဥများတွင် စားသုံးသူများ အတွက် အန္တရာယ် ဖြစ်စေနိုင်သော ဆေးဝါး အကြွင်းအကျန် များကို တွေ့ရှိခဲ့ ကြောင်း တိုင်ပေမြို့ ကျန်းမာရေး ဌာန DOH က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အာဏာပိုင် များသည် ၄င်းကြက်ဥ များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပထမ ကြက်ဥ တစ်လုံးတွင် Trimethoprim ဆေးဝါး အနည်းငယ် ပါဝင် နေသည်ကို တွေ့ရှိခဲ့ပြီး အခြား ကြက်ဥ တစ်လုံးတွင် Trimethoprim နှင့် Florfenicol ဆေးဝါးများ ပါဝင် နေကြောင်း တွေ့ရှိ ခဲ့သည်။ ထို့အပြင် ကျန်အခြား ကြက်ဥ ၆ လုံးတွင်လည်း ဖော်ပြပါ ဆေးဝါးများ အနည်းငယ် ပါဝင် နေသည်ကို ထပ်မံ တွေ့ရှိ ခဲ့ကြောင်း DOH က ထုတ်ပြန် ခဲ့သည်။ အဆိုပါ ဆေးဝါး များသည် တိရစ္ဆာန် များအတွက် တရားဝင် အသုံးပြုရန် ခွင့်ပြု ထားခြင်း ဖြစ်သော်လည်း ကြက်ဥများတွင် အသုံး မပြုရန် တားမြစ် ထားကြောင်း သိရသည်။


ထို့ပြင် လူသားများ အနေဖြင့် Trimethoprim ဆေးဝါးများအား အလွန်အကျွံ သုံးစွဲမိပါက ကျောက်ကပ် ပျက်စီးခြင်း ၊ Florfenicol နှင့် Thiamphenicol ဆေးဝါးများ သုံးစွဲပါက သွေးအားနည်း ရောဂါများကို ဖြစ်ပေါ် စေနိုင်ကြောင်း သိရှိရသည်။

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၃၂)




မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၃၂)

( ၂၅-၆-၂၀၁၃ ရက်နေ့ထုတ် )

Download Links = Mediafire , Scribd , Minus

မြ၀တီနေ့စဉ်သတင်းစာ (၂၅-၆-၂၀၁၃) အင်္ဂါနေ့


Download Links = Mediafire , Scribd , Minus


Monday, June 24, 2013

မလေးရှား ကိစ္စရပ်တွင် သေဆုံးသူများ နှင့် ဒဏ်ရာရခဲ့သူများ အတွက် မလေးရှားနိုင်ငံ နာရေး ကူညီမှု အသင်းမှ အလှူငွေပေးအပ်


ရန်ကုန် ၊ ၂၄-၆-၂၀၁၃

မလေးရှား နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ သေဆုံး ခဲ့သူများ နှင့် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သူများအား ကရုဏာကြေး ပေးအပ်ပွဲ နှင့် လူသားချင်း စာနာသော စိတ်ထားဖြင့် လှူဒါန်း ခဲ့ကြသော အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုလွှာ ပေးအပ်ပွဲ အခမ်းအနား ကို မြောက်ဒဂုံ မြို့နယ် ၄၂ ရပ်ကွက် ၊ အမှတ် (၁၃/က) ဗိုလ်မှူး ဗထူးလမ်း တွင် ရှိသော သုခခန်းမ ( နာရေး ကူညီမှု အသင်း - ရန်ကုန် ) ၌ ယနေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနား နှင့် ပတ်သက်၍ " ကျွန်တော်တို့ ကပုန်း ခုနစ်ရက် သားသမီး နာရေး ကူညီမှု အသင်းဟာ နိုင်ငံသား တွေအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက် ခဲ့တဲ့ လုပ်ရပ်တွေ အပေါ်မှာ မြန်မာနိုင်ငံ က လုပ်ငန်းရှင် ကြီးများ ၊ အလှူရှင် ပြည်သူတွေက စေတနာထား ပေးပို့ လှူဒါန်း ထားတဲ့ အလှူရှင် ကတော့ -

  • ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း မိသားစု အမေရိကန် ဒေါ်လာ (၅၀၀၀၀)
  • ဦးဇော်ဇော် မက်စ်မြန်မာ မိသားစု အမေရိကန် ဒေါ်လာ (၂၀၀၀၀)
  • အဆိုတော် စံလင်း က မြန်မာ ငွေကျပ် (၁၅၀၀၀၀)
  • ကလျာဏ မိတ္တ သမိုင်း လူငယ်များက ငွေကျပ် ( ၆၀၀၀၀)
  • Eleven Media Group က အမေရိကန် ဒေါ်လာ (၁၀၀၀)
  • မနီလာအောင် နှင့် သူငယ်ချင်းများ စင်ကာပူ နိုင်ငံက စင်ကာပူ ဒေါ်လာ (၅၀၀၀)
  • မလေးရှားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ကို ပြန်ဖို့ အခက်အခဲ ဖြစ်နေတဲ့ မြန်မာ နိုင်ငံသား များအတွက် လေယာဉ် လက်မှတ် အစောင် ၅၀၀ စာ အတွက် အမေရိကန် ဒေါ်လာ (၃၅၀၀၀)


ပေးပို့ လှူဒါန်း ခဲ့ကြပါတယ် ၊ ပေးပို့တဲ့ အလှူငွေ တွေကို ကျွန်တော်တို့ ကိုယ်ကျိုး အတ္တအတွက် လုံးဝ သုံးစွဲသွားင်္မာ မဟုတ်ပါဘူး ဆိုတဲ့ ကတိစကား တစ်ခွန်းကို လေးလေး နက်နက် ပြောချင် ပါတယ် .... " ဟု ကပုန် ခုနစ်ရက် သားသမီး နားရေး ကူညီမှု အသင်းမှ ဘဏ္ဍာရေးမှူး ကိုမျိုးလွင်ဦးက ပြောကြား ခဲ့သည်။

ယင်း အခမ်းအနား တွင် ပေးပို့တဲ့ အလှူငွေ တွေထဲက ယခု ကျင်းပတဲ့ အခမ်းအနား မှာ ဖြစ်ပြီးခဲ့တဲ့ မလေးရှား ပဋိပက္ခ ဖြစ်စဉ်မှာ သေဆုံး သွားတဲ့ မြန်မာနိုင်ငံသား (၇)ဦး ကို အလှူဒါန ပြုလုပ် အမျှပေး နိုင်ရန်အတွက် တစ်ဦးချင်း ကို ကျန်ရစ်သူ မိသားစု ကို မြန်မာငွေကျပ် (၂၃၇၀၅၀၀၀) တန်ဖိုးနဲ့ ညီမျှတဲ့ အမေရိကန် ဒေါ်လာ ၂၅၀၀ နဲ့ မြန်မာနိုင်ငံ ကို ပြန်လည် ရောက်ရှိပြီ ဖြစ်တဲ့ ဒဏ်ရာ အပြင်းအထန် ရရှိသော မြန်မာနိုင်ငံသား (၆)ဦး ကို တစ်ဦးလျှင် မြန်မာငွေကျပ် ၁၉ သိန်းနှင့် ညီမျှတဲ့ အမေရိကန် ဒေါ်လာ ၂၀၀၀ စီ ပေးအပ်ပြီး သာမန် ဒဏ်ရာ ရရှိခဲ့သူ မြန်မာနိုင်ငံသား (၄)ဦး ကိုလည်း တစ်ဦးလျှင် ငွေကျပ် (၉၅၀၀၀၀) ညီမျှတဲ့ ဒေါ်လာ ၁၀၀၀ စီ ပေးအပ် လှူဒါန်း သွားကြောင်း သိရှိရသည်။

ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်း အစားထိုး တင်သွင်းမှု စီမံချက် ဆောင်ရွက်ပြီးစီးမှု ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း သို့ရောက်ရှိလာ



ရန်ကုန် ၊ ၂၄-၆-၂၀၁၃

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ က စတင်ခဲ့သည့် ယာဉ်အို ယာဉ်ဟောင်း များကို ဖျက်သိမ်းကာ အစားထိုး တင်သွင်းခြင်း စီမံချက် ၏ ဆောင်ရွက် ပြီးစီးမှုမှာ ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း သို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနက ကြေညာချက် တစ်ရပ် ထုတ်ပြန်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၁၃ ခုနှစ် ဇွန်လ အထိ ယာဉ်အို ယာဉ်ဟောင်း  အပ်နှံစီးရေမှာ ၈၄၈၅၆ စီးရှိခဲ့ပြီး ယာဉ်အို ယာဉ်ဟောင်း  များကို ဖျက်သိမ်းကာ အစားထိုး တင်သွင်းခြင်း စီမံချက် ၏ ဆောင်ရွက် ပြီးစီးမှုမှာ ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း သို့ ရောက်ရှိ ခဲ့ပြီ ဖြစ်သည်ဟု အဆိုပါ ကြေညာချက် တွင် ဖော်ပြ ထားသည်။ ယင်းသို့ ဆောင်ရွက် ခဲ့ရာတွင် ပထမအဆင့် အနေဖြင့် မှတ်ပုံတင် သက်တမ်း အနှစ် (၄၀)ကျော် ( စ ၊ ဆ ၊ ဇ ) အက္ခရာများ ကိုလည်းကောင်း ၊ ဒုတိယအဆင့် အနေဖြင့် အနှစ် (၃၀) ကျော် မှ အနှစ် (၄၀) ကျော် အတွင်းရှိ ( ဈ ၊ ည ) အက္ခရာ များကို လည်းကောင်း ၊ တတိယ အဆင့် အနေဖြင့် အနှစ် (၂၀) မှ အနှစ် (၃၀) ကျော် အတွင်းရှိ ( ဏ ၊ ထ ၊ ဒ ၊ ဓ ၊ န ၊ ပ ၊ ဗ ၊ ဘ ၊ လ ) အက္ခရာ များကို လည်း ကောင်း ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ စတုတ္ထ အဆင့်တွင် ( သ ) အက္ခရာ ကို လာမည့် ဇွန်လ ၂၅ ရက်တွင် လက်ခံ ပေးသွားမည် ဟု သိရသည်။

မော်တော်ယာဉ် များ လွတ်လပ်စွာ တင်သွင်း ရရှိခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ မှ စတင်ကာ ၂၀၁၃ ခုနှစ် ဧပြီလ ကုန်အထိ တင်သွင်း ထားသည့် မော်တော်ယာဉ် အစီးရေမှာ ၁၆၁၈၁၃ စီး ရှိသည်ဟု အကောက်ခွန် ဦးစီးဌာန က သတင်း ထုတ်ပြန်ထားပြီး ယင်းတွင် ယာဉ်အို ယာဉ်ဟောင်း များကို ဖျက်သိမ်း ကာ အစားထိုး တင်သွင်း ယာဉ် ၆၈၄၅၅ စီး ပါဝင်ကြောင်း အကောက်ခွန် ဦးစီး ဌာနမှ သိရှိရသည်။

တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ORANGE ကုမ္ပဏီ ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၄-၆-၂၀၁၃

ကမ္ဘာ့ တယ်လီဖုန်း အော်ပရေတာ လောကတွင် ရှေ့ဆုံးမှ ဦးဆောင် နေသော နာမည်ကြီး ကုမ္ပဏီ တစ်ခုဖြစ်သည့် ORANGE ကုမ္ပဏီ သည် ဂျပန် ထိပ်တန်း ကုမ္ပဏီ ဖြစ်သော Marubeni နှင့် ပူးပေါင်းကာ မြန်မာ့ ဆက်သွယ်ရေး က ချပေးမည့် တယ်လီဖုန်း အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ၂ ဦး အနက်မှ တစ်ဦးအဖြစ် ရရှိရန် ဇွန်လ ၃ ရက်က တင်ဒါ တင်သွင်း ခဲ့ကြောင်း သိရသည်။

ORANGE ကုမ္ပဏီသည် ဥရောပ နိုင်ငံတလွှား အောင်မြင် နေသည့် အကြီးဆုံး တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်ပြီး အဆင့်မြင့် နည်းပညာများ ၊ မိုဘိုင်းလ် တီထွင် ဖန်တီးမှုများ ၊ Network ကြိုးသွယ်တန်း တပ်ဆင်ခြင်း နှင့် Fixed , Broadband ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ ထို့အပြင် အာဖရိက ၊ ဥရောပ အရှေ့ပိုင်း နှင့် အာရှနိုင်ငံ ဖြစ်သည့် ဗီယက်နမ် ကဲ့သို့သော ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ တယ်လီဖုန်း ဆက်သွယ်ရေး နှင့် ပတ်သက်သည့် ဈေးကွက် ဆိုင်ရာ ကျွမ်းကျင်မှု နှင့် နည်းပညာ ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များဖြင့် ဈေးကွက် လိုအပ်ချက် များကို အကောင်းဆုံး ဖြည့်တင်း ပေးနိုင်သော ကုမ္ပဏီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ ၏ တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက်အကူ ပြုစေရန် မြန်မာ ပြည်သူများ အကျိုး ခံစားစေမည့် ကတိပြုချက် များဖြင့် တင်ဒါ တင်သွင်း ထားခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီ သည် ကမ္ဘာ့အဆင့်မီ ( 2 G ) GSM ( 3 G ) မိုဘိုင်းလ် ဆက်သွယ်မှု ကွန်ရက် များကို တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် အပြည့်အ၀ အသုံးပြု နိုင်ရန် နောက်ဆုံးပေါ် အဆင့်မြင့် ( 4 G ) နည်းပညာကို အသုံးပြု တည်ဆောက် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ Customer များကိုလည်း ကမ္ဘာအနှံ့ ရှိသော အခြား Customer သန်း ၂၃၀ ကျော်များ နည်းတူ နောက်ဆုံးပေါ် တီထွင် ဖန်တီးမှု များနှင့် အခြား ခံစားမှုများ ရရှိစေရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံ အတွင်းရှီ နေရာ ဒေသမရွေး ၊ လူတန်းစား မရွေး အားလုံး တတ်နိုင်သည့် သင့်တင့် မျှတသော ဈေးနှုန်းဖြင့် ၀န်ဆောင်မှုများ ပေးသွားမည့် အပြင် အသေးစား နှင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ အတွက် အထောက်အကူ ဖြစ်အောင် စီစဉ် ပေးသွားမည် ဖြစ်သည်။

ပြည်တွင်း၌ အတူတကွ လက်တွဲ လုပ်ကိုင်မည့် Network ဆိုင်များနှင့် တစ်ဆင့် ပြန်လည် ရောင်းချမည့် ဆိုင်ရှင်များ အတွက်လည်း အရည် အသွေး ပြည့်ဝစွာဖြင့် အကောင်းဆုံး သော Customer Care ၀န်ဆောင်မှု များကို စီစဉ် ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

နောင်လာမည့် ၁၀ နှစ်အတွင်း မြန်မာ ပြည်သူ ထောင်ပေါင်း များစွာ အတွက် အလုပ်အကိုင် များ ရရှိရန် ဖန်တီး ပေးသွားမည် ဖြစ်ပြီး နည်းပညာ လက်ဆင့်ကမ်း မှုနှင့် အရည်အချင်း ပြည့်မီသော ၊ ကျွမ်းကျင်သော သင်တန်း နှင့် တတ်ကျွမ်းမှု ဆိုင်ရာ ဆွေးနွေး ဖလှယ်မှု အစီအစဉ် များကိုပါ လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။ ORANGE သည် ကျေးလက်နေ ပြည်သူများ၏ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ဆိုင်ရာ ကိစ္စရပ်များ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် လူမှုရေး ဆိုင်ရာ တာဝန်ယူမှု မူဝါဒများကို အခြေခံပြီး ORANGE Foundation တစ်ခုကိုလည်း တည်ထောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အခြေခံပညာ ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကျင်းပ



တာချီလိတ် ၊ ၂၄-၆-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ၂၀၁၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ၂၀၁၃ ခုနှစ် မြန်မာ အမျိုးသမီးများနေ့ ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် တာချီလိတ် ခရိုင် အမျိုးသမီး ရေးရာ အဖွဲ့မှ ကြီးမှူးကာ အခြေခံ ပညာကျောင်း ပေါင်းစုံ စာစီစာကုံး ပြိုင်ပွဲ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား သို့ ခရိုင် နှင့် မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် ပညာရေးမှူး တို့မှ စာစီစာကုံး ဖြေဆို နေမှုအား ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲ သို့ အလယ်တန်း အဆင့် ကျောင်းသူ ၁၄ ဦးတို့မှ " ရိုးရာမပျက် ၀တ်ဆင်လျက် ထိန်းသိမ်းဖို့ရာ တို့တာဝန် " ခေါင်းစဉ်ဖြင့် ( စာလုံးရေ ၁၈၀၀ ခန့် ) အထက်တန်း အဆင့် ကျောင်းသူ ၁၂ ဦးတို့မှ " မျိုးဂုဏ် မြင့်မား မြန်မာ့ အမျိုးသမီးများ " ခေါင်းစဉ်ဖြင့် ( စာလုံးရေ ၂၅၀၀ ခန့် ) ၀င်ရောက် ဖြေဆို ခဲ့ကာ ဆုရရှိသည့် ကျောင်းသူများအား ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ ၃ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ အမျိုးသမီးများ နေ့ အထိမ်းအမှတ် အခမ်းအနား တွင် ဆုများ ချီးမြှင့် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၄-၆-၂၀၁၃) တနင်္လာနေ့


Download Links = Mediafire , Scribd , Minus



Sunday, June 23, 2013

နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဝင်ခွင့် ရမှတ် အနိမ့်ဆုံး ၄၇၀ ရရှိရမည်



ရန်ကုန် ၊ ၂၃-၆-၂၀၁၃

ရန်ကုန် တက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ် တို့တွင် နိုင်ငံရေးသိပ္ပံ ဘာသာရပ် ပထမနှစ် သင်တန်း စတင်ဖွင့်လှစ် သင်ကြား ပို့ချမည် ဖြစ်ကြောင်း နှင့် တက္ကသိုလ် ၀င်တန်း စာမေးပွဲ တွင် အင်္ဂလိပ်စာ အနိမ့်ဆုံး ရမှတ် ၇၅ မှတ်နှင့် စုစုပေါင်း အနိမ့်ဆုံး ရမှာ ၄၇၀ မှတ် ရရှိထားသူများ ကျောင်းဝင်ခွင့် လျှောက်ထား နိုင်မည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် မှစ၍ ရန်ကုန် တက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ် တို့တွင် ၀ိဇ္ဇာ ၊ သိပ္ပံ ဘာသာရပ် အလိုက် ထူးချွန် ကျောင်းသားများ ရွေးချယ်၍ ပထမနှစ် သင်တန်းမှ ပါရဂူဘွဲ့ ရရှိသည်အထိ အထူးပြု ပျိုးထောင်ရေး စီစဉ် ဆောင်ရွက်ရန် တက္ကသိုလ် ပညာရေး အဖွဲ့များကောင်စီ နှင့် တက္ကသိုလ် ဗဟိုကောင်စီ တို့က အတည်ပြု ထားပြီး ဖြစ်သည်။

ယင်း တက္ကသိုလ် ၀င်ခွင့်အတွက် ကျောင်းသား ရွေးချယ်ရာတွင် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲ ဖြေဆိုခဲ့သည့် ဘာသာတွဲများ ကို သတ်မှတ်ချက် မပြုဘဲ မည်သည့် ဘာသာတွဲဖြင့် အောင်မြင်သည် ဖြစ်စေ ဘာသာတွဲ အားလုံး မှ တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ်အပေါ် အခြေခံ၍ ဆုံးဖြတ် ပေးမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းသားများအား သင်ကြား ပို့ချရာတွင် စာတွေ့ ၊ လက်တွေ့ သင်ကြား ပို့ချခြင်း များကို နိုင်ငံတကာ အဆင့်မီ သင်ကြား ပို့ချမည် ဖြစ်ပြီး စာသင်ခန်း အရွယ်အစား အပါအ၀င် သင်ကြားရေး ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပြည့်စံစွာ ဖြည့်ဆည်း ပေးမည် ဖြစ်ကြောင်း ပညရေး ၀န်ကြီးဌာနမှ သိရှိရသည်။

ရန်ကုန်မြို့တွင် MWD Channel ထုတ်လွှင့်မှု (၁)ရက် ပြတ်တောက်မည်


ဆီးဂိမ်းအကြို လှုံ့ဆော်ရေးပွဲသို့ ပြည်ပဂီတအဖွဲ့များ လာရောက် ဖျော်ဖြေမည်



ရန်ကုန် ၊ ၂၃-၆-၂၀၁၃

ကနေဒါ ၊ ဂျာမဏီ ၊ ထိုင်းနိုင်ငံ စသည့် ပြည်ပ နိုင်ငံများမှ ဂီတအဖွဲ့များ ဖျော်ဖြေမည့် ဆီးဂိမ်းပြိုင်ပွဲ အကြုံ လှုံ့ဆော်ရေး ဖျော်ဖြေပွဲကို လာမည့် သြဂုတ်လတွင် လန်ဒန်မြို့ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် လာရောက် ဖျော်ဖြေရန် ပြည်ပဂီတအဖွဲ့ များက ကမ်းလှမ်း ခဲ့ခြင်းဖြစ်ပြီး မြန်မာ အနုပညာရှင် များနှင့် ပူးပေါင်း ဖျော်ဖြေရန် စီစဉ်ထားကြောင်း ADMA မီဒီယာ ဒုတိယ ဥက္ကဋ္ဌ ဦးဝေမင်းမောင် မှ ပြောကြား သည်။

နှစ်ပေါင်း ၄၄ အကြာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအကြို လှုံ့ဆော်ရေး ဖျော်ဖြေပွဲ များကို ပြီးခဲ့သည့် လပိုင်း အတွင်းက လန်ဒန်မြို့ နှင့် ပြင်ဦးလွင် မြို့များတွင် ပြုလုပ် ကျင်းပခဲ့သည်။ ပြည်ပ နိုင်ငံမှ ဂီတ အဖွဲ့သားများ လာရောက် ဖျော်ဖြေမည့် အဆိုပါ ဖျော်ဖြေပွဲကို ပြည်သူ့ဥယျာဉ် ၌ ကျင်းပရန် စီစဉ် နေကြောင်းကို ADMA မီဒီယာ ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြား သည်။

(၂)နှစ် တစ်ကြိမ် ကျင်းပသည့် ဒေသတွင်း အဆင့် အမြင့်ဆုံး အားကစား ပြိုင်ပွဲအပေါ် ပြည်သူများ၏ စိတ်ဝင်စားမှု အနေအထားမှာ လျော့နည်း နေဆဲ ဖြစ်ကြောင်း လေ့လာသူ များက ပြောသည်။ ယခု လာရောက် ဖျော်ဖြေပေးမည့် ပြည်ပ ဂီတ အဖွဲ့များကို အခမဲ့ ကြည့်ရှုခွင့် ရရှိမှ ဖြစ်ကြောင်း ဆီးဂိမ်း အကြို လှုံ့ဆော်ရေး အစီအစဉ် များကိုလည်း ပြိုင်ပွဲ မစတင်မီ ဒီဇင်ဘာလ အထိ စီစဉ်သွားမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger