www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 30, 2013

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၂၄)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၂၄)


( ၃၀-၄-၂၀၁၃ ရက်နေ့ထုတ် )

Download = Minus

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၄-၂၀၁၃)



Download = Minus

Monday, April 29, 2013

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၄-၂၀၁၃)



Download = Minus


တံတားသံပေါင်တိုက်မိပြီး ယာဉ်တိမ်းမှောက် ရာမှ ခရီးသည် တစ်ဦးသေဆုံး ခြောက်ဦးဒဏ်ရာရ



တောင်ကုတ် ၊ ၂၉-၄-၂၀၁၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့ မှ ၂၈ မိုင် ၅ ဖာလုံ အကွာ ကျောင်းကုန်း ကျေးရွာ အနီး ကျင်းချောင်း တံတား ၊ တံတား အမှတ် (၅/၂၈) နေရာ၌ ယမန်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်က ယာဉ်တစ်စီး တံတား ညာဘက် သံပေါင်ကို ၀င်တိုက်မိပြီး လမ်းဘေးသို့ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်က ရမ်းဗြဲ မှ သံတွဲမြို့သို့ ထွက်ခွာ လာသော ယာဉ်မောင်း ဦးသန်းဘို ၃၁ နှစ် (ဘ) ဦးဘလူအောင် ( အမှတ် ၄ ရပ်ကွက် ၊ အောင်ဆိပ်ရပ် ၊ ရမ်းဗြဲမြို့ နေသူ ) မောင်းနှင် လာသော Canter အမျိုးအစား ယာဉ်သည် ခရီးသည် အမျိုးသား ၈ ဦး ၊ အမျိုးသမီး ၉ ဦး တင်ဆောင် မောင်းနှင် လာခဲ့ရာ ကျင်းချောင်း တံတား နေရာ အရောက်၌ အရှိန် မထိန်းနိုင်ဘဲ တံတား ညာဘက် သံပေါင်အား ၀င်တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည် ဦးတင်လှိုင် ၃၅ နှစ် (ဘ) ဦးဖိုးကြည် ( အမှတ် ၆ ရပ်ကွက် ၊ ရမ်းဗြဲမြို့ နေသူ ) မှာ ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာဖြင့် သေဆုံး ခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၆ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ၊ ဒဏ်ရာရ ခရီးသည် များအား ရွှေလှေ တိုက်နယ် ဆေးရုံသို့ ယမန်နေ့ နံနက် ၆ နာရီ ၃၅ မိနစ်က ပို့ဆောင် ပေးခဲ့ပြီး ယာဉ်မောင်း ဦးသန်းဘို အား ရွှေလှေ ရဲစခန်း က လုပ်ထုံး လုပ်နည်း နှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Friday, April 26, 2013

CDMA ဟန်းဆက် ရှားပါးမှု အခက်အခဲ ကြုံတွေ့နိုင်



ရန်ကုန် ၊ ၂၆-၄-၂၀၁၃

၁၅၀၀ တန် SIM Card ထွက်ရှိ လာသည့် အတွက် ရန်ကုန်မြို့ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် အများစု၌ ဟန်းဆက်များ ရောင်းရ သော်လည်း CDMA ဟန်းဆက် ရှားပါးမှုကြောင့် ၀ယ်ယူသူ များ အနေဖြင့် အခက်အခဲ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

လက်ရှိ တန်ဖိုးကျပ် ၂၀၀၀၀ ၀န်းကျင် ပျမ်းမျှ ရှိသည့် CDMA ဟန်းဆက် အများစုမှာ တရုတ် နှင့် ထိုင်ဝမ် မှ တင်သွင်းခြင်း ဖြစ်ပြီး ကိုရီးယား မှ တင်သွင်းသည့် ဟန်းဆက် များသည် အနိမ့်ဆုံး ကျပ် ၂၅၀၀၀ ၀န်းကျင် ရှိကြောင်း ဖုန်းဈေးကွက် အတွင်းက သိရသည်။ ဟန်းဆက် အရောင်းဆိုင် အများစုသည် မော်ဒယ်လ်မြင့် ဟန်းဆက် များကိုသာ အဓိကထား ရောင်းချ နေကြပြီး ဈေးနှုန်း သင့်တင့်သည့် ဟန်းဆက်များ ရောင်းချမှု နည်းပါးကြောင်း ဟန်းဆက် ၀ယ်ယူသူ တို့က ဆိုသည်။ မော်ဒယ်လ်မြင့် ဟန်းဆက် များ၏ အားသာချက် မှာ တစ်ခုခု ပျက်ပါက ပြန်ပြင် ၊ ပြန်လဲ နိုင်ကြောင်း ၊ ဈေးနည်း ဟန်းဆက် များသည် ဈေးနည်းသည့် အားသာချက် တစ်ခုသာ ရှိပြီး ရေရှည်တွင် ချို့ယွင်း သွားပါက ပြန်လည် ပြုပြင်၍ မရနိုင်ကြောင်း ၊ နောက်တစ်လုံး ထပ်မံ ၀ယ်ယူ အသုံးပြု ရကြောင်း မော်ဒယ်လ်မြင့် ဟန်းဆက် သုံးသူများ ထံမှ သိရသည်။

လက်ရှိ ရောင်းချ ပေးသည့် ၁၅၀၀ SIM Card အတွက် CDMA ဟန်းဆက်များ ဈေးနှုန်း အမြင့်ဆုံးမှာ ကျပ် တစ်သိန်း ၀န်းကျင်မှ နှစ်သိန်းခန့် အထိ ရှိပြီး Huawei နှင့် Samsung အမျိုးအစား များ ဖြစ်ကြောင်း ဟန်းဆက် အရောင်းဆိုင် များမှ သိရှိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ သူပုန်များနှင့် ဆွေးနွေးမှု ပြုလုပ်ရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ပါဝင် ကူညီ ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံက ပြောကြားခြင်း


၂၆-၄-၂၀၁၃

ထိုင်းနိုင်ငံ တောင်ပိုင်းစွန်းရှိ သူပုန်များ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ် ရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ပါဝင် ကူညီ ဆောင်ရွက် ပေးရန် ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ (NSC) က ပြောကြား ခဲ့ကြောင်း ဧပြီလ ၂၅ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ် တွင် ပါဝင် ဆောင်ရွက် သင့်သည်ဟု NSC နှင့် သူပုန်တို့ မူအရ သဘော တူညီချက် ရရှိ ထားပြီး ဖြစ်ကြောင်း  ထိုင်းလုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြား ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံ၏ သဘောထား နှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ရန် NSC အတွင်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Paradorn က ထိုင်း ကိုယ်စားလှယ် အဖွဲ့အား စေလွှတ် ထားကြောင်း ၊ သို့ရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ယခုအချိန် အထိ သဘော တူညီခြင်း မရှိသေးကြောင်း နှင့် အင်ဒိုနီးရှား နိုင်ငံ ပါဝင်လာရန် အချိန် အနည်းငယ် ကြာမြင့် နိုင်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ သူပုန်များ အနေဖြင့် အင်ဒိုနီးရှား နိုင်ငံထံမှ ၄င်းတို့ အတွက် လေ့ကျင့် ပေးမှုများ လက်ခံ ရရှိမည်ဟု ယုံကြည် ထားသည့် အတွက် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် အဆိုပါ ဆွေးနွေးပွဲ များတွင် ပါဝင် လာစေရေး နှင့် ပတ်သက်၍ စဉ်းစား ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ၄င်းတာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြား ခဲ့သည်ဟု သိရှိရသည်။

မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံများတွင် အဓိက သုံးစွဲနေသည့် ဗီယက်နမ်နိုင်ငံထုတ် တောင်သူသုံး သီးနှံစုံ အခြေခံစက်များ မြန်မာနိုင်ငံ တွင် တပ်ဆင် ထုတ်လုပ် ရောင်းချနေ



ရန်ကုန် ၊ ၂၆-၄-၂၀၁၃

မဲခေါင်မြစ်ဝှမ်း ဒေသတွင်းရှိ နိုင်ငံများတွင် တောင်သူများ အဓိက သုံးစွဲ နေကြသည့် ဗီယက်နမ် နိုင်ငံထုတ် သီးနှံစုံ အခြောက်ခံစက် များကို ဗီယက်နမ် နည်းပညာဖြင့် မြန်မာနိုင်ငံ တွင် တပ်ဆင် ထုတ်လုပ် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရသည်။ " အခု ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ တပ်ဆင် ထုတ်လုပ် နေတဲ့ Flat-bed dryer ဟာ ယနေ့ ဗီယက်နမ် နိုင်ငံမှာ ထုတ်လုပ် ပြီးတော့ မဲခေါင်မြစ်ဝှမ်း ဒေသ နိုင်ငံတွေမှာ အသုံးများတဲ့ သီးနှံစုံ အခြောက်ခံ စက်ပဲ ဖြစ်ပါတယ် ၊ ဗီယက်နမ် နည်းပညာ နဲ့ ဒီဇိုင်းကို တရားဝင် ခွင့်ပြုချက် ရယူပြီးတော့ အပြည်ပြည် ဆိုင်ရာ ဆန်စပါး သုတေသန ဌာနရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံ မှာ တပ်ဆင် ထုတ်လုပ် နေတာ ဖြစ်ပါတယ် ၊ ယနေ့ ဆိုရင် မဲခေါင် မြစ်ဝှမ်း ဒေသမှာ သီးနှံစုံ အခြောက်ခံ စက်ပေါင်း အလုံး ၇၀၀၀ ကျော်လောက် ရှိနေပြီ ဖြစ်ပါတယ် ... " ဟု အဆိုပါ သီးနှံစုံ အခြောက်ခံစက် အား မြန်မာနိုင်ငံ တွင် တပ်ဆင် ထုတ်လုပ် နေသူ ပိုင်အိုးနီးယား ရိတ်သိမ်း ချိန်လွန် နည်းပညာ ဖွံ့ဖြိုးမှု အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ပြောကြား ခဲ့သည်။

စပါး ၊ ပြောင်း ၊ ပဲအမျိုးမျိုး ( မတ်ပဲ ၊ ပဲတီစိမ်း ) မြေပဲ ၊ နှမ်း ၊ နေကြာစေ့ နှင့် ကော်ဖီ အစရှိသော စိုက်ပျိုးရေး ထွက်ကုန် သီးနှံစုံအား ခြောက်သွေ့ စေရန် နှင့် အရည် အသွေး ကောင်းမွန် စေရန် ယင်း သီးနှံစုံ အခြောက်ခံစက် အား အသုံးပြု နိုင်ကြောင်း နှင့် အားသာချက် မှာ ရာသီဥတု ၏ အကန့်အသတ် ကို ကျော်လွှား နိုင်ခြင်း ၊ သီးနှံများ၏ လေလွှင့် ဆုံးရှုံးမှု ကို အပြည့်အ၀ အကာ အကွယ် ပေးနိုင်ခြင်း ၊ အထူးသဖြင့် ပြောင်းဖူး တွင် အယ်လ်ဖာ တောက်ဆင်မှို မဖြစ်နိုင် တော့ခြင်း ၊ စက်လည်ပတ် ရန် စွမ်းအင် ရယူမှု တွင် စပါးခွံ ၊ ပြောင်းဖူး အူတိုင် ၊ မြေပဲခွံ တို့ကို အသုံးပြု နိုင်ခြင်း ၊ စပါး ဖြစ်ပါက စပါးမျိုး ပေါက်နှုန်း ကို မထိခိုက်ခြင်း တို့ ဖြစ်ကြောင်း သိရသည်။

" ဒီ သီးနှံစုံ အခြောက်ခံစက် ဟာ ဗီယက်နမ် နိုင်ငံမှာ ၂၅ နှစ်တိုင် သုတေသန ပြုလုပ် ပြီးမှ ထွက်ပေါ် လာတဲ့ ဒီဇိုင်း ဖြစ်သလို လက်ရှိ မဲခေါင် မြစ်ဝှမ်း နိုင်ငံတွေမှာ လက်ခံ သုံးစွဲ နေတဲ့ စက်လည်း ဖြစ်ပါတယ် ၊ ဗီယက်နမ် နိုင်ငံမှာ ရာသီဥတု အခြေအနေ ပေးတဲ့ အတွက် စပါးကို နေနဲ့ အခြောက်လှမ်း သော်လည်း ပဲ ကနဦး အစိုဓာတ် ၁၈ ရာခိုင်နှုန်း အထိ ရောက်အောင် နေလှန်း ပြီးတဲ့ အခါမှာ အစိုဓာတ် ကို ၁၄ ရာခိုင်နှုန်း ရောက်အောင် အခြောက်ခံစက် များနဲ့ပဲ ဆက်လက် ဆောင်ရွက် ကြပါတယ် ၊ ဒါဟာ ဒီစက်တွေရဲ့ အားသာချက် တွေကြောင့်ပါ ..... " ဟု ပိုင်အိုးနီးယား ရိတ်သိမ်း ချိန်လွန် နည်းပညာ ဖွံ့ဖြိုးမှု အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ကျော် က ရှင်းပြသည်။

မြန်မာနိုင်ငံ ၏ လယ်ယာကဏ္ဍ တွင် ၂၀၀၅ ခုနှစ် နောက်ပိုင်း မှ စတင်ကာ ရာသီဥတု ကန့်သတ်ချက် ကို ကျော်လွှားရန် စပါး အခြောက်ခံစက် များကို ပြည်တွင်း၌ ထုတ်လုပ် သုံးစွဲလျက် ရှိရာ မြန်မာ တစ်နိုင်ငံလုံး ပြည်တွင်းထုတ် စပါး အပါအ၀င် သီးနှံစုံ အခြောက်ခံစက် အလုံးပေါင်း ၁၀၀၀ ကျော် ရှိမည်ဟု သုတေသီ များက ခန့်မှန်း ထားကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၄-၂၀၁၃)



Download = Minus


Wednesday, April 24, 2013

ဆော်ဒီအာရေးဗီးယား နိုင်ငံသည် တူရကီနိုင်ငံမှ စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရန် စီစဉ်လျက်ရှိခြင်း



Altai Tanks
Anka UAV
၂၄-၄-၂၀၁၃

ဆော်ဒီ အာရေးဗီးယား နိုင်ငံသည် တူရကီနိုင်ငံ ထံမှ Anka မောင်းသူမဲ့ လေယာဉ် ( UAV ) များနှင့် Altai တင့်ကားများ ၀ယ်ယူသွားရန် စီစဉ်လျက် ရှိကြောင်း Sabah သတင်းစာ က ဧပြီလ ၂၂ ရက်နေ့တွင် ဖော်ပြ ခဲ့သည်ဟု သိရသည်။ အဆိုပါ တင့်ကားများ နှင့် မောင်းသူမဲ့ လေယာဉ်များ ၀ယ်ယူရေး အတွက် ဆော်ဒီ အာရေး ဗီးယား စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Huseyin Bin Abdellah AL Gobail သည် တူရကီနိုင်ငံ သို့ သွားရောက် လည်ပတ် ခဲ့ပြီး တူရကီ သမ္မတ အဗ္ဗဒူ လာဂေါ ၊ ၀န်ကြီးချုပ် ရီဆက်တေရစ် အာဒိုဂန် နှင့် တူရကီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Necdet Ozer တို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

Anka UAV သည် အစ္စရေး နိုင်ငံ၏ Heron UAV ထက် စွမ်းပကား ပိုမို သာလွန်ကြောင်း နှင့် Heron UAV သည် အလေးချိန် ၁၈၅ ကီလိုဂရမ် ဖြင့် အမြင့်ပေ ၃၀၀၀၀ အထိ ပျံသန်း နိုင်စွမ်းရှိပြီး Anka UAV မှာ အလေးချိန် ၂၀၀ ကီလိုဂရမ် အထိ သယ်ဆောင်လျက် အမြင့်ပေ ၃၀၀၀၀ အထိ ပျံသန်း နိုင်စွမ်း ရှိကြောင်း သိရသည်။ ထို့အပြင် ဆော်ဒီ အာရေးဗီးယား နိုင်ငံသည် တူရကီ နိုင်ငံထံမှ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ သံချပ်ကာ ယာဉ်များ ၀ယ်ယူ သွားရန်လည်း စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၄-၄-၂၀၁၃)



Download = Minus


Tuesday, April 23, 2013

တေဇရုပ်စုံ အတွဲ(၂၄) အမှတ်(၁၂)




( ၂၀၁၃ ခုနှစ် မေလထုတ် )

Download = Minus


မြ၀တီနေ့စဉ်သတင်းစာ (၂၃-၄-၂၀၁၃)



Download = Minus


မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများအား ဥရောပသမဂ္ဂ EU က အပြီးတိုင်ဖယ်ရှား



လန်ဒန် ၊ ၂၂-၄-၂၀၁၃

မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင် ကူးပြောင်းမှု အပေါ် တုံ့ပြန်သည့် အနေဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ၊ စီးပွားရေး နှင့် ပုဂ္ဂလိက တစ်ဦးချင်း အပေါ် ထားရှိသည့် အရေးယူ ပိတ်ဆို့မှု များအား နောက်ဆုံးတွင် လုံးဝ အပြီးတိုင် ဖယ်ရှား ပေးလိုက်ပြီ ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ဧပြီလ ၂၂ ရက်နေ့ ညတွင် ထုတ်ပြန် ကြေညာခဲ့သည်။ ပြီးခဲ့သော နှစ်က မြန်မာနိုင်ငံ အပေါ် ထားရှိသည့် အရေးယူ ပိတ်ဆို့မှု များအား ယာယီ အားဖြင့်သာ ဖြေလျော့ ပေးခဲ့ခြင်း ဖြစ်ပြီး ယခုအချိန် တွင် အပြီးတိုင် ဖယ်ရှား ပေးခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း လက်နက် တင်သွင်းမှု ကိုမူ ဖြေလျော့ ပေးခြင်း မရှိသေးကြောင်း ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံ အနေဖြင့် လူနည်းစု မွတ်စဆင် များနှင့် ပတ်သက်ပြီး သိသာ ထင်ရှားသော စိန်ခေါ်မှု များအား ရင်ဆိုင် နိုင်ရန် အတွက် ပြင်ဆင် ထားဖို့ လိုအပ်ကြောင်း ဥရောပ သမဂ္ဂ က သတိပေး ခဲ့သည်။

ယခုကဲ့သို့ EU အနေဖြင့် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု များ ဖယ်ရှား ပေးလိုက်ခြင်း သည် အချိန်စော လွန်းကြောင်း အာရှ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဖီလ်ရောဘတ်ဆန် က ပြောကြား ခဲ့သည်။

သို့သော် မြန်မာနိုင်ငံ ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များသည် သိသိသာသာ တိုးတက် လာခဲ့သော ကြောင့် ယာယီ အရေးယူ ပိတ်ဆို့ ထားမှုများအား အပြီးတိုင် ဖယ်ရှားပေးရန် အချိန် ကျရောက်ပြီ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလျ့ဟေ့ဂ် က ပြောကြားခဲ့သည်။

Monday, April 22, 2013

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၂၃)




မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၂၃)
( ၂၃-၄-၂၀၁၃ ရက်နေ့ထုတ် )

Download = Minus


မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ်များ စည်းကမ်းမဲ့စွာ လမ်းဘေးရပ်နား ညအိပ်နေ



မူဆယ် ၊ ၂၂-၄-၂၀၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ် မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ်များ စည်းကမ်းမဲ့ စွာ လမ်းဘေး ရပ်နား ညအိပ်လျက် ရှိကြောင်း သိရသည်။ အဆိုပါ မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ် များ စည်းကမ်းမဲ့စွာ လမ်းဘေး ရပ်နား ညအိပ် နေခြင်းကြောင့် မဖြစ်ပွား သင့်သော ပြစ်မှုများ ဖြစ်ပွားလျက် ရှိကြောင်းလည်း သိရသည်။ လွန်ခဲ့သည့် မတ်လ ၂၈ ရက်နေ့ မနက် ၃ နာရီတွင် ၀န်ထမ်း ဟန်ဆောင်သော ပုဂ္ဂိုလ် တစ်ဦးမှ ညအိပ် ရပ်နားခ လိုက်လံ လိမ်ညာ ကောက်ခံခြင်း ကြောင့် ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ မူဆယ် ရဲစခန်းမှ ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီး အရေးယူ ထားကြောင်း လည်း သိရသည်။

မိုင်ယု ၁၀၅ မိုင် ယာဉ်ရပ်နား ၂ ကွင်းမှ တာဝန်ခံ ဖြစ်သူက " ကျွန်တော်တို့ ယာဉ်ရပ်နား ကွင်းကို လုံခြုံရေး အပြည့်အ၀ ရှိပြီး တည်းခိုဆောင် ၊ ရေချိုးခန်း ၊ သန့်စင်ခန်း အပြည့်အစုံ ထားရှိပေး လျက်သားနဲ့ ကုန်တင်ယာဉ်တွေ ၀င်မရပ် နားပါဘူး ၊ တစ်ည ၀င်ရပ်နား မှ ကျပ် ၂၀၀၀ ပဲ ကုန်တာပါ ၊ ပြီးတော့ ကားဝင်း ထဲမှာ လုံခြုံမှု ရှိတယ် ၊ လုံခြုံရေး ကင်းစောင့် ရှိတယ် ၊ စားသောက်ဆိုင် ရှိတယ် ၊ တည်းခိုဆောင် အပြည့်အ၀ ရှိပါတယ် ၊ ဒါတွေ ရှိရဲ့သားနဲ့ လမ်းဘေးမှာပဲ စည်းကမ်းမဲ့စွာ ရပ်နား ညအိမ်တော့ အခုလို ပြစ်မှုတွေ ဖြစ်ပွား စေပါတယ် ၊ ဒီကိစ္စကို မူဆယ် မြို့နယ် စည်ပင် ထိန်းသိမ်းရေး နဲ့ မော်တော်ယာဉ် ထိန်းသိမ်းရေး မှ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ထိထိရောက်ရောက် နဲ့ ဆောင်ရွက် ပေးစေချင်တယ် ..... " ဟု ပြောခဲ့သည်။

မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ် များ စည်းကမ်းမဲ့စွာ လမ်းဘေး ရပ်နား ညအိမ် နေခြင်းကြောင့် လမ်းပိတ်ဆို့ခြင်း ၊ လုံခြုံ စိတ်ချရမှု မရှိခြင်း ကြောင့် ပြစ်မှုများ ဖြစ်ပွားလျက် ရှိခြင်း နှင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း မိုင်ယု ၁၀၅ မိုင် ဒေသခံ များ၏ ပြောပြချက် အရ သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၂-၄-၂၀၁၃)



Download = Minus


အင်တာနက်ဆိုင်များတွင် အင်တာနက် အသုံးပြုသူများ လျော့နည်းလာ



နေပြည်တော် ၊ ၂၂-၄-၂၀၁၃

နေပြည်တော် ကောင်စီ နယ်မြေ ၊ ဇမ္ဗူသီရိ မြို့နယ် ၊ သပြေကုန်း ဈေးတွင် ဖွင့်လှစ် ထားကြသည့် အင်တာနက် ဆိုင်များ မှ အင်တာနက် အသုံးပြုသူ နည်းပါး လာသည့် အတွက် ဈေးကွက် အတွင်း တွက်ခြေ မကိုက် သဖြင့် အရှုံးနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

" နှစ်သိန်းတန် ဖုန်း မပေါ်ခင် ကတော့ အလုပ်ဖြစ် သေးတယ် ၊  နှစ်သိန်းတန် ဖုန်း ပေါ်ပြီး နောက်ပိုင်းမှာ ဆိုင်ကို လူအလာ သိသိသာသာ ကျဆင်း သွားတယ် ၊ အကြောင်း ကတော့ အင်တာနက်ပါ တစ်ခါတည်း ဖွင့်လို့ရတဲ့ ဖုန်းတွေ ဆိုတော့ ဟန်းဆက် နည်းနည်း လေးကောင်းတာ ၀ယ်ပြီး ဟန်းဆက်နဲ့ ပဲအင်တာနက် သုံးကြတာ များလာတယ် ၊ ကျွန်တော်တို့ ဆိုင်ကိုတော့ ဂိမ်းကစားတဲ့ သူတွေနဲ့ ၊ နိုင်ငံခြားကို ဖုန်းခေါ် တာရယ်ပဲ အဓိက လာကြ ပါတယ် ၊ အင်တာနက် ကို ဆိုင်ထိုင် သုံးတဲ့သူက ခုဆို တော်တော် လေး နည်းသွားပါပြီ ၊ နောက်ပြီး စက်တစ်လုံး အတွက် တစ်နာရီ ငွေကျပ် ၄၀၀ ပဲဆိုတော့ ငွေလုံး ငွေရင်းနဲ့လည်း ပြန်မရဘူး ၊ လူတွေ အလွန်ဆုံး ထိုင်သုံးရင် ၃ နာရီ အများဆုံး ပါပဲ ၊ အခု ဂိမ်း ကစား သူတွေရှိလို့ ခံသာတာပါ .....  " ဟု အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အင်တာနက် ဆိုင်များမှာ စဖွင့် ကတည်းက တစ်နာရီ ငွေကျပ် ၄၀၀ သာ ကောက်ခံပြီး ယခုအထိ ဈေးနှုန်း မပြောင်းလဲဘဲ ကောက်ခံသည့် အပြင် မိုဘိုင်းလ်ဖုန်း မှ အင်တာနက် အသုံးပြု သူများ များပြား လာသည့် အတွက်ကြောင့် ရင်းနှီး မြှုပ်နှံမှု ပမာဏ ကြီးမားသည့် အင်တာနက် ဆိုင်တို့မှာ တွက်ခြေ မကိုက်ဘဲ အရှုံး နှင့် ရင်ဆိုင် နေရကြောင်း ၊ အချို့ ဆိုင်များမှာ တစ်နေ့လုံး အင်တာနက် အသုံးပြုသူ မရှိသလောက် နည်းလာသည့် အတွက် ၀န်ထမ်းများပင် မငှားဘဲ ပိုင်ရှင်များ ကိုယ်တိုင် ဆိုင်ထိုင် နေရကြောင်း သိရှိရသည်။

Sunday, April 21, 2013

ကော်ဖီသည် အသည်းရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ




၂၁-၄-၂၀၁၃

ကော်ဖီသည် အရက် သောက်သုံးသူ များအား အသည်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ကြောင်း ဖင်လန်နိုင်ငံ သုတေသန ပညာရှင် များက အရက်သေစာ နှင့် အရက်စွဲခြင်း ဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှု တစ်ရပ်တွင် ပြောကြား ထားသည်။ သုတေသီ များသည် အသက် ၂၅ နှစ်မှ ၇၄ နှစ် အကြားရှိ ဖင်လန် အမျိုးသား နှင့် အမျိုးသမီး ၁၉၀၀၀ ဦးခန့်အား ကော်ဖီ သောက်သုံးခြင်း နှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့ပြီး လေ့လာမှု တွင် ပါဝင် သူများ၏ သွေးအတွင်း အသည်းအင်ဇိုင်း ( GGT ) ပါဝင်မှု ပမာဏကို လည်း တိုင်းတာ ခဲ့ကြသည်။

အရက် သောက်သုံး ခြင်းသည် သွေးအတွင်း ( GGT ) ပါဝင်မှု အဆင့်ကို မြင့်မား စေကြောင်း နှင့် အသည်းရောဂါ ဖြစ်ပွားသူ များတွင် ( GGT ) ပါဝင်မှု အဆင့် မြင့်မား သည်ကို တွေ့ရှိရကြောင်း သုတေသီ များက ပြောကြား ခဲ့သည်။ တစ်ပတ်လျှင် အရက် ၂၄ ကြိမ် သောက်သုံးသော ( သို့မဟုတ် ) တစ်ရက်လျှင် ၃ ဒသမ ၅ ကြိမ် သောက်သုံးသော အမျိုးသား များသည် အရက်သေစာ သောက်သုံးမှု မရှိသော အမျိုးသား များထက် အသည်း အင်ဇိုင်း ( GGT )  ပါဝင်မှု ၃ ဆကျော် မြင့်မား နေသည်ကို တွေ့ရှိခဲ့သည်။

သို့သော်လည်း တစ်နေ့လျှင် ကော်ဖီ ၅ ခွက်နှင့် မက သောက်သုံးသော အရက် အလွန်အကျွံ သောက်သည့် အမျိုးသား များသည် ကော်ဖီ မသောက်သော အရက် အလွန် သောက်သည့် အမျိုးသား များ၏ သွေးအတွင်းရှိ အသည်း အင်ဇိုင်း ( GGT ) ပါဝင်မှု အဆင့်ထက် ၅၀ ရာခိုင်နှုန်း လျော့နည်း နေသည်ကို သုတေသီ များက တွေ့ရှိခဲ့သည်။ မိမိတို့ အနေဖြင့် အသည်း အင်ဇိုင်း ပါဝင်မှု လျော့နည်း ခြင်းသည် အသည်းရောဂါ ဖြစ်ပွားမှု အန္တရာယ် ကို လျော့ချ နိုင်ခြင်း ရှိ - မရှိ နှင့် စပ်လျဉ်း၍ သေချာစွာ မသိရှိ သေးကြောင်း နယးယောက်ခ် မြို့ ၊ မန်ဟတ်စ်ဆန် ဒေသရှိ North Shore တက္ကသိုလ် ဆေးရုံမှ အသည်းရောဂါ ဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဒေးဗစ် ဘာစတင် က ပြောကြားသည်။

အရက် သေစာ သောက်သုံးသူ များ အနေဖြင့် ကော်ဖီ ပိုမို သောက်သုံး ခြင်းသည် အရက် အလွန်အကျွံ သောက်သုံး ခြင်းကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ အပေါ် ကာကွယ် ပေးနိုင် လိမ့်မည်ဟု မတွေးထား သင့်ကြောင်း ဒေါက်တာ ဒေးဗစ် ဘာစတင် က သတိပေး ပြောကြား ခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၁-၄-၂၀၁၃)



Download = Minus

ကျပ် ၅၀၀၀ တန်မြန်မာငွေစက္ကူအတု သိန်း ၂၇၀ ဖမ်းဆီးရမိ



မြစ်ကြီးနား ၊ ၂၀-၄-၂၀၁၃

ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲမှူး ယာယီ ရဲမှူး လှရီ ၏ လမ်းညွှန်မှု အရ မြို့ပေါ် ရပ်ကွက်များ အတွင်း လုံခြုံရေး အတွက် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာ မှ မြန်မာ ငွေစက္ကူ ကျပ် ၅၀၀၀ တန် အတု ငွေကျပ်သိန်း ၂၇၀ နှင့် တရားမ၀င် ၀င်ရောက် လာသည့် တရုတ် နိုင်ငံသား ၂ ဦးနှင့် မြစ်ကြီးနားမြို့ နေသူ ၂ ဦးတို့အား ဧပြီလ ၁၂ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၂ ရက် ည ၁၂ နာရီခွဲက ရှမ်းစုမြောက် ရပ်ကွက် ၊ သျှင်းသျှင်း ဟိုတယ် သို့ အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူး များနှင့် သက်သေများက သွားရောက် စစ်ဆေး ခဲ့ရာ အခန်း အမှတ် (၂၀၈) တွင် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် နေထိုင်သူများ ဖြစ်သည့် ဦးအောင်ကျော်လှိုင် နှင့် ဇနီး ဒေါ်ဘောမ်ဆွမ် တို့အား တွေ့ရှိရပြီး ၄င်းတို့နှင့် အတူ အခန်းအမှတ် ၁၀၇ တွင် တည်းခိုလျက် ရှိသည့် တရုတ်နိုင်ငံသား ၂ ဦးအား ဆက်လက် စစ်ဆေးရာ ရန်ဟုန်စိန် နှင့် ကြောင်ကြားရှုတ် ဆိုသူ ၂ ဦးအား တွေ့ရှိခဲ့သည်။

ဆက်လက်၍ အခန်းတွင်း ထိုင်ခုံပေါ်ရှိ အနက်ရောင် ခရီးဆောင် လက်ဆွဲအိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတုဟု ယူဆရသည့် ကျပ် ၅၀၀၀ တန် ငွေကျပ်သိန်း ၂၇၀ နှင့် အနက်ရောင် ကျောပိုးအိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အစစ် ကျပ် ၅၀၀၀ တန် ငွေကျပ် ၂၁၅၅၀၀၀၀ ၊ တရုတ် ဆင်းကတ် ထည့်ထားသည့် လက်ကိုင်ဖုန်း ၃ လုံး ၊ ၄င်းတို့ပိုင် ၅ဂ/xxxx ပါဂျဲရိုး အစိမ်းရောင် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး တို့အား ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေစက္ကူအတု များ လက်ဝယ်ထား ရှိသူများ ဖြစ်သည့် အောင်ကျော်လှိုင် ၄၂ နှစ် (ဘ) ဦးတင်လှိုင် ၊ မဘောမ်ဆွမ် ၄၃ နှစ် (ဘ) ဦးယော်ဘောမ် (မြစ်ကြီးနားမြို့ နေသူများ ) နှင့် ရန်ဟုန်စိန် ၃၇ နှစ် (ဘ) ဦးဝမ်ပန်ပေါင် ၊ ကြောင်ကြားရှုတ် ၃၀ နှစ် (ဘ) ဦးကြောင်ရှိရှောက် ( တရုတ်နိုင်ငံ ယူနန်မြို့ နေသူများ ) အား အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၆၆/၂၀၁၃ ၊ ပုဒ်မ ၄၈၉ - ၈ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

Saturday, April 20, 2013

မြ၀တီနေ့စဉ်သတင်းစာ (၂၀-၄-၂၀၁၃)



Download = Minus

တရုတ်၌ H7N9 ရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး ၊ ကူးစက်ခံရသူ ၈၇ ဦးရှိ



ပေကျင်း ၊ ၂၀-၄-၂၀၁၃

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ၊ ကျဲကျန်းပြည်နယ် ၊ ကျန်းစုပြည်နယ် နှင့် ဟေနန် ပြည်နယ် များတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူ ၅ ဦး ထပ်မံ တိုးမြင့် လာခဲ့ကြောင့် အစိုးရက ဧပြီလ ၁၈ ရက် ညနေပိုင်းတွင် အတည်ပြု ပြောကြား ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ တွင် ယခုအခါ H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရမှု ကြောင့် သေဆုံးသူ ဦးရေမှာ ၁၇ ဦးအထိ မြင့်တက် လာပြီး ရောဂါ ဝေဒနာ ခံစား နေရယူ ၈၇ ဦး ရှိကြောင်း အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင် က ထုတ်ဝေသည့် နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ပြောကြား ခဲ့သည်။

အဆိုပါ H7N9 ရောဂါပိုး ကူးစက်ခံ ရသူများ အနက် ၆ ဦးသည် ဆေးဝါး ကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းခွင့် ရပြီဖြစ်ပြီး ၆၄ ဦးသည် သတ်မှတ် ထားသော ဆေးရုံများတွင် ဆက်လက် ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ယင်းကော်မရှင် ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ လူသားများတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး တွေ့ရှိမှုမှာ ပြီးခဲ့သည့် လကုန်ပိုင်း က စတင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရက တရားဝင် ပြောကြားကြောင်း သိရှိရသည်။

Friday, April 19, 2013

မြ၀တီနေ့စဉ်သတင်းစာ (၁၉-၄-၂၀၁၃)



View and Download = DocStoc


ရင်ငွေ့လှုံ အင်းလေးဖောင်တော်ဦးဘုရား အလယ်အဆူ၌ ဆံတော်ရှင်များပေါ်ထွန်း



အင်းလေး ၊ ၁၈-၄-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ်ရှိ ၂၀၁၂ ခုနှစ် မတ်လ ၄ ရက်မှစ၍ ပင့်ဆောင် ပူဇော်ခဲ့သည့် ရင်ငွေ့လှုံ အင်းလေး ဖောင်တော်ဦး ဘုရား အဆူတို့မှ အလယ်အဆူ (နံပတ် ၁) ကကုသန္ဓ ဒက္ခိဏ သာခါဘုရား ၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် ညဆီမီး ကပ်လှူ ပူဇော်ချိန်၌ ဆံတော်များကို စတင် တွေ့ရှိ ဖူးမြော် ခဲ့ရသည် ဟု အင်းလေး ဖောင်တော်ဦး ဘုရား အနီးရှိ သာလေး မြောက်ရပ် ကျေးရွာနေသူ တစ်ဦးက ပြောကြားသည်။

" ကျွန်တော်က ဘုရားဦး ခေါင်းတော်မှာ အမှိုက်တွေ ကပ်နေတယ်လို့ ထင်ပြီး စတွေ့တွေ့ ချင်းမှာ ဖယ်ရှားလိုက် တာ ၊ နောက်ရက် တွေလည်း ထပ်တွေ့ နေတော့မှ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်ဘူးလို့ ယူဆပြီး ရွာက ဆရာတော်ကို ပင့်လျှောက် တော့မှ ကျောင်းထိုင် ဆရာတော်က ဆံတော် အဖျားမှာ ဓာတ်တော် ကိန်းဝပ်မှု ရှိနေတယ်လို့ မြွတ်ကြားကြောင်း ... " ရှင်းပြသည်။

ဖောင်တော်ဦး ဘုရား အလယ်အဆူ (နံပတ် ၁ ) ၏ ထူးခြားချက် များမှာ ပန်းပွင့်ပုံစံ အလင်းတန်းများ ဖြာထွက်ခြင်း ၊ မီးချောင်းပုံစံ အလင်းတန်း ဖြာထွက်ခြင်း နှင့် ကပ်လှူ ထားသော ရေတွင်လည်း ထူးခြားချက် ရှိခြင်း တို့ ဖြစ်သည်။ ထို ဘုရားအဆူ၏ ဂုဏ်သတင်းကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ လည်း လာရောက် ဖူးမြော်လျက် ရှိကြောင်း သိရသည်။

( အောင်မြတ်သူ - ဟိုပုံး )

H7N9 ရောဂါပိုး ပထမဆုံး အကြိမ် ကူးစက်ခံရသူ ပေကျင်းမြို့မှ မိန်းကလေးငယ် ဆေးရုံမှ ဆင်းပြီ



ပေကျင်း ၊ ၁၈-၄-၂၀၁၃

တရုတ်နိုင်ငံမှ ယောင် အမည်ရှိ မိန်းကလေးငယ် တစ်ဦးသည် H7N9 ကြက်ငှက် တုတ်ကွေး ရောဂါပိုး ပထမဆုံး အကြိမ် ကူးစက် ခံရမှုကြောင့် ပေကျင်းမြို့ရှိ ပေကျင်း တီတန် ဆေးရုံတွင် တက်ရောက် ကုသခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်တွင် ၄င်းဆေးရုံမှ ဆင်း၍ သူမ၏ နေအိမ်တွင် အနားယူလျက် ရှိကြောင်း သိရသည်။

ယောင် သည် ဆေးရုံတွင် ၆ ရက်ကြာ ဆေးကုသမှု ခံယူပြီးနောက် သူမ၏ ကိုယ်အပူချိန်မှာ ပုံမှန် အနေအထား ပြန်ရောက်ခဲ့ပြီး အသက်ရှူနှုန်း နှင့် သွေးလည်ပတ်မှု မှာလည်း တိုးတက် ကောင်းမွန် ခဲ့သည်ဟု သိရသည်။ သူမသည် H7N9 ရောဂါပိုး ပထမဆုံး အကြိမ် ကူးစက် ခံရသော ပေကျင်းမြို့မှ ပထမဆုံး ကလေးငယ် အဖြစ် ဆရာဝန်များက ဧပြီလ ၁၃ ရက်တွင် အတည်ပြု ခဲ့သည်။ သူမ၏ မိဘများတွင် ပုံမှန် မဟုတ်သော လက္ခဏာများ တွေ့ရှိ ရခြင်း မရှိသည့် အတွက် သူမ၏ မိဘများ အား ကျန်းမာရေး ဌာနက စောင့်ကြည့် လေ့လာ နေခြင်းကို ဧပြီလ ၁၇ ရက်နေ့က အဆုံးသတ် ခဲ့ကြောင်း သိရှိရသည်။

Friday, April 12, 2013

မြ၀တီနေ့စဉ်သတင်းစာ (၁၂-၄-၂၀၁၃)


Download = Docstoc
Download = Scribd


မဟာသင်္ကြန် ရုံးပတ်ရက်များတွင် မြ၀တီနေ့စဉ်သတင်းစာ ခေတ္တရပ်နားမည်

မြ၀တီနေ့စဉ်သတင်းစာ အား မဟာသင်္ကြန် ကာလ ရုံးပိတ်ရက်များ ဖြစ်သည့် ၂၀၁၃ ခုနှစ် ၊ ဧပြီလ ၁၃ ရက် ( စနေနေ့ ) မှ ဧပြီလ ၁၈ ရက် ( ကြာသပတေးနေ့ ) အထိ ၆ ရက် ခေတ္တ ရပ်နားမည် ဖြစ်ပြီး ဧပြီလ ၁၉ ရက် ( သောကြာနေ့ ) တွင် ပုံမှန် အတိုင်း ဆက်လက် ထုတ်ဝေ သွားမည် ဖြစ်ကြောင်း အသိပေး အပ်ပါသည်။

Wednesday, April 10, 2013

H7N9 ရောဂါပိုးသည် လူတစ်ဦးမှ အခြားလူများထံသို့ ကူးစက်ခြင်း မရှိကြောင်း WHO ပြောကြား



၁၀-၄-၂၀၁၃

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက် ရှိသည့် ကြက်ငှက် တုပ်ကွေး ရောဂါပိုး တစ်မျိုး ဖြစ်သော H7N9 ရောဂါပိုး သည် လူတစ်ဦးမှ အခြား သူများထံသို့ ကူစက်နိုင်သည့် လက္ခဏာ မရှိကြောင်း တရုတ် အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင်က ကျင်းပသည့် အစည်းအဝေး တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO မှ ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ဒေါက်တာ မိုက်ကယ် အိုလရီက ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံတွင် အဆိုပါ ရောဂါပိုး ကူးစက် ခံရသူပေါင်း ၂၁ ဦးအား တွေ့ရှိခဲ့ပြီး ၄င်းတို့မှာ ရှန်ဟိုင်းမြို့ နှင့် နိုင်ငံ အရှေ့ပိုင်းရှိ ပြည်နယ် ၃ ခုမှ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကူးစက်ခံ ရမှုကြောင့် ရှန်ဟိုင်း မှ ၄ ဦး နှင့် စီချွမ် ပြည်နယ်မှ ၂ ဦး သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ မိုက်ကယ် အိုလာရီ ၏ ပြောကြားချက် အရ တရုတ်နိုင်ငံ အရှေ့ပိုင်း၌ မြစ်အတွင်း တွေ့ရှိရသော ၀က်အသေကောင် များနှင့် H7N9 ရောဂါပိုး မှာ ဆက်စပ်လျက် ရှိပြီး အချို့သော လူများသို့ ကူးစက်သည့် H7N9 ရောဂါပိုး သည် ရှန်ဟိုင်းမြို့ ရှိ ဟူဟွိုင် ဈေးတွင် ရောင်းချနေသည့် ခိုငှက်များ တွင် တွေ့ရှိရသော ဗိုင်းရပ်စ်ပိုး နှင့် ဆက်စပ်လျက် ရှိကြောင်း တွေ့ရှိရသော ကြောင့် အဆိုပါ ဗိုင်းရပ်စ်ပိုး သည် တိရစ္ဆာန် များမှ တစ်ဆင့် လူသားများ သို့ ကူးစက်သည် ကို ညွှန်ပြလျက် ရှိပြီး စုံစမ်း စစ်ဆေးမှု များအား ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၁၀-၄-၂၀၁၃)


Download = DocStoc
Download = Scribd



Tuesday, April 9, 2013

ဆေးပညာ နှီးနှောဖလှယ်ပွဲ နှင့် ART ဆေးဝါးအသစ် မိတ်ဆက်ပွဲကျင်းပ



မန္တလေး ၊ ၉-၄-၂၀၁၃

မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ရှိ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီက Cipla နှင့် Vimal Co., Ltd တို့မှ ကြီးမှူး ကျင်းပသော ဆေးပညာ နှီးနှော ဖလှယ်ပွဲ နှင့် ဆေးဝါးသစ် မိတ်ဆက်ပွဲ အား ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးပညာ နှီးနှောဖလှယ် ပွဲသို့ သမားတော် ကြီးများ ၊ သားဖွား မီးယပ် အထူးကု ဆရာဝန်ကြီး များ ၊ အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ဆရာဝန် ကြီးများ ၊ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ဆရာဝန် ကြီးများ ၊ ရင်ခေါင်း အထူးကု ဆရာဝန် ကြီးများ ၊ အထွေထွေ ရောဂါကု ဆရာဝန် ကြီးများ တက်ရောက် ကြသည်။ အခမ်းအနား တွင် မန္တလေး ဆေးပညာ ဌာနမှ အငြိမ်းစား ပါမောက္ခ ဒေါက်တာ အောင်ကြီး မှ သဘာပတိ အဖြစ် ဆောင်ရွက်၍ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ရဲမြ မှ ART Simplified ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြော ခဲ့ပြီး တက်ရောက် လာသူများ၏ သိလိုသည့် မေးမြန်းချက် များအပေါ် ပြန်လည် ဖြေကြား ဆွေးနွေး ခဲ့သည်။

အဆိုပါ အခမ်းအနား အား HIV နှင့် AIDS ရောဂါ ကုသရန် အစွမ်းထက် ဆေးတစ်မျိုး ဖြစ်သော Viraday အမည်ရှိ ဆေးအား တင်သွင်း ဖြန့်ချိသည့် Cipla နှင့် Vimal Co., Ltd မှ ကူညီ ပံ့ပိုး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပိုင်နက်နယ်မြေ အငြင်းပွားနေမှု နှင့်ပတ်သက်၍ နိုင်ငံတကာ တရားရုံးချုပ်တွင် ပြုလုပ်မည့် ကြားနာစစ်ဆေးမှုသို့ ကမ္ဘောဒီးယား ကိုယ်စားလှယ် တက်ရောက်မည်



၉-၄-၂၀၁၃ (အင်္ဂါနေ့)

ပရဗီဟာ ဘုရားကျောင်း အရေးကိစ္စ နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ နှင့် အငြင်းပွား နေမှုအား နယ်သာလန် နိုင်ငံ Hague မြို့ရှိ နိုင်ငံတကာ တရားရုံးချုပ် ( ICJ ) တွင် ဧပြီလ ၉ ရက် ကနေ့တွင် ကြားနာ စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ပြီး အဆိုပါ ကြားနာ စစ်ဆေးမှုသို့ ကမ္ဘောဒီးယား နိုင်ငံမှ တရားရေး ဆိုင်ရာ ကျွမ်းကျင်သူ နှင့် နယ်နိမိတ် ဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သည့် အလုပ် အမှုဆောင် အဖွဲ့တစ်ဖွဲ့ တက်ရောက်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Koy Kuong က ဧပြီလ ၈ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့အား ကမ္ဘောဒီးယား ဒုတိယ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီး ဟော်နန်ဟောင် က ဦးဆောင်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြု စာရွက်စာတမ်း များ ၊ အငြင်းပွား နေသည့် ဒေသနှင့် သက်ဆိုင်သည့် မြေပုံများအား ICJ မှ ကြားနာ စစ်ဆေးစဉ် တင်ပြသွားရန် အတွက် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း Koy Kuong က ပြောကြား ခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အနေဖြင့် အငြင်းပွား နေသည့် ပိုင်နက်နယ်မြေ ဆိုင်ရာ လျှောက်လဲချက် များကို ICJ သို့ အသီးသီး တင်ပြ သွားရန် စီစဉ် ထားကြောင်း နှင့် ICJ အနေဖြင့် အဆိုပါ ပရဗီဟာ ဘုရားကျောင်း အနီး ၀န်းကျင်ရှိ အငြင်းပွား နေသော ပိုင်နက် နယ်မြေကို မည်သူ ပိုင်ဆိုင်သည် ဟူသော ဆုံးဖြတ်ချက်အား ယခုနှစ် နှောင်းပိုင်း တွင် ချမှတ် သွားနိုင်ဖွယ် ရှိသည်ဟု မျှော်မှန်း ရကြောင်း သိရှိရသည်။

ထိုင်းလေတပ်ဖွဲ့မှ Gripen တိုက်လေယာဉ်များသည် ၂၀၁၄ ခုနှစ်တွင် ပင်လယ်ဓားပြမှု တိုက်ဖျက်ရေး မစ်ရှင်တွင် ပါဝင် ဆောင်ရွက်မည်



၉-၄-၂၀၁၃

ထိုင်းလေတပ်ဖွဲ့သည် မလေးရှား ၊ အင်ဒိုနီးရှား နှင့် စင်ကာပူ နိုင်ငံ တပ်မတော်တို့ ၂၀၁၄ ခုနှစ်တွင် မလက္ကာ ရေလက်ကြား၌ ပြုလုပ်မည့် ပင်လယ် ဓားပြမှု တိုက်ဖျက်ရေး မစ်ရှင် Eyes in the Sky သို့ မိမိ၏ Gripen တိုက်လေယာဉ်များ စေလွှတ်၍ ပါဝင် ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိကြောင်း နှင့် ထိုသို့ ပါဝင် ဆောင်ရွက်ရန် အတွက် အစိုးရ၏ ခွင့်ပြုချက် ရရှိရေး အဆိုပြု သွားမည် ဖြစ်ကြောင်း ထိုင်းလေတပ် ဦးစီးချုပ် လေတပ် ဗိုလ်ချုပ်ကြီး Prajian Jantong က ပြောကြား ခဲ့သည်ဟု ဧပြီလ ၈ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

ထိုင်းလေတပ်ဖွဲ့တွင် Gripen 39 C တိုက်လေယာဉ် ၉ စင်း ရှိကြောင်း နှင့် နောက်ထပ် ၃ စင်းကို သြဂုတ်လ နှောင်းပိုင်း သို့မဟုတ် စက်တင်ဘာလ အစောပိုင်းတွင် လက်ခံ ရရှိမည် ဖြစ်ကြောင်း လေတပ် ဗိုလ်ချုပ်ကြီး Prajian Jantong က ပြောကြား သည်။ အဆိုပါ တိုက်လေယာဉ် ၃ စင်းကို လက်ခံ ရရှိချိန်တွင် ထိုင်းလေတပ်ဖွဲ့ က ၄င်းတိုက်လေယာဉ် များ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း နှင့် လေတပ် အနေဖြင့် ဆောင်ရွက်လျက် ရှိသော ဆက်သွယ်ရေး ကွန်ရက်စနစ် Network Centric ကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ၄င်းက ပြောကြား ခဲ့သည်။ အဆိုပါ ကွန်ရက် စနစ်သည် Gripen 39 C တိုက်လေယာဉ် များ ၊ ထိုင်းရေတပ်ဖွဲ့ ရှိ HTMS Chakri Naruebet လေယာဉ်တင် သင်္ဘော ၊ HTMS Taksin နှင့် HTMS Naresuan ဖရီးဂိတ် စစ်သင်္ဘော များနှင့် ချိတ်ဆက် သွားမည် ဖြစ်သည့် အပြင် ထိုင်းစစ်ဘက် ဌာနချုပ်ရှိ ကွပ်ကဲမှု ၊ ထိန်းချုပ်မှု ၊ ဆက်သွယ်မှု ၊ ကွန်ပျူတာ နှင့် ထောက်လှမ်းရေး ( C4I ) စနစ်နှင့် ကြည်းတပ်ဖွဲ့ရှိ လေကြောင်းရန် ကာကွယ်ရေး စနစ်များ နှင့် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံတွင် H7N9 ရောဂါပိုး ကူးစက်ခံရသူ ဦးရေ ၂၁ ဦးအထိမြင့်တက်



ပေကျင်း ၊ ၉-၄-၂၀၁၃

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် မတ်လ နှောင်းပိုင်းမှ စ၍ ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်မှု ဖြစ်ပွားခဲ့ရာ ယခု အချိန်တွင် ၄င်း ရောဂါပိုး ကူးစက် ခံရသူ ဦးရေသည် ၂၁ ဦး အထိ မြင့်တက် လာပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်း ဌာနက ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ပြည်နယ်များ နှင့် ရှန်ဟိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ များတွင် H7N9 ရောဂါပိုး ကူးစက်မှု ကြောင့် သေဆုံးသူ ဦးရေမှာ ၆ ဦးထိ မြင့်တက် ခဲ့ကြောင်း ၄င်း သတင်းဌာန မှ တာဝန်ရှိသူက အခိုင်အမာ ပြောကြား ခဲ့သည်။

ရှန်ဟိုင်းမြို့တွင် H7N9 ရောဂါပိုး ကူးစက်ခံရသူ ၁၀ ဦး အထိ ရှိခဲ့ပြီး ၄င်းတို့ အနက် ၄ ဦးမှာ သေဆုံးခဲ့ကြောင်း ၊ ထို့နောက် ဆေးစစ်ချက် များအရ ရောဂါပိုး ကူးစက်ခံရ သူများနှင့် ထိတွေ့ ဆက်ဆံမှု ရှိသော လူ ၂၀၀ ခန့်ကို ရှန်ဟိုင်းမြို့ရှိ အာဏာပိုင်များက နေရာ ပြောင်းရွှေ့ ထားကြောင်း သိရသည်။ ထို့နောက် ကြက် ၊ ဘဲ နှင့် ငှက်အကောင် ၉၈၀၀၀ ခန့်ကို သုတ်သင် ရှင်းလင်းရန် အာဏာပိုင် များက အမိန့် ထုတ်ပြန် ခဲ့သောကြောင့် ၄င်းတို့ကို မီးရှို့၍ သုတ်သင် ရှင်းလင်း ခဲ့သည်ဟု သိရသည်။

သို့ရာတွင် H7N9 ရောဂါပိုး သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက် ပြန့်ပွားခြင်း မရှိသေးကြောင်း တရုတ်နိုင်ငံ ရောဂါ ထိန်းချုပ်ရေး နှင့် တားဆီး ကာကွယ်ရေး ဗဟိုဌာန က ပြီးခဲ့သည့် သီတင်းပတ် တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။ H7N9 ရောဂါပိုး  ကူးစက်မှုကို ကုသရာတွင် ထိရောက်မှု ရှိနိုင်မည်ဟု ယူဆရသော ဆေးဝါးသစ် တစ်မျိုးကို တရုတ်နိုင်ငံက ဧပြီလ ၇ ရက်တွင် ထောက်ခံ အတည်ပြု ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန၏ ထုတ်ပြန်ချက် များအရ သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၉-၄-၂၀၁၃)

မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်



နေပြည်တော် ၊ ၉-၄-၂၀၁၃

ဆက်သွယ်ရေး နှင့် သတင်းအချက် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး ၆၅ နှစ်မြောက် အထိမ်းအမှတ် ကျပ် ၅၀၀ တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်း သစ်ကို တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး ၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီး တို့၌ ဧပြီလ ၁၀ ရက်တွင် ၀ယ်ယူသော စာပို့ တံဆိပ်ခေါင်း များပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

Monday, April 8, 2013

အိန္ဒိယနိုင်ငံ သည် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်စွမ်းရှိသည့် Agni II တာလတ်ပစ် ဒုံးပျံကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ခဲ့ခြင်း




၈-၄-၂၀၁၃

အိန္ဒိယနိုင်ငံ သည် တာဝေး ကီလိုမီတာ ၂၀၀၀ ( ၁၂၄၃ မိုင်) ကျော်အထိ ပစ်ခတ် တိုက်ခိုက် နိုင်သော နျူကလီးယား ထိပ်ဖူး သယ်ဆောင် နိုင်စွမ်း ရှိသည့် မြေပြင်မှ မြေပြင်ပစ် တာလတ်ပစ် Agni II ဒုံးပျံကို ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်က သြရိဿ ကမ်းလွန် ၊ ၀ီလာကျွန်း ရှိ ဘက်စုံ စမ်းသပ်ရေး စခန်းမှ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် ခဲ့ကြောင်း အိန္ဒိယ စစ်ဘက် တာဝန်ရှိ သူများက ပြောကြား ခဲ့သည်ဟု NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ Agni II တာလတ်ပစ် ပဲ့ထိန်းဒုံးပျံ ကို တပ်တော်သွင်း ခဲ့ပြီး ဖြစ်ကြောင်း နှင့် ယနေ့ ပြုလုပ်သည့် စမ်းသပ် ပစ်လွတ်မှု ကို ကာကွယ်ရေး ဆိုင်ရာ သုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ DRDO က ပံ့ပိုး ကူညီမှုဖြင့် ပြုလုပ်သော လေ့ကျင့်ခန်း တစ်ရပ် ၏ တစ်စိတ် တစ်ဒေသ အဖြစ် ကြည်းတပ်ရှိ မဟာဗျူဟာ တပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ် က ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ စစ်ဘက် တာဝန်ရှိသူ များက ပြောကြား ခဲ့သည်။ Agni II ဒုံးပျံသည် အလျား မီတာ ၂၀ ၊ အလေးချိန် ၁၇ တန် ရှိပြီး ကီလိုမီတာ ၁၀၀၀ အလေးချိန်ရှိ ထိပ်ဖူး တစ်ခုကို သယ်ဆောင်လျက် တာဝေး ကီလိုမီတာ ၂၀၀၀ (၁၂၄၃ မိုင်) အကွာအဝေး အထိ ပစ်လွှတ် တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း နှင့် Agni II အား နောက်ဆုံး အကြိမ် စမ်းသပ် ပစ်လွှတ်မှု ကို ၂၀၁၂ ခုနှစ် ၊ သြဂုတ်လ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံသည် အာရှဒေသရှိ အမေရိကန် ဒုံးပျံကာကွယ်ရေး စနစ်များကို ဗုံးကြဲတိုက်ခိုက်သည့် သဏ္ဍာန်တူ စစ်ဆင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ခြင်း



၈-၄-၂၀၁၃

ရုရှားနိုင်ငံ၏ TU-22 M Backfire ဗုံးကြဲလေယာဉ် တစ်စင်းသည် ဖေဖော်ဝါရီလ အတွင်းက အာရှဒေသရှိ အမေရိကန် ဒုံးပျံ ကာကွယ်ရေး စနစ်များကို ခရုဇ်ဒုံးပျံ များဖြင့် တိုက်ခိုက်သည့် သဏ္ဍာန်တူ လေ့ကျင့်မှုများ ပြုလုပ် ခဲ့ကြောင်း အမေရိကန် တာဝန်ရှိ သူများက ပြောကြား ခဲ့သည်ဟု ဧပြီလ ၅ ရက်နေ့ NEWS now သတင်း တစ်ပုဒ် အရ သိရသည်။

အဆိုပါ TU-22 M Backfire ဗုံးကြဲ လေယာဉ်သည် အမေရိကန် ဒုံးပျံ ကာကွယ်ရေး အစီအစဉ် တစ်စိတ် တစ်ဒေသ အဖြစ် ဂျပန်နိုင်ငံ အနီးတွင် ဖြန့်ကြက် ချထားသော Aegis အတန်းအစား ဒုံးပျံ ကာကွယ်ရေး ဖျက်သင်္ဘော တစ်ဦးအား ဝေဟင်ပစ် ခရုဇ် ဒုံးပျံဖြင့် ပစ်ခတ် တိုက်ခိုက်သည့် သဏ္ဍာန်တူ လေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် လည်းကောင်း ၊ ဂျပန်နိုင်ငံရှိ မြေပြင် အခြေစိုက် ဒုံးပျံ ကာကွယ်ရေး စနစ် တစ်ရပ်ကို တိုက်ခိုက်သည့် သဏ္ဍာန်တူ လေ့ကျင့်မှု တစ်ရပ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လည်းကောင်း အသီးသီး ပြုလုပ် လေ့ကျင့် ခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူ များက ပြောကြား ခဲ့သော်လည်း အသေးစိတ် ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရသည်။

အမေရိကန် သည် မြောက်ကိုရီးယား ၏ ဒုံးပျံ ပစ်လွှတ်မှု များကို စောင့်ကြည့်ရန် နှင့် ဒုံးပျံဖျက် သင်္ဘော များဆီသို့ သတင်း အချက်အလက် များ ပေးပို့ရန် ရည်ရွယ်ပြီး ဂျပန်နိုင်ငံ မြောက်ပိုင်းစွန်း ဒေသတွင် X-band ဒုံးပျံ ကာကွယ်ရေး ရေဒါတစ်ခု ဖြန့်ကြက် ချထား ခဲ့သည်။ ရုရှား နိုင်ငံ အနေဖြင့် ရေငုပ် သင်္ဘောများကို အဆင့်မြှင့်တင် ခြင်း နှင့် အမေရိကန် ဒုံးပျံ ကာကွယ်ရေး စနစ်များ နှင့် ပတ်သက်၍ သတင်း ထောက်လှမ်းရန် လျှို့ဝှက် သင်္ဘောတစ်စီး တည်ဆောက်ခြင်း တို့ဖြင့် ပစိဖိတ် ဒေသတွင် အင်အား တည်ဆောက်လျက် ရှိစဉ် အဆိုပါ သဏ္ဍာန်တူ လေ့ကျင့်မှု ပေါ်ပေါက်ခြင်း ဖြစ်သည်။ ရုရှား နိုင်ငံ အနေဖြင့် ဒေသတွင်းရှိ အမေရိကန် အခြေစိုက် စခန်းများ ၊ သို့မဟုတ် ဂျပန် အခြေစိုက် စခန်းများ ကို ၄င်း၏ ပဲ့ထိန်းဒုံးပျံ များဖြင့် တိုက်ခိုက်နိုင်ရေး ရည်ရွယ်၍ အဆိုပါ သဏ္ဍာန်တူ လေ့ကျင့်မှု ကို ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း အမေရိကန် တာဝန်ရှိ သူများက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံသည် ၄င်း၏ တိုက်ချင်းပစ် ဒုံးပျံအား စမ်းသပ် ပစ်လွှတ်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်း



၈-၄-၂၀၁၃

အမေရိကန် နိုင်ငံသည် လာမည့် ရက်သတ္တပတ် အတွင်း၌ Minuteman 3 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးပျံကို ကယ်လီဖိုးနီးယား ပြည်နယ်မှ စမ်းသပ် ပစ်လွှတ်ရေး အစီအစဉ်ကို ရွှေ့ဆိုင်း ခဲ့ကြောင်း ဧပြီလ ၇ ရက်နေ့ NEWS now သတင်းတစ်ပုဒ် အရ သိရသည်။

မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အဆိုပါ ဒုံးပျံကို ကြားဖြတ် တိုက်ခိုက် နိုင်ဖွယ် ရှိမှုကြောင့် အဆိုပါ ဒုံးပျံ စမ်းသပ်ရေး အစီအစဉ်ကို မေလ အထိ ရွှေ့ဆိုင်း ခဲ့ကြောင်း အမေရိကန် စစ်ဘက် အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ အမေရိကန် နိုင်ငံသည် အဆိုပါ ဒုံးပျံ စမ်းသပ်မှုကြောင့် တင်းမာမှုများ ပိုမို မြင့်မား လာဖွယ်ရှိမှု အခြေအနေ ကို ရှောင်းရှား လိုလျက် ရှိကြောင်းလည်း ၄င်းက ပြောကြား ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံပိုင် ဂူအမ်ကျွန်း ကို တိုက်ခိုက် နိုင်သည့် ဒုံးပျံ ၂ စင်းကို ဧပြီလ ၅ ရက်နေ့တွင် ဒုံးလွှတ်စင် ပေါ်သို့ ရွှေ့ပြောင်း တပ်ဆင် ခဲ့ကြောင်း ၊ မြောက်ကိုရီးယား ရှိ နိုင်ငံခြား သံရုံးများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး ကြိုတင် စီစဉ်ထားရန် အကြံပြု ထားကြောင်း နှင့် မြောက်ကိုရီးယား ကြည်းတပ် သည် အမေရိကန် နိုင်ငံကို နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ရေး အပါအ၀င် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေး ခွင့်ပြုချက် ရရှိထားကြောင်း သိရှိရသည်။

လူကုန်ကူးခံရသူများအား စောင့်ရှောက်ပေးရေးဆိုင်ရာ ဆင့်ပွား သင်တန်းဆင်းပွဲ ကျင်းပ



တာချီလိတ် ၊ ၈-၄-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့မှ ကြီးမှူး ဖွင့်လှစ်သည့် လူကုန်ကူး ခံရသူ များအား ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ ဆင့်ပွား သင်တန်း ဆင်းပွဲ အခမ်းအနား ကို ဧပြီလ ၄ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် တာချီလိတ် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား သို့ ခရိုင် / မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ များ ၊ ဖိတ်ကြား ထားသော ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင် ဒုရဲမှူး ယဉ်ယဉ်အေး နှင့် တာဝန် ရှိသူများ ၊ ခရိုင် ၄ ခရိုင်နှင့် မြို့နယ် ၉ မြို့နယ် မှ အမျိုးသမီး ရေးရာ အဖွဲ့ဝင် သင်တန်းသူ ၂၅ ဦး တို့ တက်ရောက် ကြသည်။

အစီအစဉ်အရ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေ မှ သင်တန်းဆင်း အမှာစကား ပြောကြား ခဲ့ပြီးနောက် သင်တန်း နည်းပြများအား တာဝန်ရှိသူ တို့မှ အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ပေးအပ် ခဲ့ပြီး သင်တန်းဆင်း လက်မှတ် များအား ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ မှ ပေးအပ်ရာ သင်တန်းသူ များ ကိုယ်စား တာချီလိတ် ခရိုင် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်း မှ လက်ခံ ရယူ ခဲ့ကြောင်း သိရှိရသည်။

လူငယ်များ နှင့် သတိပြုဖွယ် HIV ရောဂါပိုး ကူးစက်မှု



၈-၄-၂၀၁၃

အမေရိကန် ပြည်ထောင်စု တွင် လူငယ် ထက်ဝက်ကျော် သည် HIV ရောဂါပိုး ကူးစက်ခံ နေရပြီး ၄င်းတို့သည် အဆိုပါ ရောဂါပိုး ကူးစက်ခံ နေရသည်ကို သတိမမူ မိကြပေ။ HIV ရောဂါပိုး ကူးစက် ခံရသည့် အသက် ၁၃ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် အရေအတွက် သည် ယင်း ရောဂါပိုး ကူးစက်ခံ ရသူ စုစုပေါင်း ပမာဏ၏ ၂၆ ရာခိုင်နှုန်း ရှိကြောင်း အမေရိကန် AIDS ရောဂါ တားဆီး ကာကွယ်ရေး မှ ထုတ်ပြန် ထားကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု တွင် လစဉ် လူငယ် ၁၀၀၀ သည် HIV ရောဂါပိုး ကူးစက်ခံ နေရပြီး ကုသမရသည့် အဆိုပါ ရောဂါပိုးအား အသက်ရှင်စဉ် အတောအတွင်း ကုသမည် ဆိုပါက အမေရိကန် ဒေါ်လာ ၄ သိန်း ကုန်ကျဖွယ် ရှိသည်။ AIDS ရောဂါ အဖြစ်သို့ ရောက်ရှိ သွားနိုင်ပြီး အစောတလျင် အသက် ဆုံးရှုံး သွားနိုင်ဖွယ် ရှိကြောင်း AIDS ရောဂါ တားဆီး ကာကွယ်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သောမတ်စ် ဖရိုင်ဒန်း က ပြောကြား ထားသည်။ အဆိုပါ အချက်မှာ ကြောက်မက်ဖွယ် ကောင်းပြီး လူငယ်များ အတွက် စိုးရိမ်ဖွယ်ရာ တစ်ခုပင် ဖြစ်သည်။

လူငယ်များအကြား HIV ရောဂါပိုး ကူးစက် ခံရမှုမှာ ယခုနှစ်အတွင်း ပိုမို တိုးမြင့် လာလျက်ရှိပြီး ကျန်းမာရေး အာဏာပိုင် များက HIV ရောဂါပိုး အကြောင်း သိကောင်းစရာ အဖြစ် ပညာပေး ဟောပြော ပို့ချ ထားသည့် အထက်တန်း ကျောင်းမှ ကျောင်းသား ၂၂ ရာခိုင်နှုန်း ကို ယင်း ရောဂါပိုး ရှိ- မရှိ မကြာခဏ စစ်ဆေး ပေးလျက် ရှိသည်ကို တွေ့ရသည်။

အလားတူ နိုင်ငံ အတွင်းရှိ အသက် ၁၈ နှစ်မှ ၂၄ နှစ် အတွင်းမှ လူငယ် ၃၅ ရာခိုင်နှုန်း ကိုလည်း HIV ရောဂါပိုး ရှိ - မရှိ စမ်းသပ် စစ်ဆေးလျက် ရှိကြောင်း ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာနက ပြောကြား ထားသည်။ HIV ရောဂါပိုး ကူးစက်မှုနှုန်း မြင့်မား လာရသည့် အကြောင်းရင်းမှာ လူငယ်များ အကြား လိင်တူ ဆက်ဆံမှုများ ပိုမို များပြား လာခြင်း အတွက် ဖြစ်ကြောင်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်သူ ဒေါက်တာ ဖန်တန် က ထောက်ပြ ထားသည်။ အထက်တန်း များတွင်လည်း လိင်တူ ဆက်ဆံသူများ ၊ လိင်မဆက်ဆံမီ မူးယစ် ဆေးဝါး သုံးစွဲမှု နှင့် ခန္ဓာကိုယ် အတွင်းသို့ မူးယစ်ဆေး ထိုးသွင်းသူများ များလာသည်ကို လေ့လာ တွေ့ရှိရကြောင်း ၊ လိင် ဆက်ဆံသူ အများစုမှာ အကာအကွယ် ပစ္စည်း များကို အသုံး မပြုကြသောကြောင့် HIV ရောဂါပိုး ကူးစက်မှုနှုန်း မြင့်မား လာခြင်း ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လူငယ်များ အနေဖြင့် HIV ရောဂါပိုး ကူးစက်ခြင်း မခံရ စေရန် အသိတရား ဖြင့် ဆင်ခြင် ကျင့်ကြံသင့်ပြီး ရောဂါပိုး ကူးစက်ခံရ သူများ အနေဖြင့်လည်း မိမိကိုယ်ကို ဂရုတစိုက် နှင့် စားသောက် နေထိုင်းခြင်း ၊ ကိုယ်လ်က လှုပ်ရှားမှု ပြုလုပ်ခြင်း နှင့် စိတ်ဓာတ် ကြံ့ခိုင်မှု ရှိအောင် နေထိုင်ပါက ကူးစက်မှု အဆင့်ကို ထိန်းချုပ် ထားနိုင်ကြောင်း ၊ မိမိ၏ ဇနီး နှင့် ခင်ပွန်း ထံသို့လည်း မကူးစက် နိုင်ကြောင်း ဖြင့် ကြိုတင် ကာကွယ်မှု ပြုနိုင်ရန် ရေးသား လိုက်ရပါသည်။

( မျိုးသူထက် )

မြ၀တီနေ့စဉ်သတင်းစာ (၈-၄-၂၀၁၃)


Download = DocStoc
Download = Scribd



Sunday, April 7, 2013

ထူးခြားဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ



၇-၄-၂၀၁၃

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းမှ ဗုဒ္ဓ အံတော် တစ်ဆူ၏ အရွယ်အစား သည် ဆက်လက် ကြီးထွားလျက် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိ သူများက ပြောကြား ထားသည်။ ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် များသည် အရှည် ၂ လက်မခန့်ရှိ ဗုဒ္ဓအံတော် အား ဖူးမြော် ကြည့်ရှုရန် စုဝေး ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ဓာတ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏ အံတော် ဖြစ်ပြီး အရွယ်အစား မှာ ပျမ်းမျှ အားဖြင့် လူ့သွား တစ်ချောင်း၏ လေးဆခန့် ရှိသည်။ ၄င်း ရှေးဟောင်း ဗုဒ္ဓ မွေတော်သည် ထူးခြား ဆန်းကြယ်သော စွမ်းအင်မျိုး ရှိသည်ဟု ယူဆရပြီး လက်ရှိတွင် ၄င်းအံတော်သည် ဆက်လက် ကြီးထွားလျက် ရှိကြောင်း Lu Mountain ဘုန်းတော်ကြီး ကျောင်းရှိ ဘုန်းတော်ကြီး တစ်ပါး ဖြစ်သူ သောမတ်မိုင်ယာ က ပြောကြား ထားသည်။

ဖော်ပြပါ ဗုဒ္ဓအံတော် သည် သက်တမ်း အားဖြင့် နှစ်ပေါင်း ၂၅၀၀ ခန့်ရှိပြီး ၄င်း အံတော်အား ဆံတော် တစ်ဆူ အပါအ၀င် အခြားသော ဓာတ်တော် မွေတော် များနှင့်အတူ အပူဇော်ခံ ပြသထားသည် ဟုလည်း ဘုန်းတော်ကြီး သောမတ်မိုင်ယာ က ပြောကြားကြောင်း သိရှိရသည်။

စိတ်ဖိစီးမှုများသည် အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားနိုင်ဖွယ်ရှိ



၇-၄-၂၀၁၃

မကြာခဏ စိတ်ဖိစီးမှု များခြင်းသည် ဦးနှောက်ပိုင်း ဆိုင်ရာ ထိခိုက်မှု အန္တရာယ် ကို မြင့်တက် စေနိုင်ကြောင်း သုတေသန ပညာရှင် များက သတိပေး ပြောကြား ထားသည်။ လူတစ်ဦး သည် ထပ်တလဲလဲ တိုက်ခိုက် ခံရခြင်း သို့မဟုတ် သောက ဗျာပါဒ များလာပါက ဦးနှောက် အတွင်းတွင် ဟော်မုန်းဓာတ် ဖိစီးမှု မြင့်တက် လာသည်ကို သုတေသန ပညာရှင် များက လေ့လာ တွေ့ရှိခဲ့သည်။

ဟော်မုန်း ဓာတ်သည် ကာလရှည် မြင့်တက် လာပါက အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွား စေနိုင်ကြောင်း ဆွီဒင် နိုင်ငံ Umea တက္ကသိုလ် မှ ပါရဂူဘွဲ့ အတွက် သုတေသန ပြုလုပ် နေသူ ဆာရာ ဘန်တက်ဆွန် က ကြွက်များတွင် စမ်းသပ်မှု ပြုလုပ် ပြီးနောက် တွေ့ရှိခဲ့သည်။ ထိုသို့ လေ့လာ စမ်းသပ်မှု ပြုလုပ်ရာတွင် ဟော်မုန်း ဓာတ် မြင့်မားသော ကြွက်များ၏ ဦးနှောက် အတွင်းတွင် မှတ်ဥာဏ်များ ပျက်စီး နေသည်ကို တွေ့ရှိခဲ့သည်။ အယ်လ်ဇိုင်းမား ရောဂါ ခံစား နေရသူ များ၏ ဦးနှောက် အတွင်း၌ B - amyloids ပရိုတိန်းဓာတ် တစ်မျုးကို တွေ့ရပြီး ၄င်း ပရိုတိန်း ဓာတ် ပါဝင်မှု အဆင့် မြင့်မား လာခြင်းသည် အာရုံကြော ဆဲလ်များ ကြားတွင် ဆက်စပ်မှု ရှိနေသည်ကို သုတေသီ များက တွေ့ရှိခဲ့သည်။ ထို့ကြောင့် အာရုံကြောဆဲလ် တစ်ခုနှင့် တစ်ခုကြား အာရုံ ဖျက်ဆီးမှု လျော့ချ ခြင်းသည် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားမှု နှင့် ဆက်စပ် နေသည့် မှတ်ဥာဏ် စွမ်းအား လျော့ကျမှု နှင့် စိတ်ပိုင်း ဆိုင်ရာ ပြဿနာ ရပ်များကို ဖြစ်ပေါ် စေနိုင်သည်ဟု ပညာရှင် များက ယူဆ ထားသည်။

တာရှည် စွဲကပ် နေသော စိတ်ဖိစီးမှု များ မှတ်ဥာဏ် လျော့ကျမှုများ နှင့် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားမှု များကြားတွင် ဖြစ်နိုင်ချေ ရှိသော ဆက်စပ်မှု တစ်ခုကို အချို့သော သုတေသီ များက မီးမောင်း ထိုးပြကြပြီး ယင်းကဲ့သို့ သော ဆက်စပ်မှု များကို ပြည့်ဝစွာ စစ်ဆေး တွေ့ရှိ နိုင်စေရန် လေ့လာ စမ်းသပ်မှု များကို ထပ်မံ ပြုလုပ်လျက် ရှိသည်။

အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွား နိုင်သည့် အခြေခံ အကြောင်းအရင်း များကို ကောင်းစွာ သဘောပေါက် နားလည်မည် ဆိုပါက ၄င်းရောဂါ ဖြစ်ပွားမှု အန္တရာယ် ကို လျော့ချ ပေးနိုင်မည့် နေထိုင် စားသောက်မှု ပုံစံပြောင်း လဲမှုများ ကို ပြုလုပ်ကြရန် လူအများအား အသိပေး ပြောကြား နိုင်မည် ဖြစ်သည်။ အယ်လ်ဇိုင်းမား ရောဂါသည် ဦးနှောက်ပိုင်း ဆိုင်ရာ ထိခိုက်မှု များကြောင့် အများဆုံး ဖြစ်ပွား နိုင်သလို အိပ်ရေးဝအောင် အိပ်စက်ခြင်း မရှိသူ များသည် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားမှု၏ ပထမဆုံးသော လက္ခဏာ များအနက် တစ်ခု အပါအ၀င် ဖြစ်နိုင်ဖွယ် ရှိကြောင်း ၊ ဗြိတိန် နိုင်ငံတွင် လူဦးရေ သန်းထက်ဝက် ခန့်သည် ၄င်းရောဂါ ဝေဒနာ ကို ခံစား နေရကြောင်း ၊ ၄င်းရောဂါ ဝေဒနာကို ဟန့်တား နိုင်သည့် ကုထုံးသစ် များ အဆောတလျင် လိုအပ်ကြောင်း သုတေသန ပညာရှင် များက အကြံပြု ပြောကြား ထားသည်။

( တီအက်စ်လှိုင် )

မြ၀တီနေ့စဉ်သတင်းစာ (၇-၄-၂၀၁၃)


The Myawady Daily (7-4-2013) -

View and Download = DocStoc



Saturday, April 6, 2013

ကျောက်တော် - ပုဏ္ဏားကျွန်း ရထား နောက်ဆုံးတွဲ လမ်းချော်


ကျောက်တော် ၊ ၆-၄-၂၀၁၃

ရခိုင်ပြည်နယ် အတွင်း မြန်မာ့ မီးရထား ပို့ဆောင်ရေး ဌာနမှ ကျောက်တော် - ပုဏ္ဏားကျွန်း ရထား လမ်းပိုင်းတွင် ကျောက်တော်မှ ပုဏ္ဏားကျွန်း ၊ ပုဏ္ဏာန်းကျွန်း မှ ကျောက်တော် သို့ အသွား အပြန် ခရီးစဉ် များအား နံနက် ၇ နာရီခွဲ နှင့် မွန်းလွဲ ၂ နာရီ အချိန် များတွင် ပုံမှန် ပြေးဆွဲ ပေးလျက် ရှိသည်။ ထိုသို့ ပြေးဆွဲနေစဉ် ဧပြီလ ၄ ရက်နေ့ တွင် ကျောက်တော် မှ ပုဏ္ဏာန်းကျွန်း သို့ ထွက်ခွာ လာသော ရထား စက်ခေါင်း အမှတ် RBG -834 သည် နံနက် ၁၀ နာရီခန့်၌ ပုဏ္ဏားကျွန်း ဘူတာ သို့ မရောက်မီ ဂူဝဘုရား အနီး မိုင်တိုင် အမှတ် ၆/၇-၈ အရောက်၌ ရထားတွဲ လမ်းချော်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ထိုသို့ ရထားလမ်း ချော်မှုကြောင့် ၄င်းတွဲတွင် စီးနင်း လိုက်ပါ လာသူများ အနည်းငယ် ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ပြီး တာဝန်ရှိ သူများမှ ပုဏ္ဏာန်းကျွန်း မြို့ ပြည်သူ့ ဆေးရုံသို့ တင်ပို့၍ အပြင်လူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိကြောင်း နှင့် အဆိုပါ ရထားတွဲအား ပုဏ္ဏားကျွန်း မြို့နယ် ရထား ဘူတာရုံမှ ရုံပိုင်ကြီး ဦးဝင်းလှိုင်ထွန်း နှင့် အဖွဲ့တို့မှ သံလမ်းပေါ် ပြန်လည် ရောက်ရှိရေး အတွက် ရထားသံလမ်း များအား ပြုပြင်လျက် ရှိကြောင်း သိရှိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ မြေလျော်ကြေး ပေးအပ်ပြီးစီးမှု




မုံရွာ ၊ ၆-၅-၂၀၁၃

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံစာ ထွက်ပြီးနောက် မြေလျော်ကြေး ငွေများအား ၂၀၁၃ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ စ၍ ပေးအပ်ခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ တွင် ဆားလင်းကြီးမြို့ ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၊ ငွေသာ ခန်းမ၌ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းစိန် ၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး နှင့် မွေးမြူရေး ၀န်ကြီး ဦးစောမြင့်ဦး ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်း ၊ ဦးအောင်ဇော်ဦး တို့ပါဝင်သော အဖွဲ့၏ ကြီးကြပ်မှု ဖြင့် မြို့နယ် မြေယာ လျော်ကြေး ပေးချေရေး အဖွဲ့ ခေါင်းဆောင် ဦးကျော်သောင်း နှင့် အဖွဲ့က လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ဧရိယာ အတွင်း ပါဝင်သော တောင်သူ များ၏ လယ်ယာမြေ များအား လျော်ကြေးငွေများ ပေးအပ်ခဲ့ရာ စုစုပေါင်း တောင်သူ ၇ ဦး၏ လယ်ယာမြေ ၁၇ ဒသမ ၈၁ ဧက အတွက် လျော်ကြေးငွေ ကျပ် ၁၇၈၁၀၀၀၀ ( ကျပ် တစ်ရာ့ခုနှစ်ဆယ် ရှစ်သိန်းကျော် ထုတ်ပေး ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ အထိ မြေလျောကြေး ပေးအပ် ပြီးစီးမှု အခြေအနေမှာ ကွင်းပေါင်း ၁၆ ကွင်း တွင် တောင်သူ ၅၇၇ ဦး၏ လယ်ယာမြေ ၁၇၇၁ ဒသမ ၅၂ ဧက အတွက် လျော်ကြေးငွေ စုစုပေါင်း ကျပ် ၁၈၂၁၂၉၅၀၀၀ ( ကျပ် တစ်သောင်း ရှစ်ထောင် နှစ်ရာ တစ်ဆယ့် နှစ်သိမ်းကျော် ) ပေးအပ်ပြီး ဖြစ်ကြောင်း နောက်ရက် များတွင်လည်း ဆက်လက် ပေးအပ် သွာမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၆-၄-၂၀၁၃)


The Myawady Daily (6-4-2013) -

Download = DocStoc
Download = Minus




Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger